Advertisements

မော်လမြိုင်သည် မေ ၁၈၂၆ တွင် နယ်ချဲ့ဗြိတိသျှ အရင်းရှင်တို့၏ ဆန္ဒအတိုင်း တနင်္သာရီတိုင်း၏ မြို့တော် ဖြစ်လာသည်။ ဗြိတိသျှတို့က တိုင်းအတွင်း အုပ်ချုပ်ရေးကို အခြေခိုင်အောင် စီမံဆောင်ရွက်သည်။ တစ်ချိန်တည်းမှာပင် နယ်ချဲ့အရင်းရှင် စီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် စာတိုက်ကြေးနန်းဆက်သွယ်ရေး (ပို့+ဆက်) လုပ်ငန်းများကို တိုးတက်ကောင်းမွန်အောင် အဆင့်ဆင့် ဆောင်ရွက်သည်ကို တွေ့ရသည်။

09-copy

တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်တွင် တောင်တောင်ထူထပ်ပြီး မြစ်ချောင်းများသည် အရှေ့ဘက် တောင်တန်းများမှ အနောက်ဘက် ဘင်္ဂလားအော်အတွင်း စီးဆင်းနေသဖြင့် ကုန်းလမ်းခရီးသွားလာရန်တွင် လှေဖြင့် ရေကြောင်းမှသာ သွားရသည်။ လှေဖြင့် သွားရသည်မှာ အချိန်ကြန့်ကြာသည်။ သာဓကအားဖြင့် ၂၉ အောက်တိုဘာ ၁၈၃၅ တွင် အခွန်တော်ဝန် "မောင်ရွှေထွန်"သည် မော်လမြိုင်ရှိ "မင်္ဂလာတံတား"မှ ကျိုက္ခမီသို့ လှေဖြင့်သွားရာ အချိန် (၇)နာရီ ကြာသည်။ ၃၀ မတ် ၁၈၈၄ တွင် ကင်းဝန်မင်းကြီး (ဦးကောင်း)သည် ကတိုးရွာမှ မွန်သူဌေးကြီး ဦးမွန်ထော်၏ ဖိတ်ကြားချက်အရ မော်လမြိုင်ရှိ "ကျိုက္ခနဲတံတား"မှ ကတိုးရွာသို့ လှေဖြင့်သွားရာ အချိန် (၂)နာရီ ကြသည်။

ပဒေသရာဇ်ခေတ်မှ ကိုလိုနီခေတ်ဦးအထိ မော်လမြိုင်နှင့် ပတ်ဝန်းကျင်ကျေးရွာများအကြား ရေကြောင်းခရီး သွားလာရာတွင် လှေကိုသာ အားကိုးအားထားပြုရသည်။ လှေဖြင့် ခရီးသွားရသည်မှာ အချိန်ကြန့်ကြာကြောင်း အထက်ပါ သာဓကအရ ထင်ရှားသည်။ ထို့ကြောင့် ကိုလိုနီခေတ်လယ်တွင် အခြေအနေနှင့် အချိန်အခါ၏ တောင်ဆိုချက်အရ လှေအစား ခရီးတိုပြေးဆွဲသော သင်္ဘောများ ဆိုက်ကပ်နိုင်ရန် မော်လမြိုင်တွင် အဆင့်မီသင်္ဘောဆိပ်ရှိရန် လိုအပ်လာသည်။

မော်လမြိုင်တွင် သင်္ဘောဆိပ်မရှိမီက မော်လမြိုင်မှ အခြားခရိုင်တစ်ခုသို့ ခရီးသွားလိုလျှင် ပင်လယ်ကမ်းခြေရှိ ဆိပ်ကမ်းတစ်ခုခုသို့ ဦးစွာသွားရသည်။ ထိုဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော ကြုံရာသင်္ဘောဖြင့် လိုရာခရီးသို့ သွားရသည်။ တနင်္သာရီတိုင်း ဝန်ရှင်တော်မင်းကြီးသည်ပင်လျှင် မော်လမြိုင်မှ အခြားခရိုင်တစ်ခုသို့ တာဝန်အရသွားရသောအခါ သင်္ဘောငယ်တစ်စီးဖြင့် အသက်စွန့်၍ သွားရသည်။ ၁၈၄၁ ခု ရောက်မှသာ အတော်အသင့်ကြီးသော သင်္ဘောတစ်စီးရရှိသည်။ ကိုလိုနီခေတ်လယ်တွင် အချိန်မှန်ပြေးဆွဲသော ကမ်းရိုးတန်းသွား သင်္ဘောများ ပေါ်ပေါက်လာသည်။ ထိုအမျိုးအစား သင်္ဘောများ ဆိုက်ကပ်နိုင်ရန် မော်လမြိုင်တွင် အဆင့်မီဆိပ်ကမ်းရှိရန် လိုအပ်လာပြန်သည်။

