၁၈၅၆-၅၇ ခုတွင် ဗိုလ်ကြီးမန်း (Captian Man)သည် ရွှေတောင်ရပ်ထောင်၏ ထောင်ပိုင်ဖြစ်လာသည်။ ဗိုလ်ကြီးမန်းက ထောင်သားများကို ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဦးစားပေး၍ စေခိုင်းသည်။ ဤသို့ဖြင့် ထောင်သားများအနက် အများစုသည် ကျွမ်းကျင်သော လက်သမားများ ဖြစ်လာကြသည်။

ml-jail

ထို့ပြင် ဗိုလ်ကြီးမန်းသည် ထောင်ဝင်းအတွင်း လက်သမားရုံကြီး တစ်ရုံတည်ဆောက်ပြီး၊ ထောင်သားများကို ပရိဘောဂပစ္စည်း လုပ်ကိုင်သော ပညာသင်ကြားပေးသည်။ ၁၈၅၆-၅၇ (၁)နှစ်အတွင်းမှာပင် ထောင်သားများ ထုတ်လုပ်သော ပရိဘောဂပစ္စည်းတန်ဖိုးမှာ (၆၁၈၄)ကျပ်၊ (၅)ပဲ၊ (၉)ပိုင် ရှိသည်ကိုတွေ့ရသည်။ လုပ်ငန်းတတ်မြောက်သော ထောင်သားများအဖို့ ထောင်မှ လွတ်သောအခါ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်မရှားတော့ချေ။

၁၈၆၀-၆၁ ခုတွင် မော်လမြိုင်၊ ကျိုက္ခမီ၊ ထားဝယ်နှင့် မြိတ်ထောင်များမှ တစ်သက်တစ်ကျွန်းကျ ထောင်သားများအနက် ထောင်မှ ထွက်ပြေးသူများပြားသည်။ အချို့ပြန်မိ၍  အချို့လွတ်မြောက်သွားသည်။

ထောင် ထွက်ပြေးသူ ပြန်မိသူ လွတ်မြောက်သူ
မော်လမြိုင်နှင့် ၃၀ ၁၈ ၁၂
ကျိုက္ခမီ
ထားဝယ် ၄ ၄ –
မြိတ် ၃ ၃ –
ထိုသို့ ထွက်ပြေးခြင်းမှာ တစ်သက်တစ်ကျွန်းကျ ထောင်သားများကို “ကိုကိုးကျွန်း”သို့ ပို့မည်ဟူသော သတင်းပေါ်ထွက်လာသောကြောင့် ဖြစ်သည်။ ကိုကိုးကျွန်းသည် ရန်ကုန်မြို့၏ အနောက်တောင်ထောင့် မိုင်(၂၆၀)ခန့်အကွာ ပင်လယ်အတွင်း၌ တည်ရှိသည်။ ကျွန်း၏အနေအထားမှာ တောင်နှင့် မြောက် (၇)မိုင်ခန့် ရှည်လျားသည်။ အရှေ့နှင့် အနောက် အကျယ်ဆုံးနေရာမှာ (၁)မိုင်ခွဲခန့်ရှိသည်။ ကျွန်း၏ အများစုကို ချုံနွယ်ပိတ်ပေါင်းနှင့် တောင်ကုန်းများက ဖုံးလွှမ်းလျက်ရှိသည်။ အချို့ကမ်းခြေများတွင် ကျောက်တောင်များရှိ၍ အချို့ကမ်းခြေများတွင် သဲတောင်များရှိသည်။

ကိုလိုနီခေတ်တစ်လျှောက်၊ မြန်မာနိုင်ငံမှ တစ်သက်တစ်ကျွန်းကျ ထောင်သားများကိုလည်းကောင်း အခြားထောင်သားများကိုလည်းကောင်း ကိုကိုးကျွန်းထောင်သို့ ပို့သည်ကို မတွေ့ရချေ။ ဖဆပလ အစိုးရလက်ထက် (၁၀)နှစ် (၁၀)မိုးကာလတွင်လည်း မည်သည့်ထောင်သားကိုမျှ ကိုကိုးကျွန်းသို့ ပို့သည်ကို မတွေ့ရချေ။
ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အိမ်စောင့်အစိုးရ လက်ထက်တွင်ကား ဖြစ်ကတတ်ဆန်း တည်ဆောက်ထားသော ကိုကိုးကျွန်းများသို့ မြန်မာနိုင်ငံမှ ထောင်သားများကို ပထမဆုံးပို့ခဲ့သည်။ အိမ်စောင့်အစိုးရ လက်ထက်တွင် အသုတ် (၃)သုတ်ခွဲ၍ ပို့ခဲ့သည်။

