မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းစောင့်ရှောက်ရသော ဝန်ထမ်းအဖွဲ့အစည်းများတွင် ပုလိပ်အဖွဲ့ပါဝင်သည်။ ဗြိတိသျှလက်အောက်ခံကိုလိုနီဘဝက (Police) ဟူသော စကားစုကို (ပုလိပ်) ဟု အလွယ်တကူသုံးစွဲခဲ့ရာမှ ပုလိပ်ဟူသော အခေါ်အဝေါ်ပေါ်ပေါက်လာခဲ့သည်။
Police ဟူသော စကားရပ်တွင် ပုလိပ်အဖွဲ့တစ်ရပ်လုံးအနေဖြင့်ပြည့်စုံရမည့် အရည်အချင်းများအားအောက်ပါအတိုင်းဖော်ပြထားသည်။
P = Politeness ယဉ်ကျေးသိမ်မွေ့ခြင်း
O = Obedienee အမိန့်နာခံတတ်ခြင်း
L = Loyalty သစ္စာရှိခြင်း
I = Intelligence ထိုးထွင်းသိမြင်တတ်ခြင်း
C = Courage သူရသတ္တိရှိမှုနှင့် ပြည့်စုံခြင်း
E = Efficieney အရည်အသွေးတောက်ပြောင်ခြင်းဟူ၍ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်တွင်းကာလ မြန်မာနိုင်ငံတွင် ဂျပန်များစိုးမိုးနေစဉ် ၁၉၄၂-ခု၌ မြန်မာပြည်ပုလိပ်အဖွဲ့ကို "မြန်မာပြည်ရဲအဖွဲ့" ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့သော်လည်း ဗြိတိသျှတို့စိုးမိုးစဉ်က ထုတ်ပြန်ခဲ့သော ဥပဒေနှင့် လက်စွဲစာစောင်များဖြင့်သာ၊ ဆက်လက်စခန်းသွားခဲ့ရသည်။
၁၉၄၅-ခုတွင် ဗြိတိသျှများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသောအခါ၊ ကက်စ်ဘီ(CAS(B)) ခေါ်စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည်။ ထိုကာလတွင် ဂျပန်ခေတ်က ပြောင်းလဲခေါ်ဝေါ်ခဲ့သော "ရဲ" အဖွဲ့ကို "ပုလိပ်အဖွဲ့" ဟုပင်ပြန်လည်ခေါ်ဝေါ်သုံးစွဲခဲ့သည်။
၂ဝ ဇန်နဝါရီ ၁၉၄၆ တွင် ဖဆပလအဖွဲ့ချုပ်၏ ပြည်လုံးကျွတ်ညီလာခံကို ရွှေတိဂုံအလယ်ပစ္စယံ၌ တခမ်းတနားကျင်းပသည်။ ညီလာခံက အမျိုးသားလွတ်လပ်ရေးလမ်းကြောင်းကို ထပ်မံအားဖြည့်ပေးခဲ့သည်။
မြန်မာလူထုကြီးသည် အင်းစိန်ခရိုင်ထန်းတပင်မြို့နယ်၌ ၁၈ မေ ၁၉၄၆ တွင် ဖြစ်ပွားသော တောင်သူလယ်သမားများ၏ စီတန်းလှည့်လည် ဆန္ဒပြပွဲကြီးတွင် ပုလိပ်တို့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ကို အကြောင်းပြု၍ နယ်ချဲ့ဆန့်ကျင်ရေးအုံကြွမှုကြီးများတစ်နေ့တခြားကြီးမားလာသည်။ ဖဆပလအဖွဲ့ချုပ်သည် လူထုလူတန်းစာအခြေခံသော နိုင်ငံရေးတိုက်ပွဲများကို အရှိန်တိုးမြှင့်ရန်ကြိုးပမ်းလာသည်။