ဗြိတိသျှ အရင်းရှင်များ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရန် ပြည်တွင်းမှာသာမက၊ ပြည်ပနိုင်ငံများနှင့်ပါ ကုန်သွယ်ရေးတိုးချဲ့ရန်လိုသည်။ ကုန်ပစ္စည်းများများကို မြန်မြန်သယ်ယူပို့ဆောင်နိုင်သော ပင်လယ်ကူးသင်္ဘောကြီးများ အရေးပါလာသည်။ ထိုအမျိုးအစား သင်္ဘောများ ဆိုက်ကပ်နိုင်ရန် မော်လမြိုင်တွင် အဆင့်မီ ဆိပ်ကမ်းရှိရန် လိုအပ်လာပြန်သည်။

ဗြိတိသျှ နယ်ချဲ့အရင်းရှင်တို့သည် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည်များကို ကြိုတင်တွက်ဆနိုင်စွမ်းရှိသည်။ ထို့ကြောင့်ပင် ကိုလိုနီခေတ်ဦးမှ စတင်၍ မော်လမြိုင်တွင် အဆင့်မီ ဆိပ်ကမ်းတစ်ခု ပေါ်ထွန်းလာရေးအတွက် အဆင့်ဆင့်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
ကိုလိုနီခေတ်ဦး ကျိုက္ခမီနှင့် မော်လမြိုင်မြို့တို့တွင် ရေဝန် (Port Officer) တစ်ဦးစီ ခန့်ထားသည်။ ထိုစဉ်က ရေဝန်ကို (Pert Officer) ဟု မခေါ်သေးဘဲ (Master Attendant)ဟု ခေါ်သည်။ ၁၈၃၈ ခု သို့ရောက်သောအခါ ကျိုက္ခမီတွင် ရေဝန်မထားတော့ချေ။

ပထမဆုံး ကျိုက္ခမီရေဝန်မှာ ဟင်နရီဂူဂျာ (Henry Gouger)ဖြစ်သည်။ "ဂူဂျာ"ကို ၁၈၀ဝ ပြည့်နှစ်တွင် လန်ဒန်မြို့၌ ဖွားမြင်သည်။ ဇွန် ၁၈၂၂ တွင် ရန်ကုန်သို့ ရောက်လာသည်။ ရန်ကုန်နှင့် အင်းဝနေပြည်တော်အကြား ကူးသန်းရောင်းဝယ်ခဲ့သည်။ ၅ မတ် ၁၈၂၄ တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်။ (၃)လ ခန့်အကြာ ၂၈ မေ ၁၈၂၄ တွင် အင်းဝသို့ ရောက်ရှိနေသော "ဂူဂျာ"ကို ဗမာစစ်သားများ ဖမ်းဆီးပြီး "အင်းဝလကမရွံ့ထောင်"တွင် ချုပ်နှောင်ခဲ့သည်။

၆ ဇွန် ၁၈၂၄ တွင် အင်းဝလက်မရွံ့ထောင်သို့ အမေရိကန်နှစ်ခြင်းခရစ်ယာန် သာသနာပြု ဆရာယုဒသန် (Dr.Juolson)နှင့် မျက်နှာဖြူ (၅)ဦး တို့ကို ဖမ်းဆီးခေါ်ဆောင်လာကြသည်။ ဤသို့ဖြင့် အင်းဝ လက်မရွံ့ထောင်တွင် အင်္ဂလိပ်(၃)ဦး၊ အမေရိကန်(၂)ဦး၊ ဂရိ(၁)ဦးနှင့် အာမေနီယန်(၁)ဦး စုစုပေါင်း (၇)ဦး ရှိလာသည်။