ပထမအသုတ်သည် ၃၁ ဇန်နဝါရီ ၁၉၅၉ တွင် ကိုကိုးကျွန်းသို့ရောက်သည်။ ထောင်ကျ (၁၀ဝ)နှင့် ပုဒ်မ - ၅ (၅၃) ဦး၊ စုစုပေါင်း (၁၅၃)ဦး ပါဝင်သည်။
ဒုတိယအသုတ်သည် ၁၉ မတ် ၁၉၆၀ တွင် ကိုကိုးကျွန်းသို့ ရောက်သည်။ ထောင်ကျ (၁၀ဝ)နှင့် ပုဒ်မ (၅) – (၅၁)ဦး စုစုပေါင်း (၁၅၁)ဦး ပါဝင်သည်။
တတိယအသုတ်သည် ၈ မတ် ၁၉၆၀ တွင် ကိုကိုးကျွန်းသို့ ရောက်သည်။ (၂၈)ဦး ပါဝင်သည်။ အားလုံးပုဒ်မ (၅) အကျဉ်းသားများ ဖြစ်ကြသည်။ အကျဉ်းသားအားလုံးနီးပါးသည် "ပထစ" အစိုးရလက်ထက်တွင် လွတ်မြောက် လာကြသည်။

အိမ်စောင့်အစိုးရလက်ထက်တွင် အာဏာကို "မြည်း"ခွင့်ရခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းသည် ၂ မတ် ၁၉၆၂ တွင် ဒုတိယအကြိမ် အာဏာသိမ်းသည်။ တော်လှန်ရေးကောင်စီနှင့် တော်လှန်ရေး အစိုးရဖွဲ့၍ ၁၂ ဖေဖော်ဝါရီ ၁၉၆၉ အရောက်တွင် နိုင်ငံရေးအကျဉ်းသား (၂၃၃)ဦးကို ကိုကိုးကျွန်းသို့ ပို့သည်။ ကွန်မြူနစ် (၁၁၀)ဦး၊ အလံနီ (၆၀)ဦး၊ အလုပ်သမားညီညွတ်ရေးပါတီမှ (၃၀)ဦးနှင့် မည်သည့်ပါတီမှ မပါဝင်သူ (၃၃)ဦးတို့ ဖြစ်ကြသည်။

၁၈၆၀-၆၁ ခုတွင် ဗိုလ်ကြီးဖေါ်လောင် (Captain Forlong) သည် မော်လမြိုင်ထောင်နှင့် ကျိုက္ခမီထောင်တို့ကို ကြီးကြပ်ရသူဖြစ်လာသည်။ ဗိုလ်ကြီးဖေါ်လောင် ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ကျွမ်းကျင်မှုကြောင့် မော်လမြိုင်နှင့် ကျိုက္ခမီမှ ထောင်သားများ၏ လုပ်အားခရငွေ တိုးတက်လာသည်။ လုပ်အားခ (၁၆၅၀ဝ)ကျပ်ရမည်ဟု ခန့်မှန်းခဲ့သော်လည်း လက်တွေ့တွင် (၃၇၁၃၉)ကျပ် (၉)ပဲ (၂)ပိုင်ရရှိသည်။ ဗိုလ်ကြီးဖေါ်လောင်ကို ဆက်ဆံခံသူမှာ ပြင်သစ်လူမျိုး လက်ကန် (A.L Lecun) ဖြစ်သည်။ ထောင်ပိုင် လက်ကန်သည် ထူးချွန်သော သစ်သားပန်းပုပညာရှင်ဖြစ်သည်။ မိမိပညာကို ထောင်သားများအား ဖြန့်ဝေပေးခဲ့သည်။

