မေ ၁၈၂၉ တွင် မော်လမြိုင်သည် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်လာသည်။ မိန်းဂေး(A.D.Maingy) သည် မော်လမြိုင်တွင် ရုံးထိုင်သော ပထမဆုံးဝန်ရှင်တော်မင်းကြီးဖြစ်သည်။ မိန်းဂေးလက်ထက် ၁၈၂၉-ခုတွင် မော်လမြိုင်၏ ပထမဆုံးထောင်ဖြစ်သော မုပွန်ရပ်ကွက် သရက်ကုန်းထောင်ကို တည်ဆောက်သည်။ ၁၈၃ဝ- ခုတွင် အိန္ဒိယပြည်ဘင်္ဂလားနယ်မှ ထောင်သား(၄ဝဝ) ကို မော်လမြိုင်သို့ ပြောင်းရွှေ့၍ သရက်ကုန်းထောင်တွင် ချုပ်နှောင်ထားသည်။ ထောင်သားများသည် လမ်းဖောက်တံတားဆောက်ခြင်း၊ ပုဂ္ဂလိကလုပ်ငန်းများတွင် အလုပ်သမားအဖြစ်လုပ်ကိုင်ခြင်းနှင့် အိမ်စေအဖြစ် လုပ်ကိုင်ခြင်းစသော အလုပ်များကို လုပ်ကိုင်ကြသည်။16

မိန်းဂေးကိုဆက်ခံသော ဝန်ရှင်တော်မင်းကြီးမှာ ဘလန်ဒယ်(E.A.Blundell) ဖြစ်သည်။ ဘလန်ဒယ်လက်ထက် ၁၈၃၆-ခုတွင် မော်လမြိုင်၏ ဆန်စပါးလုပ်ငန်း ကျွန်းသစ်လုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတိုးတက်ဖွံ့ဖြိုးလာသည်။ ထိုအခါနိုင်ငံခြားသားအရင်းရှင်များ မော်လမြိုင်သို့ အလုအယက်ဝင်ရောက်လာကြသည်။ စက်ရုံအလုပ်များအပြိုင်အဆိုင်တည်ဆောက်ကြသည်။ ထိုအခါ လမ်းဖောက်ရေး၊ မြေညှိရေး၊ ဆောက်လုပ်ရေးတို့အတွက် အလုပ်သမားရှားပါးမှု ပြဿနာပေါ်ပေါက်လာသည်။ သရက်ကုန်းထောင်သား အလုပ်သမားအင်အားနှင့် အလုံလောက်တော့ချေ။ ထောင်သားများများ ဆန့်သော ကျယ်ကျယ်ဝန်းဝန်းရှိသော ထောင်ဆောက်လုပ်ရန်လိုအပ်လာသည်။

ထို႔ကြောင့် ၁၈၄ဝ ခုမှ ၁၈၅ဝ ခုအတွင် ရွှေတောင်ရပ်တွင် မော်လမြိုင်၏ ဒုတိယထောင်ကို အချိန်ယူ၍ အခိုင်အမာတည်ဆောက်သည်။ အုတ်တံတိုင်းကာရံထားသော ထောင်ဝင်းအတွင်း ထောင်သားများထားရန် နှစ်ထပ်အဆောင်များကို အုတ်ကျွတ်မိုး၊ အုတ်ကာ၊ သစ်သားခင်း၍ တည်ဆောက်သည်။ အသုံးပြုသော အုတ်အများစုမှာ၊ အုတ်အများစုမှာ ၊ အလျာ(၁၁) လက်မခွဲ၊ အနံ (၅) လက်မ၊ ထု(၃) လက်မရှိသော ဒေသထွက်အုတ်များဖြစ်သည်။ အုတ်ကျွတ်ကို ပြင်သစ်ပြည်တောင်ပိုင်း မာဆေး (Marseille) ဆိပ်ကမ်းမြို့မှ ယူအသုံးပြုသည်။ အဆိုပါအဆောင်များကို ယခုအခါ အ.ထ.က (၅) ကျောင်းဝင်းအတွင်းတွင် တွေ့မြင်နိုင်သည်။

