မြန်မာမင်းများလက်ထက်တွင် တိုင်းသူပြည်သားတို့သည် “ကြီးသောအမှုငယ်စေ၊ ငယ်သေးအမှုပပျောက်စေ”ဟူသော မူကို လက်ကိုင်ထားကြသဖြင့်၊ အမှုအခင်းနည်းပါးသည်။ “ထောင်” ဟူ၍ ပြောပလောက်အောင်မရှိချေ။ မင်းနေပြည်တော်များ၌သာ ထောင်ရှိသည်။ နောင်အခါထောင်မရှိသော မင်းနေပြည်တော်သည် အင်္ဂါမစုံဟု အပြောအဆိုများရှိလာသည်။

ဗြိတိသျှလက်အောက်ကိုလိုနီဘဝသို့ရောက်လာသောအခါတွင်ကား အသားဖြူ၊ အသားမည်း၊ အသားဝါလူမျိုးခြားများမြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာကြသည်။ အမှုအခင်းများပြားလာသည်။ နိုင်ငံတစ်ဝန်းရှိခရိုင်မြို့ကြီးများတွင် ထောင်များပေါ်ပေါက်လာသည်။

နိုင်ဝင်ဘာ ၂ဝဝဝ ပြည့်နှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဝေသော "ပြည်ထဲရေးဝန်ကြီးဌာနသမိုင်းမှတ်တမ်းနှင့် စွမ်းဆောင်ချက်များ" စာအုပ်တွင် ကိုလိုနီခေတ်မြန်မာနိုင်ငံတစ်ဝန်းရှိ ထောင်များစာရင်းကို ဖော်ပြထားသည်။ ကိုလိုနီခေတ် ၁၈၂၇ - ခုမှ ၁၉၃၃ - ခုအထိ (၁ဝ၆) နှစ်ကာလအတွင်း ထောင်ပေါင်း(၂၂) ထောင်ရှိသည်ကိုတွေ့ရသည်။ နှစ်အလိုက်တည်ထောင်သော ထောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၈၂၇ - ခု စစ်တွေထောင်
၁၈၃ဝ - ခု သံတွဲထောင်
၁၈၃၁ - ခု မော်လမြိုင်ထောင် (ယခင်ထောင်ဟောင်း)
၁၈၆ဝ - ခု ရန်ကုန်ထောင် (ယခုဖျက်သိမ်းပြီး)
၁၈၆၇ - ခု မြိတ်ထောင် 
၁၈၆၉ - ခု သရက်ထောင်
၁၈၇၂ - ခု ထားဝယ်ထောင်
၁၈၇၇ - ခု ပေါင်းတည်ထောင်
၁၈၈၅ - ခု တောင်ငူထောင်
၁၈၈၆ - ခု ကျောက်ဖြူထောင်
၁၈၈၉ - ခု ရွှေဘိုထောင်
၁၈၉ဝ - ခု မိတ္ထီလာထောင်နှင့် ပြည်ထောင်
၁၈၉၂ - ခု အင်းစိန်ထောင်နှင့် မြင်းခြံထောင်
၁၈၉၄ - ခု ညောင်ဦးထောင်
၁၈၉၅ - ခု ပခုက္ကူထောင်နှင့် သထုံထောင်
၁၉ဝ၇ - ခု မုံရွာထောင်
၁၉ဝ၉ - ခု ဖျာပုံထောင်
၁၉၂၄ - ခု သာယာဝတီထောင် - နှင့်

၁၉၃၃ – ခု ကျိုင်းတုံထောင် – စုစုပေါင်း (၂၂) ထောင်ဖြစ်သည်။

“ပြည်ထဲရေးဝန်ကြီးဌာနသမိုင်းမှတ်တမ်း” တွင် ” ဟာကွက်” အနည်းငယ်ရှိသည်။ သမိုင်းအထောက်အထားရှားပါးမှုကြောင့်လည်းကောင်း၊ သုတေသနပြုရာတွင် အားနည်းသောကြောင့်လည်းကောင်းဖြစ်ပေမည်။ ကျိုက္ခမီထောင်နှင့် မော်လမြိုင်ထောင် (၃) ထောင်အကြောင်းကို ဖော်ပြုမထားခြင်းသည် “ဟာကွက်” ပင်ဖြစ်သည်။06-copy