မကြာမီ ၄ သြဂုဏ် ၁၉၄၆ တွင် ဘုရင်ခံဒေါ်မန်စမစ်(Sir Dorman Smith) သည် ဝမ်းကိုက်ရောဂါဖြစ်သည်ဟု အကြောင်းပြကာ ဗြိတိန်သို့ ပြန်သွားရသည်။ ဒေါ်မန်စမစ်နေရာတွင် ဆာဟူးဘတ်ရန့် (Sir Hubert Rance) အားခန့်ထားသည်။ ဘုရင်ခံသစ်သည် ၂ စက်တင်ဘာ ၁၉၄၆ တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသည်။ ဘုရင်ခံသစ်အားပြင်းထန်သော နိုင်ငံရေးအုံကြွမှုကြီးက ဆီးကြိုလျက်ရှိသည်။
၆ စက်တင်ဘာ ၁၉၄၆ တွင် ဦးဝမ်းမောင်၊ ဦးသန်းမောင်နှင့် ဦးစိုးလင်းတို့ ဦးဆောင်သော ရန်ကုန်မြို့တော်ရှိ ပုလိပ်အဖွဲ့ဝင်ပေါင်း (၃ဝဝဝ) ကျော်တို့သည် "ကရောင်းတံဆိပ်ဖြုတ်၍ ဒေါင်းတံဆိပ်လုပ်ကြမည်" ဟူသော ကြွေးကြော်သံဖြင့် သပိတ်မှောက်ကြသည်။(ကရောင်း=Crown) တံဆိပ်သည် ဗြိတိန်နိုင်ငံ၏ သင်္ကေတဖြစ်၍ တံဆိပ်သည် မြန်မာနိုင်ငံ၏ သင်္ကေတဖြစ်သည်။
အင်္ဂလိပ်လူမျိုးပုလိပ်မင်းကြီးက သပိတ်မှောက်ပုလိပ်များကို အလုပ်မှ ချက်ချင်းထုတ်ပစ်လိုက်သည်ဟု ကြေညာလိုက်သောအခါ သပိတ်မှောက်မှုမှာ တစ်ပြည်လုံးသို့ ကူးစက်သွားလေတော့သည်။ အခြားသော အစိုးရဌာနပေါင်းများစွာမှ အမှုထမ်းများသည်လည်းကောင်း၊ ရေနံမြေနှင့် မီးရထားအလုပ်သမားများအပါအဝင်၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများသည်လည်းကောင်း၊ သပိတ်တိုက်ပွဲတွင် ပါဝင်လာကြသဖြင့် ၂၄ စက်တင်ဘာ ၁၉၄၆ တွင် ကြီးမားသော နိုင်ငံရေးအထွေထွေသပိတ်ကြီး ပေါ်ပေါက်လာသော နိုင်ငံရေးအထွေထွေသပိတ်ကြီးပေါ်ပေါက်လာလေသည်။
ဤသို့ဖြင့် မြန်မာနိုင်ငံပုလိပ်များသည် အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုတွင် ကိုယ်ကျိုးစွန့်၍ ပါဝင်လှုပ်ရှားခဲ့သည်ကိုတွေ့ရသည်။
၄ ဇန်နဝါရီ ၁၉၄၈ တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရသည်။ လွတ်လပ်ရေးခေတ်ဦးတွင် "ပုလိပ်" ဟူသော ဝေါဟာရကို ဖျောက်၍ "ရဲ" ဟု အမည်ပြောင်းသည်။ ကိုလိုနီခေတ်သမိုင်းပြုစုရာတွင်ကာ "ရဲ" ဟုမသုံးစွဲဘဲ ခေတ်နှင့် လျော်ညီစေရန် "ပုလိပ်" ဟုသာ သုံးနှုန်းရေးသားမည်။
တနင်္သာရီတိုင်း ဗြိတိသျှတို့ လက်အောက်ကျရောက်စ အချိန်က အမှုအခင်းပြောပလောက်အောင်မများသေးချေ။ မေ ၁၈၂၉ တွင် မော်လမြိုင်သည် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်လာသောအခါ၌ သစ်လုပ်ငန်းအရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလာသည်။ ထိုအခါ(ကုလားဖြူကုလားမဲများ) ဥရောပတိုက်သားများနှင့် အိန္ဒိယနိုင်ငံသားများနှင့် တရုတ်များ မော်လမြိုင်သို့ဝင်ရောက်လာကြသည်။ မော်လမြိုင်လူဦးရေတိုးပွားလာသည်။ စည်စည်ကားကားဖြစ်လာသည်။
