Advertisements

(ခ) ကျွန်းသစ်လုပ်ငန်း
ကျွန်းသစ်လုပ်ငန်းသည် ကိုလိုနီခေတ်ဦးကာလမော်လမြိုင်စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍက ပါဝင်သည်။
တနင်္သာရီတိုင်းမှ အမျိုးအစားကောင်းသော ကျွန်းသစ်အများအပြားထွက်သည်။ (ကိုလိုနီခေတ် တနင်္သာရီတိုင်းတွင် မျက်မှောက်ခေတ် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ပါဝင်သည်။) ကိုလိုနီခေတ်တွင် တနင်္သာရီတိုင်းမှ အမျိုးအစားကောင်းသော ကျွန်းသစ်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာ့ကျွန်းသစ်ကို မက်မောတန်ဖိုးထားသည်။ လန်ဒန်မြို့ဘာမင်ဂန် (Birmingham) နန်းတော်ဝင်းအတွင်းတွင် မြန်မာ့ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားသော အဆောက်အဦတစ်ခုရှိသည်။ ထိုအဆောက်အဦဆောက်လုပ်ရန် ကျွန်းသစ်များကို ဦးသာညှင်းက မော်လမြိုင်ဆိပ်ကမ်းမှ တစ်ဆင့်လက်ဆောင်ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဦးသာညှင်းသည် ဂျီစီဘီအေ (G.C.B.A=General Council of Burmese Associations) ၏ ဥက္ကဋ္ဌကြီးဦးချစ်လှိုင်၏ ဖခင်ဖြစ်သည်။

ကျွန်းသစ်ကို သာသနာနိကအဆောက်အအုံများဖြစ်ကြသည့် တန်ဆောင်းပြာသာဒ် ဆိမ်ဇရပ်နှင့် ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်ရာတွင် အသုံးပြုသည်။ ကိုလိုနီခေတ်မော်လမြိုင်တွင် ကျွန်းသစ်ဖြင့် တည်ဆောက်ထွင်းထုထားသော ဗိသုကာလက်ရာနှင့် ပန်းပုလက်ရာများကို တောင်လေးလုံးကျောင်းတိုက်နှင့် ရတနာဘုံမြင့်ကျောင်းတိုက်တို့တွင် အတော်အသင့်တွေ့မြင်နိုင်ပေသေးသည်။ ရှေးမူမပျက်ဆက်လက်ထိန်းသိမ်းရန်လည်း လိုအပ်လျက်ရှိသည်။

ကျွန်းသစ်ကို ကုန်းလမ်းရေလမ်းသွားလာရေးယာဉ်များ ပြုလုပ်ရာတွင်လည်း အသုံးပြုသည်။ ဘုံပြန်၊ ဘုံပြတ်၊ ရထားလုံး၊ နွားလှည်း၊ တုံကင်းနှင့် လှေများကို ကျွန်းသစ်ဖြင့်ပင် ပြုလုပ်သည်။
အစိုးရဌာနဆိုင်ရာ ရုံးများနှင့် စာသင်ကျောင်းများ၏ အခင်းကိုသာမက မျက်နှာကြက်များကိုပါ ကျွန်းသားဖြင့် ဆောက်လုပ်သည်။ မော်လမြိုင်မြို့ပေါ်ရှိ ငွေကြေးချမ်းသာသူများနှင့် လူလတ်တန်းစားအများစု၏ အိမ်များတွင် အပေါ်ထပ်အောက်ထပ်တို့၌ ကျွန်းပျဉ်ပြားများခင်းထားသည်ကို တွေ့ရသည်။ ပျဉ်းကတိုးပျဉ်ခင်းလေ့ခင်းထမရှိကြချေ။ ကျွန်းသားကအေး၍ ပျဉ်းကတိုးသားက ပူသောကြောင့် ဖြစ်သည်။