၂ မေ ၁၈၂၅ တွင် မျက်နှာဖြူ (၇)ဦးကို "အောင်ပင်လယ်" ထောင်သို့ ပြောင်းရွှေ့သည်။ လမ်းခရီးတွင် ဂရိလူမျိုး ကွန်စတင်တိုင် (Constantine) ကွယ်လွန်သဖြင့် (၆)ဦးသာ ကျန်သည်။ ၃၁ ဒီဇင်ဘာ ၁၈၂၅ တွင် ဆရာယုဒသန် အောင်ပင်လယ်ထောင်မှ လွတ်သည်။ ဖေဖော်ဝါရီ ၁၈၂၆ တွင် "ဂူဂျာ"သည် မိမိထောင်နန်းစံ ဘဝကို "Personal Narrative of Two Years Imprisonment in Burmah" အမည်ရှိ စာအုပ်ကို ရေးသားပုံနှိပ် ထုတ်ဝေခဲ့သည်။

ကိုလိုနီခေတ်ဦး ရေဝန်တို့သည် တာဝန်အမျိုးမျိုးကို ပူးတွဲထမ်းဆောင်ရသည်။ ၁။ ပုလိပ်များကို ကြီးကြပ်ရသည်။ ၂။ ရာဇဝတ်တရားသူကြီးအဖြစ် အခါအားလျော်စွာ ဆောင်ရွက်ရသည်။ ၃။ တစ်ခါတစ်ရံ တရားမ တရားသူကြီးအဖြစ် ဆောင်ရွက်ရသည်။ ၄။ သစ်လုပ်ငန်းခွန် ကောက်ခံရေးအရာရှိအဖြစ် ဆောင်ရွက်ရသည်။ ၅။ စာပို့တိုက်အုပ် (Post Master) အဖြစ်လည်း ဆောင်ရွက်ရသည်။ ၆။ ရေကြောင်းပစ္စည်း သိုလှောင်ရာ ဂိုဒေါင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရသည်။ ၇။ ရေကြောင်းအကောက်အရာရှိအဖြစ်လည်း ဆောင်ရွက်ရသည်။ ၈။ အရေးပိုင်တာဝန်ကို ခေတ္တပူးတွဲ ထမ်းဆောင်ရသည်လည်း ရှိသည်။ 

ရေဝန်ခန့်အပ်ပြီးနောက် မော်လမြိုင်ဆိပ်ကမ်းကို အဆင့်မီ ဆိပ်ကမ်းဖြစ်လာရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သည်။
၁၈၃၀ ခုမှစ၍ ရေကြောင်း မှတ်ဘော့ (Buoy) များကို မြစ်ကြောင်းတစ်လျှောက်ချသည်။ သို့သော် မှန်ကန်ခြင်း စနစ်ကျခြင်းမရှိချေ။ ၁၈၄၂ ခု ရောက်မှသာ ဗိုလ်ဖဲ (Lieutenat Fell) ဆိုသူက ရေကြောင်းအမှန်ကို စတင်တွေ့ရှိသည်။

၁၈၅၀ ခုတွင် ကျိုက္ခမီကမ်းခြေ၌ အခိုင်အမာစိုက်ထူထားသော တိုင်ကြီးများထိပ်တွင် "မီးပြတိုက်မီး" စထွန်းသည်။ ၁၈၆၅ ခုတွင် ကျိုက္ခမီတောင်ဘက် (၁၂)မိုင်အကွာ မော်လမြိုင် မြစ်ဝသို့ ဝင်ရာဖြစ်သော နှစ်ထပ်ကျွန်း (Double Island) တွင် မီးပြတိုက်တည်ဆာက်သည်။ ကျပ်ငွေ (၁)သိန်း ကုန်ကျသည်။

ရေကြောင်းပြ (Pilot)များကိုလည်း လိုအပ်ချက်နှင့်အညီ တစ်ဖြည်းဖြည်းတိုးချဲ့ ခန့်ထားသည်။ နောက်ဆုံး (၂၇)ဦး အထိ ရှိလာသည်။ ဥရောပတိုက်သား (၁၂)ဦးနှင့် တိုင်းရင်းသား (၁၅)ဦးတို့ဖြစ်ကြသည်။ တိုင်းရင်းသား (၁၅)ဦးအနက် (၁၃)ဦးမှာ စစ်တကောင်းသား နာမည်များဖြစ်၍ (၂)ဦးသာလျှင် ဗမာနာမည် ရှိသည်။
မော်လမြိုင်ဆိပ်ကမ်း နယ်နိမိတ်ကို ၁၉ အောက်တိုဘာ ၁၈၅၇ တွင် စတင် သတ်မှတ်သည်။ မြောက်ဘက်တွင် သံလွင်မြစ်နှင့် အတ္ထရံမြစ်တို့ ဆုံစည်းရာအရပ်မှ တောင်ဘက်တွင် ကျောက်တန်းချောင်းဝအထိ ဖြစ်သည်။ (၅)မိုင် ခန့်ရှည်လျားသည်။