၆ ဧပြီ ၁၈၂၆ တွင် ကျိုက္ခမီကို အမ်းဟတ် (Amherst) ဟု အမည်ပြောင်း၍ တနင်္သာရီတိုင်း၏ မြို့တော်အဖြစ်သတ်မှတ်ခဲ့သည်။ ကျိုက္ခမီသည် ထိုအချိန်မှ စ၍ ဧပြီလကုန် ၁၈၂၉ – အထိ (၃) နှစ်ကျော်ကြာ တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်ခဲ့သည်။ ထို (၃) နှစ်ကျော်ကာလအတွင်း ကျိုက္ခမီတွင် “ထောင်”ရှိခဲ့သည်။ စကလူးနာ (E.C.Secluna) သည်။ ကျိုက္ခမီထောင်ပိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထောင်ပိုင်တာဝန်ထမ်းဆောင်စဉ် ကျိုက္ခမီ၏ ကွမ်းတောင်ကိုင် မွန်အမျိုးသမီးမလွန်းတင်နှင့် အကြောင်းပါရာ၊ သားသမီး (၆) ဦးထွန်းကားခဲ့သည်။

ဗြိတိသျှတို့ တနင်္သာရီတိုင်းကို စတင်အုပ်စိုးစဉ်က တနင်္သာရီတိုင်းသည် လူနေကျဲသဖြင့် လုပ်သားရှားပါးသည်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်သောအခါ အလုပ်သမားခကြီးမြင့်သဖြင့် အခက်အခဲနှင့် ရင်ဆိုင်ရသည်။ လယ်သမားများကို ချွေးတပ်ဆွဲပြီး ခိုင်းစေသောအခါတွင်လည်း၊ စိုက်ပျိုးရေးဘက်တွင် လစ်ဟာသွားပြီး၊ သီးနှံထွက်နှုန်းကျဆင်းသွားပြန်သည်။

ထိုကြောင့် ၁၈၂၈ – ခု တွင် အိန္ဒိယပြည်ဘင်္ဂလားနယ်မှ ထောင်သားများကို မော်လမြိုင်သို့ ခေါ်ယူ၍ တနင်္သာရီတိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ခိုင်းစေရန် ဆုံးဖြတ်သည်။ ဇန်နဝါရီ ၁၈၃ဝ တွင် ဘင်္ဂါလီထောင်သားပထမအသုတ် မော်လမြိုင်သို့ ရောက်ရှိလာသည်။ ၁၈၂၉ – ခုအတွင်း မုပွန်နယ်မြေသရက်ကုန်းရပ်ကွက်တွင် ဘင်္ဂါလီထောင်သားများ ချုပ်နှောင်ရန်ထောင်ကို ကမန်းကတန်းဆောက်လုပ်ရသည်။ ထောင်သား (၈ဝဝ) ချုပ်နှောင်နိုင်သော သရက်ကုန်းထောင်ဆောက်လုပ်ရာတွင် ရူပီးငွေ (၄၃ဝဝ) ကုန်ကျသည်။

သရက်ကုန်းထောင်သည် မော်လမြိုင်ထောင် (၃)ထောင်အနက် ပထမဆုံးထောင်ဖြစ်သည်။ “အလံနီသခင်စိုးကြီး” ဇာတိချက်မြှုပ်နှင့် မိုင်ဝက်ခန့်အကွာတွင်ရှိသည်။ ထောင်တည်ဆောက်စက ထောင်တွင်းအဆောင်များမှာ ဓနိမိုးသစ်သားကာ အဆောက်အဦများသာဖြစ်သည်။ ထောင်ပတ်ပတ်လည်တွင် သစ်တပ်များကာရံထားသည်။ ၁၈၃၁ ခုသို့ ရောက်သောအခါ လုံခြုံရေးပိုမိုကောင်းမွန်လာစေရန် ထောင်ကို သစ်တပ်အစား အုတ်တံတိုင်းဖြင့် ကာရံသည်။ ထောင်ကို နေ့ခင်းတွင် ထောင်အမှုထမ်းများက စောင့်ရှောက်၍ ညပိုင်းတွင် စစ်တပ်က စောင့်ရှောက်သည်။

ထောင်အမှုထမ်းနှင့် ထောင်သားများ (၁)နှစ်ပတ်လုံး သောက်သုံးရေဖူလုံစေရန် ထောင်၏အလယ်ဗဟိုတွင် ရေကန်ကြီး (၁)ကန် တူးဖော်ထားသည်။ ရေကန်ကို သဲကျောက် (Sand Stone) များရှိရာတွင် တူးဖော်ထားသဖြင့် ရေစိမ့်ထွက်ခြင်းမရှိချေ။ ထိုရေကန်ကြီးယခုထက်တိုင်ရှိသည်။

ထိုစဉ်က သရက်ကုန်းထောင်တွင် ဘင်္ဂါလီထောင်သားများကိုသာထားရှိ၍ တိုင်းရင်းသားထောင်သားများကို ကျိုက္ခမီထောင်တွင်ထားသည်။ ၁၈၄၀ ခုသို့ရောက်သောအခါ ထောင်သားဦးရေသည် တစ်စတစ်စ တိုးပွားလာသည်။ ထိုအခါသရက်ကုန်းထောင်ကို တိုးချဲ့ရန် သို့တည်းမဟုတ် အခြားတစ်နေရာတွင် ထောင်အသစ်တည်ထောင်ရန် စဉ်း စားလာရသည်။ နောက်ဆုံးတွင် ၁၈၄၀ ခု၌ သရက်ကုန်းထောင်ကို ဖျက်သိမ်း၍ ရွှေတောင်ရပ်ထောင်ကို တည်ဆောက်သည်။