အထက်ပါလူတန်းစားများ၏ အိမ်ဦးခန်းတို့တွင် ကျွန်းသားကို ပန်းပုလက်ရာပြောင်မြောက်စွာ ထွင်းထုထားသော ဘုရားစင်များကို တွေ့ရသည်။ စားပွဲ၊ ကုလားထိုင်၊ ခုတင်၊ ဗီရိုအစရှိသော ပရိဘောဂပစ္စည်းအာလုံးမှာလည်း ကျွန်းသားဖြင့် ပြုလုပ်ထားသည်ကိုတွေ့ရသည်။ ဓာတ်သဘာဝအရ ကျွန်းနှင့် သံမတည့်သဖြင့်၊ ပရိဘောဂပစ္စည်းများ ပြုလုပ်ရာတွင် သံကိုအသုံးမပြုဘဲ၊ ကြေးမူလီနှင့် ကြေးပတ္တာများကို သုံးစွဲသည်။ သောကြာနံ “သံ“ နှင့် တနင်္သာရီနံ “ကျွန်း“ တို့သည် “သောက“ ဖြစ်၍ ဓာတ်မတည့်ချေ။ ချမ်းသာသော အိမ်များတွင်အလျား(၅) ပေ၊ အနံ(၂ ၁/၂)ပေ၊ အမြင့် (၂ ၁/၂) ပေနှင့် ဘီး(၄) ဘီးထပ်ဆင်ထားသော ကျွန်းသေတ္တာကြီးများထားလေ့ရှိသည်။ မီးလန့်သောအခါ အဖိုးတန်ပစ္စည်းများထည့်၍ တွန်းသွားနိုင်ရန်ဖြစ်သည်။ ကိုလိုနီခေတ်ဦးမော်လမြိုင်တွင် ရေပေးဝေရေးစနစ်ကောင်းစွာ မဆောင်ရွက်နိုင်သဖြင့် မီးဘေးအန္တရာယ်ကိုကောင်းစွာမကာကွယ်နိုင်ခဲ့ချေ။

ကျွန်းပင်သည် သဘာဝအားဖြင့် အနောက်သို့လားသော် အိန္ဒိယပြည်ဘုံဘေနယ်၊ မြောက်သို့လားသော် ဟိမဝန္တာတောင်ခြေ၊ တောင်သို့လားသော် ကျွန်းဆွယ်အဆုံး၊ အရှေ့သို့လားသော် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဗောဒီးယားနယ်စပ်အထိ ပျံ့နှံ့ပေါက်ရောက်သည်။ မြန်မာ့နိုင်ငံသည် ကျွန်းပင်ပေါက်ရာဒေသ၏ အလယ်ဗဟိုတွင် တည်ရှိသောကြောင့် အကောင်းဆုံးနှင့် အကြီးဆုံးကျွန်းပင်ကြီးများ ပေါက်ရောက်သည်။ အကောင်းဆုံးတောများတွင် အမြင့်ပေ (၁၆ဝ) လုံးပတ် (၁ဝ) ပေရှိသော ကျွန်းပင်များပေါက်သည်။ အဘက်ဘက်မှ အဆင့်ပြေလျှင် ကျွန်းပင်သည် ပေ(၁၅ဝ) အထိမြင့်ပြီး၊ အမြင့် (၄ ၁/၂) ပေရှိသော နေရာတွင် လုံးပတ် (၁၅) ပေအထိရှိသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ပျဉ်းမနားသစ်တောကျောင်းတွင် ထားသည့် ကျွန်းငုတ်သည် လုံးပတ် (၁၆) ပေ (၂) လက်မရှိ၍ သက်တန်းနှစ် (၄၈ဝ) ဖြစ်သည်။

၂ စက်တင်ဘာ ၂ဝ၁၇ နေ့ထုတ် (News Watch) ဂျာနယ်နှင့် ၄-၁ဝ စက်တင်ဘာ ၂ဝ၁၇ တွင် ထုက်ဝေသော (The Voice Weekly) တို့တွင် ပါရှိသော သတင်းများအရ ယနေ့အထိ တွေ့ရှိထားသော ကမ္ဘာ့အကြီးဆုံး ကျွန်းသစ်ကြီး (၇) ပင် အကြောင်းကို သိရသည်။