၁၈၆၆-၆၇ ခုတွင် မော်လမြိုင်ထောင်မှ ထုတ်လုပ်သည့် ပစ္စည်းတန်ဖိုးသည် (၉၂၅၅)ကျပ် (၁၅)ပဲ (၉)ပိုင် ဖြစ်သော်လည်း ၁၈၆၈-၆၉ ခုတွင် (၆၁၇၃)ကျပ် (၇)ပဲ (၂)ပိုင်သို့ ကျဆင်းသွားသည်။ ထိုသို့ ကျဆင်းသွားခြင်းမှာ ထောင်သားများ အလုပ်မှန်မှန်မဆင်းမှုကြောင့် လည်းကောင်း၊ အလုပ်ကျွမ်းကျင်သော ထောင်သားများ၊ လွတ်ရက်စေ့၍ လွတ်သွားသောကြောင့် လည်းကောင်း ဖြစ်သည်။ ၁၈၇၄-၇၅ ခုတွင် ကားကုန်ထုတ်လုပ်မှု ပြန်လည်တိုးတက်လာသည်ကို တွေ့ရသည်။

၁၈၆၀-၆၁ ခုတွင် မော်လမြိုင်ထောင်ရှိ ထောင်သားတစ်ဦး တစ်နှစ်ကုန်ကျစရိတ်ထက်၊ ထားဝယ်နှင့် မြိတ်ထောင်များမှ ထောင်သားတစ်ဦးစီ၏ ကုန်ကျစရိတ်ကပိုများသည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရသည်မှာ ထားဝယ်နှင့် မြိတ်ထောင်များတွင် ထောင်သားနည်းစေကာမူ ထောင်ဝန်ထမ်းလျော့မရ၍ ဖြစ်သည်။
ထောင်သားတစ်ဦး တစ်နှစ်ကုန်ကျစရိတ် (၁၈၆၀-၆၁)
ထောင်       ကျပ်        ပဲ      ပိုင်
မော်လမြိုင် ၆၀      ၄       ၆
ထားဝယ်  ၇၁      ၉       ၅
မြိတ်       ၇၉      ၈       ဝ

ထောင်သားတစ်ဦးချင်း၏ အခွင့်အရေးကို လေ့လာသောအခါ ရှေးဦးပိုင်းတွင် ထောင်သားတစ်ဦးလျှင် တစ်လ ဆန်တစ်တင်းနှင့် ငွေတစ်ကျပ်ခွဲပေးသည်။ ဆန်ကို တစ်လလျှင် နှစ်ကြိမ်ခွဲပေးပြီး၊ ငွေကိုကား လဆန်းလျှင် ဆန်းချင်းပေးသည်။ ထောင်အရာရှိများက ထောင်သားများ ဈေးဝယ်နိုင်ရန် ထောင်၏ "တောင်ယာဝင်း" အတွင်း ဈေးကလေးဖွင့်ပေးသည်။ ကာလအတန်ကြာသော် ဈေးသည်များက ဈေးတင်ရောင်းသဖြင့် ထိုဈေးအပိတ်ခံရသည်။ ထိုအခါ မြို့တော်ဦးကျောင်း၏ တောင်ဘက်၊ အထက်လမ်းမကြီးနှင့် အလယ်လမ်းကြားတွင် ထောင်ဈေးလမ်းကြား ပေါ်ပေါက်ခဲ့သည်။ ယခုအခါ ထောင်ဈေးလမ်းကြားကို ရပ်ကွက်သူ ရပ်ကွက်သားများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကွန်ကရစ်လမ်းခင်း၍ "ရှင်စောပုလမ်းကြား"ဟု အမည်ပေးထားသည်။

ထောင်သားများ အလုပ်ခွင်မှ ပြန်လာသောအခါ နီးစပ်ရာဈေးတွင် ဈေးဝယ်ခွင့်ပေးသည်။ အရက်နှင့် မူးယစ်စေတတ်သော ပစ္စည်းများကိုကား ဝယ်ခွင့်မပေးချေ။ ဆေးလိပ်ကိုကား ဝယ်ခွင့်ပေးသည်။ ထောင်သားများသည် ပြင်ပတွင် ဈေးဝယ်ခွင့်ရသည့်အခါ  ပတ်ဝန်းကျင်အပြောင်းအလဲရသဖြင့် သဘောကျသည်။ သို့သော် နောက်ပိုင်းတွင် ထောင်သားများကို ပြင်ပဈေးတွင် ဝယ်ခွင့်မပေးတော့ဘဲ၊ ထောင်အမှုထမ်းများက ဈေးဝယ်ပေးသည်။ (၄၀) တစ်စု (၅၀)စု အစုများဖွဲ့ပေးပြီး အစုလိုက်ချက်ပြုတ် စားသောက်စေသည်။ ထိုအစီအစဉ်ကို ထောင်သားအချို့က မကျေနပ်သော်လည်း ငွေကုန်ကြေးကျ သက်သာပြီး စုမိဆောင်းမိသည်။