သရက်ကုန်းထောင်ကို ဖျက်သိမ်းပြီး ကာလအတန်ကြာသောအခါ လူသူမနေသော ထောင်ဟောင်းဝင်းကြီးကို အလေ့ကျပင်များနှင့် ခြုံနွယ်များက ဖုံးလွှမ်းသွားသည်။ အဟောသိကံဖြစ်သွားသည်။ ထောင်ဖျက်သိမ်းသည့် ၁၈၄၀ ခုမှ နှစ် (၈၀)ခန့်အကြာ ၁၉၁၉ ခုတွင် ဦးဖိုးခင်၊ ဦးစံဖြော်၊ ဦးပန်းညို၊ ဦးတုပ်၊  ဦးသာအင်း၊ ဦးခိုင်နှင် ဦးညှင်း (၇)ဦးသော ကျောင်းဒါယကာတို့က ထောင်ဟောင်းဝင်းအတွင်းရှိ ၄.၅၂၆ ကျယ်ဝန်းသော မြေကို ဘုန်းကြီးကျောင်းနှင့် ဇရပ်ဆောက်ရန် သာသနာရေး သာသနာမှုဂရန်လျှောက်ထားခဲ့ကြသည်။ ထိုစဉ်က မော်လမြိုင်အရေးပိုင်ဖြစ်သူ ဘရောင်း (R.R. Brow I.C.S) က ၃ နိုဝင်ဘာ ၁၉၁၉ တွင် သာသနာ့ဂရန်ကို လက်မှတ်ရေးထိုးချထားပေးခဲ့သည်။

၁၉၂၂ ခု သို့ရောက်သောအခါ ကျောင်းဒါယကာ ဦးသာဦးက ထောင်ဟောင်းဝင်းအတွင်း ကျန်ရှိနေသေးသော မြေ .ဝ၅၈ ဧကကို သိမ်ဆောက်ရန် ထပ်မံလျှောက်ထားသည်။ ထိုစဉ်က မော်လမြိုင်အရေးပိုင်ဖြစ်သူ စမစ် (W.J Smyth I.C.S)က ၁၆ ဇန်နဝါရီ ၁၉၂၂ တွင် သာသနာ့ဂရန်ချထားပေးသည်။
ဘုန်းကြီးကျောင်းမြေ၊ ဇရပ်မြေနှင့် သိမ်မြေစုစုပေ ါင်းသည် ၄.၅၈၄ ဧက ဖြစ်သည်။ ဤသို့ဖြစ် သရက်ကုန်းထောင်ဝင်း၏ အကျယ်အဝန်းကိုသိရသည်။ အင်းစိန်ထောင်ဝင်းသည် ဧက (၅၀)ကျယ်ဝန်းသည်။ ထို့ကြောင့်သရက်ကုန်းထောင်ဝင်းထက် (၁၁)ဆနီးပါးကျယ်ဝန်းသည်။

ယခုအခါသရက်ကုန်းထောင်ဟောင်းနေရာတွင် သံဃာတော်အပါး (၅၀)ကျော် သီတင်းသုံးရာ "ခေမာသီဝန်" စာသင်တိုက်ကြီး ပေါ်ထွန်းလျက်ရှိသည်ကို တွေ့ရသည်။

၂၀၁၅ ခု ပွင့်လင်းရာသီတွင် ကမ္ဘာလှည့်ခရီးသွားများ မော်လမြိုင်မြို့သို့ လာရောက်လည်ပတ်ခဲ့ကြသည်။ ခရီးသွားများအနက် "ပန်ချာပီ"တစ်စုသည် "ခေမာသီဝန်" ကျောင်းတိုက်သို့ လာရောက်ခဲ့ကြသည်။ ပန်ချာပီ တစ်ဦးက "ယခုဘုန်းကြီးကျောင်းနေရာတွင် ထောင်ရှိခဲ့ကြောင်း၊ မြေပုံတွင် အထင်အရှားတွေ့ရကြောင်း၊ ထိုထောင်၏ ပထမဆုံးထောင်ပိုင်မှာ၊ မိမိအဖိုး၏ အဖိုးြ ဖစ်ကြောင်း (အဖိုး၏ အဖိုးသည် "ဘီ" ဖြစ်သည်။) ပြောသွားသည်ဟု ကျောင်းဒါယကာများ၏ ပြန်ပြောင်းပြောပြချက်အရသိရသည်။

Leave a Reply