၁။ ၃၁ သြဂုတ် ၂ဝ၁၇ နံနက် (၁၁) နာရီ (၄ဝ) မိနစ်၌ စစ်ကိုင်းတိုင်းဟုမ္ပလင်းမြို့နယ် “ဥရုကြိုးဝိုင်း“ တွင် ပေ(၁၁ဝ) မြင့်သော ဧရာမကျွန်းပင်ကြီးတစ်ပင်ကို တွေ့ရသည်။ အမြင့် (၄ ၁/၂) ပေ (ရင်စို့) နေရာတွင် တိုင်းတာချက်အရ လုံးပတ် (၂၇) ပေ (၅) လက်မရှိသဖြင့် ကမ္ဘာပေါ်တွင် ပထမအကြီးဆုံးကျွန်းပင်ကြီးဖြစ်လာသည်။

၂။ ဥရုကြိုးဝိုင်းအတွင်းကပင် တွေ့ရသော လုံးပတ် (၂၇) ပေရှိ ကျွန်းပင်ကြီးသည် ဒုတိယအကြီးဆုံးဖြစ်သည်။

၃။ ဗန်းမောက်မြို့နယ်ရှိ လုံးပတ် (၂၆) ပေ (၈) လက်မရှိသော ကျွန်းပင်ကြီးသည် တတိယအကြီးဆုံးဖြစ်သည်။

၄။ ပြင်ဦးလွင်မြို့နယ်ရှိ လုံးလပတ် (၂၅) ပေ (၂) လက်မရှိသော ကျွန်းပင်ကြီးသည် စတုတ္ထအကြီးဆုံးဖြစ်သည်။

၅။ အိန္ဒိယပြည်ရှိ လုံးပတ် (၂၅) ပေ (၁) လက်မရှိသော ကျွန်းပင်ကြီးသည် ပဉ္စမအကြီးဆုံးဖြစ်သည်။

၆။ ကောလင်းမြို့နယ်ရှိ လုံးပတ် (၂၃) ပေ (၁ဝ) လက်မရှိသော ကျွန်းပင်ကြီးသည် ဆဋ္ဌမ- နှင့်

၇။ အိန္ဒိယပြည်ရှိ လုံးပတ် (၂၃) ပေ (၇) လက်မရှိသော ကျွန်းပင်ကြီးသည် သတ္တမအကြီးဆုံးဖြစ်သည်။

မြန်မာပြည်သစ်လုပ်ငန်းတွင် အရေးပါသော ဒေသမှာ “ရွှေလီ“ သစ်တောဒေသဖြစ်သည်။ ရွှေလီမြစ်သည် မိုးရာသီတွင် သစ်မျှောရန် ရေစီးသန်သည်။ ရွှေလီဒေသမှ သစ်များနာမည်ကြီးခြင်းမှာ မန္တလေးရွှေနန်းတော်နှင့် ဆက်စပ်နေသည်။ ရွှေနန်းတော်တည်ဆောက်ရာတွင် အသုံးပြုသည့် ရှည်လျားဖြောင့်တန်းသော ကျွန်းတိုင်ကြီးများနှင့် ခိုင်ခံ့သော ကျွန်းပျဉ်ကြီးများသည် ရွှေလီမြစ်ဝှမ်းမှ ထွက်သည်။