"တောင်ယာ" ဝင်းအတွင်း ကျောက်ရေတွင်း တစ်တွင်းရှိခဲ့သည်။ ထိုရေတွင်းမှာ ရေထွက်အားကောင်းပြီး ရေမှာလည်း သန့်ရှင်းကြည်လင်သည်။ သုံးရေသောက်ရေ နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်သည်။ ထိုရေတွင်းသို့ ထောင်သားများသာမက အရပ်သားများပါ လာရောက်သုံးစွဲကြသည်။ ထောင်သားနှင့် အရပ်သားများအကြား ခိုက်ရန်ဖြစ်ပွားမှု မကြာခဏ ပေါ်ပေါက်လာသောအခါ ရေတွင်းသုံးစွဲချိန်ကို ခွဲခြားသတ်မှတ်ပေးရသည်။ ယခုအခါ အထက်ပိုင်းမှ စီးကျလာသော ရေဆိုး ရေပုပ်များ၊ စိမ့်ဝင်လာသောကြောင့် ကျောက်ရေတွင်းမှာ ပျက်စီးသွားပြီး ဖြစ်သည်။

၁၈၆၄-၆၅ ခုတွင် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းသဖြင့် ထောင်သား (၁၈)ဦး သေဆုံးသည်။ နောက်နှစ်တွင်ကား ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာသည်။

ကိုလိုနီခေတ်တွင် ပြစ်မှုနှင့် ပြစ်ဒဏ်ပေးခြင်းကို အချက်သုံးချက်အပေါ်တွင် အခြေပြုသည်။

၁။ Retribution = မိမိကျူးလွန်မိသည့် အမှုအတွက် အပြစ်ဒဏ်ပေးဆပ်ရခြင်း။
၂။ vengeance = ပြစ်မှုကျူးလွန်သူက ခံရသူအတွက် လျော်ကြေးပေးဆပ်ရခြင်းနှင့်
၃။ Restitution = ပြစ်မှုကျူးလွန်သူ ကာယကံရှင်အား ကြောက်လန့်စေရန်နှင့် တစ်ပါးသူတို့အားလည်း ရာဇဝတ်မှု ကျူးလွန်ခြင်းမှ ဟန့်တားသော သဘောဖြင့် ကြောက်လန့်စေရန် စံနမူနာပြခြင်းတို့ဖြစ်ကြသည်။
ကိုလိုနီခေတ်ထောင်နှင့် ပတ်သက်သော အရာရှိ အရာခံ အခေါ်အဝေါ်များကို ကြီးစဉ်ငယ်လိုက် ဖော်ပြရသော် အောက်ပါအတိုင်း တွေ့ရသည်။
၁။ Inspector – General of Prison = အကျဉ်းဌာနချုပ်ဝန်ကြီး
၂။ Superinterudent of Jail = ထောင်ပိုင်
၃။ Chief Jailor = ထောင်မှူးကြီး
၄။ Jailor = ထောင်မှူး
၅။ Deputy Jailor = ဒုတိယထောင်မှူး
၆။ ဂွင်းနီ = ထောင်ကြပ်ချုပ် နှင့်
၇။ Warder = ထောင်ကြပ် တို့ဖြစ်ကြသည်။

ထောင်ကျ ထောင်သားများထဲမှ ထောင်သားအရာရှိ (Conviet offficer) များကို ထောင်သားအချင်းချင်း အုပ်ချုပ်ရန် ခန့်ထားသည်။ "သံဒေ" နှင့် "ဘာယာ" တို့ ဖြစ်ကြသည်။

သံဒေ (၂) မျိုး (၂) စားရှိသည်။ (၆) ထောင်ပိုင် သံဒေနှင့် ရိုးရိုးသံဒေ တို့ဖြစ်ကြသည်။ (၆)ထောင်ပိုင် သံဒေမှာ ထောင်ကြီး (၁)ထောင်တွင် (၁)ဦးသာ ရှိသည်။ ရိုးရိုးသံဒေမှာ ထောင် (၁) ထောင်တွင် ဦးရေများစွာရှိသည်။