အ.ထ.က (၅) သည် မူလက စိန့်ပက်ထရစ်ကျောင်း (St.Patrick) ဖြစ်သည်။ ၁၉၀၆ - ခုတွင် ရွှေတောင်ရပ်ထောင်ကို ဖျက်သိမ်းပြီးနောက်၊ သက်ဆိုင်ရာက ထောင်ဝင်းနှင့်တကွ အဆောက်အဦများကိုပါ စိန့်ပက်ထရစ်ကျောင်းသို့ လွှဲပြောင်းပေးခဲ့သည်။ တော်လှန်ရေးကောင်စီခေတ်တွင် စိန့်ပက်ထရစ်ကျောင်းကို ပြည်သူပိုင်သိမ်းပြီးနောက် အ.ထ.က (၅) အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အ.ထ.က(၅) ကျောင်းဝင်း၏ အရှေ့ဘက်တွင် အဝေးသင်တက္ကသိုလ်မော်လမြိုင်ဌာနခွဲ ဝင်းရှိသည်။ ထိုဝင်း၏ မြောက်ဘက်ပိုင်းတွင် ထောင်အဆောက်အဦဟောင်းများကို တွေ့ရသည်။ ကြိုးတိုက်များ၊ ကြိုးစင်၊ အလုပ်ရုံနှင့် ထောင်ပိုင်ကြီးအိမ်တို့ဖြစ်ကြသည်။ ကြိုးတိုက်များကိုအလုပ်သမားတန်းလျားများဆောက် လုပ်စဉ်က ဖြိုဖျက်ခဲ့ပြီးဖြစ်သည်။ ကြိုးစင်၏ အောက်ပိုင်းကား ယခုတိုင်တွေ့မြင်ရသေးသည်။ အလုပ်ရုံနှင့် ထောင်ပိုင်ကြီး အိမ်တို့မှ ယခုတိုင်ရှိသောသော်လည်း၊ ယိုယွင်းပျက်စီးစပြုနေပြီဖြစ်သည်။

” အဝေးသင်တက္ကသိုလ်မော်လမြိုင်ဌာနခွဲ ” ဝင်းသည် မူလကစိန့်ဂျိုးဇက်ကွန်ဗင့်ကျောင်း(St.Joseph’s Convent) ကျောင်းဝင်းဖြစ်သည်။ ၁၉ဝ၆ – ခုတွင် ရွှေတောင်ရပ်ထောင်ကို ဖျက်သိမ်းပြီးနောက် သက်ဆိုင်ရာက ထောင်ဝင်းနှင့်တကွ အဆောက်အဦများကို စိန့်ဂျိုးဇက် ကွန်ဗင့်ကျောင်းသို့ လွှဲပြောင်းပေးခဲ့သည်။ ကွန်ဗင့်ကျောင်းသည် တော်လှန်ရေးကောင်စီလက်ထက်တွင် ပြည်သူပိုင်သိမ်းခံရပြီး၊ မော်လမြိုင်တက္ကသိုလ်၏ ထိန်းသိမ်းမှုအောက်ရောက်ရှိသွားသည်။ ထိုဝင်းတွင် မွန်ပြည်နယ်ဒေသကောလိပ်ဖွင့်ခဲ့သေးသည်။

ထောင်ဝင်း၏မြောက်ဘက်ကပ်လျက်ရှိသော ဝင်းသည်မူလက၊ ထောင်သားများရာသီလိုက်ဟင်းသီးဟင်းရွက်များစိုက်ပျိုးသည့် "တောင်ယာ" (Jail Garden)  ဖြစ်သည်။ တောင်ယာ၏ နယ်နိမိတ်သည်  တောင်ဘက်တွင် ထောင်ဝင်း၊အနောက်ဘက်တွင် အထက်လမ်းမကြီး မြောက်ဘက်တွင် ကျိုက်သံလန်ဘုရားလမ်းနှင့် အရှေ့ဘက်တွင် မြေထဲကျောင်း၏ သာသနိကအဆောက်အဦများဖြစ်သည်။ ရွှေတောင်ရပ်ထောင်ကို ဖျက်သိမ်းပြီးနောက်တောင်ယာဝင်းအတွင်း အိန္ဒိယနွယ်ဖွား မိလ္လာသိမ်းသူများနေထိုင်ခဲ့သဖြင့်၊ မိလ္လာဝင်းဟု ခေါ်တွင်ခဲ့သည်။ ယခုအခါစည်ပင်ဝန်ထမ်းများ နေထိုင်ရာ"မာလာဝင်း" ဖြစ်လျက်ရှိ်သည်။

၁၈၆ဝပြည့်နှစ်အထိ ဗဟိုအကျဉ်းထောင်ဟူ၍ မော်လမြိုင်နှင့် ရန်ကုန်တွင်သာရှိခဲ့သည်။ ထိုထောင်များတွင်သာ သေဒဏ်ကျခံရသူထောင်သားများ ထားရှိ၍ ကြိုးပေးကွပ်မျက်ခဲ့သည်။ ရွှေတောင်ရပ်ထောင်တွင် ကြိုးတိုဘာနှင့် ကြိုးစင်တွေ့ရသည်ကို အထောက်အထားပြု၍ ထိုထောင်တွင် သေဒဏ်ကျခံရသော ထောင်သားများထားရှိခဲ့၍ ကြိုးပေးကွပ်မျက် မှုများရှိခဲ့ကြောင်း ထင်ရှားသည်။ နောက်ပိုင်းတွင် ရွှေတောင်ရပ်ထောင်၌ သေဒဏ်ကျခံရသော ထောင်သားများထားရှိသည်ကို မတွေ့ရတော့ချေ။