ဖေဖော်ဝါရီ ၁၉၂၃ တွင် ထုတ်ဝေသော “အိန္ဒိယသစ်တောကြေးမုံမဂ္ဂဇင်း“ တွင် အေရော့ဂျာ (A.Roolger) ရေးသားသော “အကြီးဆုံးကျွန်းသစ်လုံး“ ဟူသော ဆောင်းပါးပါသည်။ ဆောင်းပါးတွင် မြန်မာနိုင်ငံရွှေလီချောင်းမှ မျှောချလာခဲ့သော ကျွန်းသစ်လုံးကြီးအကြောင်းကို တခမ်းတနားရေးသားထားသည်။ ကျွန်းလုံးကြီး၏ အလျားမှာ (၈၂ ၁/၂) ပေရှိ၍ ခါးလည်လုံးပတ် (၁ဝ) ပေဖြစ်သည်။ ထိုကျွန်းသစ်လုံးကြီးကို ၁၉ဝဝ- ပြည့်နှစ်မတိုင်မီ (၁) နှစ်ကျော် (၂) ခန့်က “ကတော်ရွာ“ သား “မောင်အောင်ဇံ“ က ဦးဆောင်၍ ခုတ်လှဲပိုင်းဖြတ်သည်။ထို့နောက် “ပတဲဖိုနှင့် ပတဲမ“ အမည်ရှိ ဆင်ကြီး (၂) ကောင်အပါအဝင် ဆင်(၅) စီးဖြင့် ဆွဲယူရေချသည်။ ထိုသစ်ကြီးထွက်သော နေရာမှာ “မိုးမိတ်“ မြို့အထက်၊ ရွှေလီချောင်းအနီးရှိ ကျွန်းတောကြီးဖြစ်သည်။

ကြီးမားလှသည့် အဆိုပါကျွန်းသစ်လုံးကြီးကို သစ်တောဌာနအရာရှိ ပိုဝယ် (A.B.Powell) နှင့် ဒါဝုဒ်ကုမ္ပဏီ (Messrs Darwood & Co.) မှ မစ္စတာပက်တလေ (Mr.Petley) ၂ ဦးတို့က ရွှေလီမြစ်ဝရှိ “အင်းရွာ“တွင် တိုင်းတာကြသည်။ ဒါဝုဒ်ကုမ္ပဏီက “မစ္စတာကလပ်စ်“ က ဓာတ်ပုံရိုက်ယူသည်။ ထိုကျွန်းသစ်လုံးကြီးကို အင်္ဂလန်အထိပို့ပြီး အထူးအဆန်းအဖြစ်ပြသရန် ရည်ရွယ်သည်။ ထိုသစ်လုံးကြီး ရန်ကုန်သို့ရောက်လာ၍ ဝန်ချီစက်ဖြင့် သင်္ဘောပေးတင်သောအခါ သင်္ဘောပေါ်တွင် ထားရန်ခက်ခြသောကြောင့် (၂) ပိုင်းဖြတ်လိုက်ရသည်။ ထိုသစ်လုံးကြီး၏ ဇာတ်သိမ်းပိုင်းကို မသိရချေ။

ကမ္ဘာပေါ်တွင် သစ်အမျိုးပေါင်းများစွာ ရှိသည့်အနက် ကျွန်းသစ်၏ ဂုဏ် တစ်နည်းအားဖြင့် အရည်အချင်းနှင့် အစွမ်းသည် ထိပ်တန်းမှ ပါဝင်လျက်ရှိသည်။ ကျွန်းသစ်သည် ကမ္ဘာပေါ်ရှိ အကောင်းဆုံးသစ်မျိုးများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သိပ္ပံအမည်မှာ တက်တိုနာဂရန်ဒစ် (Tectona grandis) ဖြစ်သည်။ အကာသားအရောင်သည် အဖြူမှအညိုရောင်အနည်းငယ်စွက်သည့် အထိရှိပြီး အနှစ်သားသည် ရွှေရောင်ရင့်ရင့်မှ အညို၊ အညိုရင့်အထိရှိသည်။ ကျွန်းသားကို ကိုင်တွယ်ကြည့်သောအခါ ဆီထုတ်ထားသကဲ့သို့ ချောလျက်ရှိ၍ အနှံ့မှာ နံ့သာဖြူ၊ ကရမက်၊ ယူကလစ်ဆီစသည့် ဆီမွှေးများ၊ ရောနှောပေါင်းစပ်ထားသကဲ့သို့ မွှေးကြိုင်ကြိုင်ဖြစ်နေသောကြောင့် တစ်ခါနမ်းရှုပ်ဖူးလျှင် မမေ့နိုင်တော့ပေ။ ဤထူးခြားသော အနံ့ကြောင့် သစ်တစ်မျိုး၏ အသားကို အနည်းငယ်ခွာ၍ နမ်းခြင်းဖြင့် ကျွန်းသစ်ဟုတ်မဟုတ်စမ်းသပ်သိရှိနိုင်သည်။