ဘာယာ (၂)မျိုး (၂)စားရှိသည်။ ဦးထုပ်ပြာဆောင်းရသော (၁၂)မှတ်ရ ဘာယာနှင့် ဦးထုပ်ဖြူဆောင်းရသော (၈)မှတ်ရ ဘာယာတို့ဖြစ်ကြသည်။ တုတ်ကိုင်ခွင့်ရသော ဘာယာနှင့် တုတ်ကိုင်ခွင့်မရသော ဘာယာဟူ၍လည်းခွဲခြားထားသည်။ ဘာယာများသည် သာမန်အကျဉ်းသားများထက် လျော့ရက်ပိုရသည်။ ထောင်အတွင်း သွားချင်သော နေရာသို့ သွားနိုင်သည်။ အကြံအဖန်ကလေးများကိုလည်း လုပ်နိုင်သည်။

ကိုလိုနီခေတ်ထောင်များတွင် ထောင်တွင်းသုံး ဝေါဟာရ စကားလုံး အခေါ်အဝေါ်များ ပေါ်ပေါက်ခဲ့သည်။ ၁။ ကတုံး ၂။ ဂန်ဇီ ၃။ ဂန်ဖလား ၄။ တလစီ ၅။ လက်ကောက် ၆။ ပုံစံနှင့် ၇။ အိုးစား တို့ဖြစ်ကြသည်။

၁။ ကတုံး (ခေါ်) ကတိန်းမှာ ရိုးရိုးထောင်သားကို ခေါ်ခြင်းဖြစ်သည်။ ၂။ ဂန်ဇီမှာ ထောင်တွင်း၌ ပြုတ်ကျိုသော လုံးတီဆန် - ဆန်ပြုတ် ဖြစ်သည်။ ၃။ ဂန်ဖလားမှာ အညစ်အကြေးစွန့်သော စဉ့်အင်တုံ ဖြစ်သည်။ ၄။ တလာစီ ဆိုသည်မှာ ထောင်သို့ရောက်ခါစ ထောင်သား (၁)ဦးကို စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးခြင်းကို ဆိုလိုသည်။ ၅။ လက်ကောက်ဆိုသည်မှာ ထောင်မင်းသား၊ ထောင်လူလည်၊ ထောင်တွင်း၌ လူလည်ကျ စားသူကိုခေါ်သည်။ ၆။ ပုံစံဆိုသည်မှာ ထောင်သို့ရောက်လာသော ထောင်သားသစ် (၁) ယောက်ကို ထောင်ပုံစံအတိုင်း နေတတ် ထိုင်တတ်အောင် ပြသလေ့ကျင့်ပေးသည်။ အဓိပ္ပာယ်ရသည်။ ၇။ အိုးစား ဆိုသည်မှာ ထောင်တွင်း၌ လိင်တူချင်း သားမယားပြုကျင့်ခြင်းဖြစ်သည်။

၁၈၄၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့သော ရွှေတောင်ရပ် ထောင်သည် နှစ်ပေါင်း (၆၀) အကြာ ၁၉၀ဝ ပြည့်နှစ်သို့ ရောက်သောအခါ အနီးပတ်ဝန်းကျင်တွင် ဈေးများလူနေရပ်ကွက်များနှင့် နီးကပ်လာသည်။ သာသနာပြု ကျောင်းများဖြစ်ကြသော စိန့်ပက်ထရစ်ကျောင်း (St. Patrick's School)နှင့် စိန့်ဂျိုးဇက်ကွန်ဗင့် (St.Joseph Convent)တို့က ထောင်တံတိုင်းနှင့်ကပ်၍ တည်ဆောက်လာကြသည်။

ဤသို့ဖြင့် ၁၉၀ဝ ပြည့်နှစ်ကျော်လွန်ချိန်မှစ၍ မဟာမြန်မုနိဘုရားလမ်း (Hill Road)နှင့် အထက်လမ်းမကြီး ထောင့်တွင် မော်လမြိုင်မြို့၏ တတိယ ထောင်ဖြစ်သော ယခုလက်ရှိ ထောင်ကြီးကို စတင်တည်ဆောက်သည်။ ၁၉၀၈ ခုနှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုသည်။

Leave a Reply