၁၈၆၃ ခု ရေဝန်ရုံးတွင် အရာထမ်း အမှုထမ်း(၅)ဦးသာရှိသည်။ ရေဝန်သည် ဟာတန် (T.C Harton) ဖြစ်၍ လစာ ရူပီ (၂၀ဝ)ရသည်။ စာရေးကြီး ဝှစ်တန် (H.Whittam)က လစာ ရူပီ (၁၃၀)ရသည်။ စာရေး ဆူတာလင် (F.G Sutherland)က လစာ ရူပီ (၇၀)ရ၍ ရုံးအကူနှစ်ဦးက လစာ ရူပီ (၁၀)စီ အသီးသီးရကြသည်။ ထိုစဉ်က ရေဝန်ရုံးသည် ဗဟိုသင်္ဘောကုန်တံတား (Main Wharf)တွင် ရှိသည်။ ၁၈၆၇ ခုသို့ ရောက်မှသာ ရေဝန်ရုံးကို ကမ်းနားလမ်းနှင့် ရုံးဟောင်းလမ်း (Old Court House Road) ထောင့်ရှိ ရုံးသို့ ပြောင်းရွှေ့သည်။ ယခု ဆိပ်ကမ်းအာဏာပိုင်ရုံးဖြစ်သည်။

မော်လမြိုင်ဆိပ်ကမ်းနယ်နိမိတ်အတွင်း အလျား ပေ (၄၀ဝ) မှ ပေ (၅၀ဝ) အထိ၊ ရေစူး ပေ (၂၀)မှ (၂၇)ပေ အထိ ရှိသော သင်္ဘော (၁၄)စီး တစ်ပြိုင်တည်း ေ ကျာက်ချရပ်နားနိုင်အောင် စီစဉ်ထားသည်။ အလျား ပေ (၆၅၀) အထိရှိသော သင်္ဘောများ ကျောက်ချရပ်နားရန်အတွက် မုပွန်ရပ်တွင် စီစဉ်ထားသည်။

ထားဝယ်တံတားလမ်း (Mission Street) ထိပ် မြစ်ကမ်းနဖူးတွင် သင်္ဘောများဆိုက်ကပ်၍ ကုန်တင်ကုန်ချ ပြုလုပ်နိုင်ရန် ရေပေါ်ဆိပ်ခံတံတား (Floating Jetty) တစ်ခုတည်ဆောက်ထားသည်။ ထိုဆိပ်ခံတံတား (Jetty) တွင် အလျားပေ (၃၀ဝ)မှ (၃၂၅)အထိ ရှည်လျား၍ ရေစူး (၂၂)ပေ ရှိသော ကုန်သင်္ဘောများဆိုက်ကပ်၍ ကုန်တင်ကုန်ချပြုလုပ်နိုင်သည်။ ကုန်ပစ္စည်းများ ခေတ္တသိုလှောင်ထားနိုင်ရန် ဆိပ်ခံတားနှင့် ကပ်လျက်ဂိုဒေါင် (Godown) ကြီး တစ်လုံးဆောက်လုပ်ထားသည်။ မော်လမြိုင်ဆိပ်ကမ်းတွင် အထက်ဖော်ပြပါ ဆိပ်ခံတံတားအဖြစ် အခြားဆိပ်ခံတံတားများလည်း ရှိသေးသည်။

မော်လမြိုင်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ပြီး ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသော သင်္ဘောများ လိုက်နာရမည့် စည်းကမ်းများကိုလည်း ချမှတ်ထားသည်။
၁၈၆၀ - ၆၁ ခုတွင် မော်လမြိုင်ဆိပ်ကမ်းသို့ ဝင်ထွက်သွားလာသော သင်္ဘော (၃၆၂)စီးရှိ၍ ဆိပ်ကမ်းခွန် ရူပီး (၁၈၉၆၉) ရရှိသည်။ 
၁၈၆၁-၆၂ ခုတွင် သင်္ဘော (၅၀၃) စီး၊ အဝင်အထွက်ရှိ၍ ဆိပ်ကမ်းခွန် ရူပီး (၃၆၅၄၁) ရရှိသည်အထိ တိုးတက်လာသည်။

Leave a Reply