၃၁ ဒီဇင်ဘာ ၁၈၅၆ တွင် မော်လမြိုင်ရွှေတောင်ရပ်ထောင်တွင် (၁၄၆၄) ဦးနှင့် ကျိုက္ခမီထောင်တွင် (၃၁၄) ဦး၊ စုစုပေါင်းထောင်သား (၁၇၇၈) ဦး ရှိသည်ကိုတွေ့ရသည်။ ထောင်သားများတွင် အိန္ဒိယပြည်ဘင်္ဂလားနယ်၊ မဒရပ်နယ်၊ အနောက်မြောက်နယ်၊ မလေးကျွန်ဆွယ်၊ တရုတ်၊ တိုင်းရင်းသားနှင့် တိုင်းရင်းသားခရစ်ယာန် ဘာသာဝင်တို့ပါဝင်သည်။ လူမျိုးအလိုက်ထောင်သားဦးရေကိုဖော်ပြရသည်။ 
ဘင်္ဂလား - ၁၄၇၉ - ဦး
မဒရပ်    - ၆၅     - ဦး
အရှေ့အိန္ဒိယ - ၂၂ - ဦး
မလေး  - ၁ - ဦး
တရုတ် - ၈ - ဦး
တိုင်းရင်းသား - ၁၉၉ - ဦး
တိုင်းရင်းသား - ၄ - ဦး
ခရစ်ယာန် - ၄ - ဦး
စုစုပေါင်း     ၁၇၇၈ - ဦး
အပြစ်ရထောင်သားများကို (၄) မျိုး(၄) စားခွဲခြားထားသည်။ ပထမအမျိုးအစားကို သံခြေချင်းအလေးဆုံးခတ်၍ အလုပ်ကြမ်းလုပ်စေသည်။ 

ဒုတိယအမျိုးအစားကို ပေါ့သော သံခြေချင်းခတ်၍ သာမန်အလုပ်လုပ်စေသည်။ တတိယအမျိုးအစားကို သံခြေချင်းလုံးဝမခတ်ဘဲ သာမန်အလုပ်ကိုလုပ်စေသည်။ စတုတ္ထအမျိုးအစားမှာ ထောင်၏ ထိန်းသိမ်းမှုအောက်ရောက်ရုံးသားဖြစ်၍ အပြင်မိတ်ဆွေများထံလည်ပတ်ခွင့်ရှိသည်။

၁၈၆၅ - ခုတွင် ထောင်သားများကို အဆင့်(၆) ဆင့်ခွဲထားသည်။ ပထမအဆင့်တွင် တစ်သက်ကျွန်းကျသူများပါဝင်သည်။ ထောင်တွင်း(၁၆) နှစ်ကြာအပြစ်ဒဏ်ကျခံပြီးသူများဖြစ်သည်။ အကျင့်စာရိတ္တကောင်းမွန်ကြောင်းဝန်ရှင်တော်မင်းကြီး၏ ထောက်ခံချက်ရရှိသူများဖြစ်၍ စည်းကမ်းလိုက်နာသူများလည်းဖြစ်လျှင် ထိုသို့သော ထောင်သားများက ထောင်မှလွှတ်ပေးသည်။

ဒုတိယအဆင့်တွင် အကျင့်စာရိတ္တကောင်းမွန်၍ ထောင်သက်(၈) နှစ်ကျခံပြီးသူများဖြစ်သည်။ ထိုသို့သော ထောင်သားများကို "ထောင်ဘာယာ" ခန့်သည်။ ထောင်ဘာယာဆိုသည်မှာ ထောင်တွင်းညကင်းစောင့်သည့် ထောင်သားဖြစ်သည်။ ထောင်ဘာယာများကိုလစာပေးသည်။ လစာမှ တစ်လလျှင် တစ်ကျပ်မှ (၈) ကျပ်အထိ အမျိုးမျိုးအစားစားရှိသည်။ ထောင်ဘာယာများကို တစ်ခါတစ်ရံ တနင်္ဂနွေနေ့များတွင် ထောင်ပြင်ပသို့ ခေတ္တခဏထွက်ခွင့်ပေးသည်။

တတိယအဆင့်တွင် ထောင်ဒဏ် (၅) နှစ် ကျခံပြီးသူဖြစ်သည့်ပြင် စည်းကမ်းလိုက်နာသူများပါဝင်သည်။ ထိုသူတို့သည် ရရှိမြဲဝေပုံကျအစားအစာအပြည့်အစုံရရှိသည့်ပြင် တစ်လလျှင် (၁) ကျပ်အပိုငွေရသည်။