ရေငွေ့ (၁၅) ရာခိုင်နှုန်းပါသော ကျွန်းသစ်ကုဗတစ်ပေ၏ အလေးချိန်သည် (၄၃) ပေါင်ရှိသောကြောင့် အသင့်အတင့်သာလေသည်။ သစ်မျှင်သည် ဖြောင့်တန်း၍ လုပ်ကိုင်ပြုပြင်ရာတွင် လွယ်ကူသည်။ လက်သမား၊ စက်သမားနှင့် ပန်းပုဆရာတို့၏ စိတ်ကြိုက်ဖြစ်သည်။

ကျွန်းသစ်သည် အလွန်ခိုင်ခန့်၍ မှိုမတက်၊ ခြံမစားချေ။ ရေနှင့်ထိ၍ နေသည်ဖြစ်စေ၊ ရေ၌ စိမ်၍ ထားသည့်ဖြစ်စေ၊ ဆွေးမြေ့ခြင်းမရှိချေ။ အသုံးချရာတွင်လည်း အလွန်လေးသော ဝန်ကိုထမ်းရသည့် အိမ်တိုင်တံတားစသည့်တို့တွင်လည်းကောင်း၊ တောင့်တင်းခိုင်မာရမည့်၊ ရက်မ၊ ဆင့်၊ တန်း၊ ဒိုင်းစသည်တို့ကို ပြုလုပ်ရာတွင်လည်းကောင်း၊ ကျွန်းသစ်ကို အသုံးပြုရသည်။

ပုံတည်မြဲစွာရှိနေပြီး ကျုံ့ခြင်းပွခြင်းမရှိသော ကျွန်းသစ်ကို ပရိဘောဂနှင့် အနုထည်ပစ္စည်း၊ အိမ်တွင်းသုံးပစ္စည်းများကို ပြုလုပ်ရာတွင်လည်း သုံးစွဲသည်။ လှပချောမွတ်၍ အရောင်ကောင်းသဖြင့် ပန်းကွက်အလှထည်များ၊ ရုပ်လုံးများ၊ ဆေးလိပ်ဘူး၊ ပြာခွက်၊ အထပ်သားမျက်နှာဖုံးများ ပြုလုပ်ရာတွင်လည်း သုံးစွဲရသည်။ နေပူမရှောင် မိုးရွာမရှောင်၊ လေဟာပြင်မှ အအေးခန်းအထိ၊ နေရာအမျိုးမျိုးတွင် ဆောက်လုပ်နိုင်သည်။ မီးရထားဇလီဖားတုံးများအဖြစ် သုံးစွဲရာတွင် (၂၅) နှစ်အထိ ခိုင်ခံ့သည်ကိုတွေ့ရသည်။

အိန္ဒိယပြည် ဝိဇယနာဇာ ( Vijayanagar) မြို့ရှိ တိုက်တစ်လုံးတွင် အသုံးပြုခဲ့သော ၁ ၁/၂ လက်မထူသော ကျွန်းပျဉ်သည် နှစ် (၅ဝဝ) ကျော်သည့်တိုင် ခိုင်ခံ့နေကြောင်း တွေ့ရသည်။ “ဆောလ်ဆက်မြို့“ အနီးရှိ လိုဏ်ဂူတွင် တွေ့ရသော ကျွန်းသစ်သည် နှစ်ပေါင်း (၂ဝဝဝ) ကျော်ကြာပြီဖြစ်သော်လည်း မဆွေးသေးကြောင်း တွေ့ရသည်။

Written by အံ့ကျော်

Leave a Reply