လူဦးရေပွားများလာသည်နှင့် အမျှ အမှုအခင်းတိုးပွားလာသည်။ မော်လမြိုင်မြို့တစ်ဘက်ကမ်း မုတ္တမဒေသရှိ မြန်မာမင်းလက်အောက်ခံ မြန်မာစစ်သည်များကလည်း အခွင့်သာလျှင်သာသည့် အလျောက်ဆူပူနှောင့်ယှက်လာသည်။
ထိုကြောင့် ၁၈၃၈-ခုတွင် မွန်တပ်ဖွဲ့တစ်ဖွဲ့(A Corps Of Mons) ကိုဖွဲ့စည်းပေးပြီး ပုလိပ်တာဝန်များကို ထမ်းဆောင်စေရသည်။ ၁၈၄၁-ခုတွင် မော်လမြိုင်မြို့ရှိလမ်းပေါင်း (၁၆) လမ်းမှ သူကြီးများကို ပုလိပ်တာဝန်ပေးအပ်သည်။
မြစ်ရိုးများတစ်လျှောက်တွင် မြစ်စောင့်ပုလိပ်များထားရှိလာသည်။ ၁၈၄၄-ခုတွင် မြစ်များအတွင်း၌ လက်နက်တပ်ဆင်ထားသော တိုက်လှေ (၂) စီး၊ ရိုးရိုးလှေ (၂) စီးထားရှိခဲ့သည်။ ၁၈၅၆-၅၇ ခုတွင် သံလွင်မြစ်နှင့် အခြားမြစ်ငယ်များအတွင်း ထားရှိသော မြစ်စောင့်ပုလိပ်အင်အားမှာ-
၁။ ဝန်ထောက် ၁ – ဦး
၂။ ဒုတိယဝန်ထောက် ၁ – ဦး
၃။ ဆရင် Serangs ၂ – ဦး
၄။ တာဒယ် Turdols ၈ – ဦး
၅။ ပုလိပ် Lascars ၉၇ – ဦး
၆။ လက်သမား ၁ – ဦး
၇။ လှေ (ဖါ) ထေးသူ Caulkar ၁ – ဦးတို့ဖြစ်ကြသည်။ ၁၈၆ဝ-၆၁-ခုတွင် မြစ်စောင့်ပုလိပ်အင်အားကို ထက်ဝက်လျှော့၍ မြို့စောင့်ပုလိပ်အင်အားကို ထပ်မံတိုးချဲ့သည်။
မော်လမြိုင်မြို့တွင် လူဦးရေတိုးပွားလာခြင်း လူမျိုးစုံရောနှောနေထိုင်ခြင်းတို့ကြောင့် မှုခင်းများပိုတိုးလာသည်။
ထို့ကြောင့် ၁၈၄၇ ခုတွင် မော်လမြိုင်မြို့စောင့်တပ်ဖွဲ့မှ တိုင်းရင်းသားပုလိပ်များနေရာ၌ အိန္ဒိယပြည်၊ မဒရပ် (Madras)မှ မဒရာစီများနှင့် စစ်တကောင်းနယ်သား (Chittagonians) လူမျိုးခြားပုလိပ်များကို အစားထိုး ခန့်ထားသည်။ လူမျိုးခြားပုလိပ်အများစုသည် လူပေ လူတေနှင့် ဆိုးသွမ်းလူငယ်ဘဝမှ ပုလိပ်ဘဝသို့ ကူးပြောင်းလာသူများ ဖြစ်ကြသည်။ ထိုပုလိပ်များသည် ဒေသခံတိုင်းရင်းသားများကို ရိုင်းပြစွာဆက်ဆံ၍ အနိုင်ကျင့်သည်။
ထိုအချန် ၁၈၄၇ ခုမှစ၍ ၆ စက်တင်ဘာ ၁၉၄၇ ပုလိပ်သပိတ်ကြီး ပေါ်ပေါက်လာသည့်အချိန်အထိ နှစ် (၁၀ဝ)ကာ လပတ်လုံး၊ ပုလိပ်များသည် လူထုက မုန်းတီးသော လူထုချဉ်ဖတ်များဖြစ်ခဲ့ကြသည်။