စတုတ္တအဆင့်တွင်  အပြစ်ကျအသစ်ရောက်လာသူထောင်သားအားလုံးပါဝင်သည်။ ထိုအဆင့်ထောင်သားအားလုံးကို သံခြေချင်းခတ်အလုပ်လုပ်စေပြီး၊ ထိုထောင်သားတို့၏  အခြေအနေကိုလေ့လာအကဲခတ်၍ အခွင့်အရေးတိုးပေးခြင်း၊ လျှော့ချခြင်းတို့ကိုပြုလုပ်သည်။ ပဉ္စမအဆင့်တွင် ခွေးမြီးကောက်ကျည်တောက်စွပ်ဆိုသကဲ့သို့၊ အကျင့်စာရိတ္တပြန်ကောင်းလာရန် အလားအလာမရှိဘဲ၊ ဆိုးသွမ်းမြဲဆိုးသွမ်းနေသူများပါဝင်သည်။ 

ဆဋ္ဌမအဆင့်တွင်  အားအင်ဆုတ်ယုတ်ချည့်နဲ့သူများ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများပါဝင်သည်။

မူအားဖြင့်ထောင်သားအာလုံးကို လူမျိုးဘာသာမခွဲခြားဘဲ တန်းတူရည်တူထားသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ဥရောပတိုက်သားများ၊ တရုတ်များနှင့် တိုင်းရင်းသားခရစ်ယာန်ဘာသာဝင်များက ပိုမိုကောင်းမွန်သော အစားအစာကိုစားရသည်။

၁၈၅၇ - ခုတွင်  ထောင်သားများကို ထောင်အသီးသီးသို့ ပို့ရာတွင်၊ တစ်သက်တစ်ကျွန်းကျသူများကို မော်လမြိုင်ထောင်သို့လည်းကောင်း၊  (၇) နှစ်ထောင်ဒဏ်ကျသူများကို ထားဝယ်သို့လည်းကောင်း၊ (၁၄) နှစ်ထောင်ဒဏ်ကျသူများကို မြိတ်ထောင်သို့လည်းကောင်းပို့ခဲ့သည်။ ကျိုက္ခမီထောင်တွင်မူ မော်လမြိုင်ထောင်မှ သက်ကြီးရွယ်အိုနာမကျန်းသူများကို ပေးပို့ထားရှိသည်။ မော်လမြိုင်မှ ထောင်သားများ၏ ဆေးရုံသဖွယ်ဖြစ်သည်။

၁၈၅၁ - ခုအထိ မော်လမြိုင်တွင် စိတ်ရောဂါကုဆေးရုံ (Hospital for the insane) မရှိသေးသဖြင့်၊ စိတ်ရောဂါသည်များကို ရွှေတောင်ရပ်ထောင်မှာပင် ထားခဲ့ရသည်။ နောက်အခါဒိုင်းဝန်ကွင်းအုတ်ဖိုလမ်းတွင် စိတ်ရောဂါကု ဆေးရုံဆောက်လုပ်သည်ကို တွေ့ရသည်။ ထိုစဉ်က စိတ်ရောဂါကုဆေးရုံကို အရူးထောင်ဟုခေါ်သည်။

၁၈၅၇ - ခု - မော်လမြိုင် ထောင်ပိုင်မှာ- ဗိုလ်ကြီးဟောက်တန် (Captan J.C.Haughton)၊ ထောင်မှူးကြီးမှာ ဖရက်ဒရစ်ဒရူး (Freolerick Drew) နှင့် ထောင်မှူးမှာ ဖယ်ရာဟတ် (James Fairhurst) တို့ဖြစ်ကြသည်။ ထိုစဉ်က ကျိုက္ခမီထောင်မှူးမှာ ဂျွန်ရော့ဇယ် (John Yoxall) ဖြစ်သည်။

ဗြိတိသျှအစိုးရသည် ဗမာလူမျိုးများကို တတ်နိုင်သမျှရှောင်၍ ထောင်မှူးခန့်သည်။ ထောင်ပိုင်ထောင်မှူးအများစုမှာ အင်္ဂလိပ်ဗမာကပြား အင်္ဂလိပ်အိန္ဒိယကပြား၊ အိန္ဒိယနိုင်ငံသားစစ်တို့သာဖြစ်သည်။ ထိုသို့လူမျိုးကွဲကို အုပ်ချုပ်စေခြင်းမှာ သွေးခွဲအုပ်ချုပ်ရေးပေါ်လစီ(Diside and Rule Policy) အရ ဖြစ်သည်။ ဗမာကို ဗမာချင်းပြန်အုပ်ချုပ်ခိုင်းလျှင် သက်ညှာမှုရှိမည်ကို စိုးရိမ်သည်။

Leave a Reply