နိုင်ငံခြားသား ပုလိပ်များကို ငှားရမ်းအသုံးရသဖြင့် ကုန်ကျစရိတ်ပိုများလာသည်။ ၁၈၆၁ – ၆၂ တွင် တနင်္သာရီတိုင်း ပုလိပ်အဖွဲ့အတွက် ကုန်ကျစရိတ်မှာ ကျပ် (၁၈၈၀၄၇)ဖြစ်သည်။ ထိုကုန်ကျစရိတ်တွင် ထောင်ပုလိပ်များအတွက် ကုန်ကျစရိတ် မပါဝင်သေးချေ။ ၁၈၆၁-၆၂ ခု ပုလိပ်အမျိုးမျိုး၊ အရေအတွက်နှင့် ကုန်ကျစရိတ်မှာ အောက်ပါဇယားအတိုင်းဖြစ်သည်။
ပုလိပ်အမျိုးမျိုး – အရေအတွက် – ကုန်ကျစရိတ်
ပြည်တွင်းပုလိပ် – ၂၁၁ – ၂၅၂၈၀
နယ်စောင့်ပုလိပ် – ၃၉၉ – ၆၉၄၄၂
ကရင်စစ်ဝန်ထမ်း – ၉၅ – ၁၆၇၅၁
မြို့စောင့်ပုလိပ် – ၃၀၁ – ၄၈၄၅၆
မြစ်စောင့်ပုလိပ် – ၁၄၅ – ၂၄၈၈၈
မြင်းစီးပုလိပ် – ၁၃ – ၃၂၄၀
စုစုပေါင်း – ၁၁၆၄ – ၁၈၈၀၄၇
မော်လမြိုင်ထားဝယ်နှင့် မြိတ်မြို့များရှိ မြို့စောင့်ပုလိပ်များ၏ ကုန်ကျစရိတ် ကျပ်(၄၈၈၄၅၆)ကို မြို့လူထုက ပေးဆောင်ရသည်။ စုစုပေါင်းကုန်ကျစရိတ်မှ မြို့လူထုကုန်ကျစရိတ်နှုတ်လိုက်လျှင် ကျပ် (၁၃၉၅၉၁)သာ ကျန်သည်။ ထိုကျန်ငွေသည်သာ အစိုးရက အမှန်တကယ်ကုန်ကျသည့် စရိတ်ဖြစ်သည်။
၁၈၆၀ - ၆၁ ခုတွင် မြိတ်ခရိုင်ရှိ မလိဝန် (Malicoun) ခရိုင်ခွဲကို တရုတ်လူမျိုးတစ်ဦးအား အငှားချထားသည်။ ထိုတရုတ်ကပင် နယ်မြေလုံခြုံရေးတာဝန်ယူသည်။ ထိုကြောင့် မြို့စောင့်ပုလိပ်နှင့် သူကြီးများထားရန် မလိုတော့ချေ။ ထိုတရုတ်သည် မိမိလုပ်ကိုင်သော ခဲမဖြူ (Tin) လုပ်ငန်းအတွက် တရုတ် လူမျိုးအများအပြားကို ခေါ်ယူတင်သွင်းခဲ့သည်။ လုံခြုံရေးတာဝန်ယူထားသော လက်နက်ကိုင် တရုတ်များက ပါချန် (Pakchan) မြစ်နှင့် မျက်နှာချင်းဆိုင် ယိုးဒယားနယ်စပ်မှ ကျူးကျော်နှောင့်ယှက်သူများကို ဟန့်တား မောင်းထုတ်နိုင်ခဲ့သည်။
ကျိုက္ခမီခရိုင်မှ သစ်လုပ်ငန်းရှင်များသည် သစ်ခုတ်လှဲရေး၊ သယ်ယူပို့ဆောင်ရေးအတွက် သစ်တောများအတွင်းသို့ ကျွဲနွားများနှင့် သွားလာရသည်။ ထိုစဉ် ယိုးဒယား မြန်မာနယ်စပ်၌ ကျွဲခိုးမှု နွားခိုးမှုများ၊ များပြားလာသည်။ ထိုကြောင့် ၁၈၆၀ - ၆၁ ခုတွင် ဗိုလ်ကြီး (Subadar) ၁ ဦး၊ ဗိုလ် (Jemedar) ၃ ဦး၊ တပ်ကြပ်ကြီး (Haviladar) ၅ ဦး၊ ဒုတပ်ကြပ် (Naiks) ၅ ဦး၊ သာမန်စစ်သား (Private) ၃၆ ဦး တို့ပါဝင်သော မွန်တပ်ဖွဲ့ကို မော်လမြိုင်တွင် ထားရှိရာမှ နယ်စပ်သို့ပြောင်းရွှေ့ပေးလိုက်သည်။ စစ်သားဦးရေကိုလည်း (၅၀)အထိ တိုးပေးလိုက်သည်။ မွန်တပ်ဖွဲ့ကို ကြီးကြပ်ရန် အရာရှိတစ်ဦးကိုလည်း ခန့်ထားပေးလိုက်သည်။