Advertisements

ခွေးသေကောင်ပုပ်မြင်လျှင် လင်းတများဝဲပျံရောက်ရှိဝိုင်းအုံလာကြသကဲ့သို့ ကျွန်းသစ်လုပ်ငန်းအရှိန်အဟုန်ပြင်းစွာဖြင့် ဖွံ့ဖြိုးဝေစည်ရာ မော်လမြိုင်သို့ ဥရောပအရင်းရှင် ကုမ္ပဏီကြီးများ အလုအယက်ဝင်ရောက်လာကြသည်။ 

၁။ ဘုံဘေးဘားမားကုန်သွယ်ရေးကော်ပိုရေးရှင်း (The Bombay Burmah Trading Coporation)
၂။ ဘတ်ခနင်ကုမ္ပဏီ (Buchanant Co.)
၃။ ဖူးကားကုမ္ပဏီ (Foucart Co.)
၄။ ဟင်နေကုမ္ပဏီ (Robert Haneyt Co.)
၅။ ဟင်ဒါဆင်ကုမ္ပဏီ (Hendarson Brothers t Co.)
၆။ လမ္မော်ဇင်ကုမ္ပဏီ (Limouzin t Co.)
၇။ စတီးကုမ္ပဏီ (W.Strang Steel t Co.) နှင့်
၈။ တော့ဖင်လေကုမ္ပဏီ (Todd Findlay t Co.) တို့ဖြစ်ကြသည်။

တိုင်းရင်းသားများအနက် ပထမဆုံးသစ်တောဂရန်ရရှိသူမှာ အကြွယ်ဝအချမ်းသာဆုံးဖြစ်သူ မွန်အမျိုးသား “ဦးမွန်ထော်“ ဖြစ်သည်။

“ရေကြောမြေကြော၊ တောင်တောပတ်ခြံ၊ ရေကန်ဥယျာဉ်၊ မွေရှင်သရီ၊ စေတီဂူကျောင်း၊ အသောင်းမကလျက်၊ မြို့ပြလက္ခဏာ၊ အင်္ဂါကြီးငယ်တို့ဖြင့် တင့်တယ်ခိုင်လုံ၊ ပြည့်စုံရာဖြစ်သော“

“ရောင်းကြီးဝယ်ကြီး၊ သင်းသီးဥစ္စာ၊ ရတနာရွှေငွေ၊ ရေခွန်မြေခွန်၊ ကောင်းကျိုးပြွန်လျက်၊ မွန်လူမျိုးတို့၊ မိရိုးဘရိုး၊ အစဉ်ကိုးသား၊ “ကတိုး“ အမည်ရှိသော နိဂုံးကျေးရွာကြီး၌“ ဦးမွန်ထော်ကို ဖွားမြင်ခဲ့သည်။

ကတိုးရွာတွင် လိမ္မော်သီးများကို စိုက်ပျိုးပြီး မော်လမြိုင်သို့ လှေငယ်ဖြင့်၊ တင်ပို့ရောင်းချကာ ဆင်းရဲပင်ပန်းစွာ အသက်မွေးဝမ်းကျောင်းနေရသော “ဦးထော်ရိုက်“ နှင့် ဇနီး “မိထော်ရွဲ“တို့တွင် သားသမီး (၁ဝ) ယောက်ထွန်းကားသည်။ ဦးမွန်ထော်မှာ သားကြီးသြရသဖြစ်၍ ဒုတိယသားမှာ “ပဉ္စင်းပေါက်“ ဖြစ်သည်။ ဦးထော်ရိုက်သည် လိမ္မော်သီးရောင်းရာမှ ရသော အမြတ်ငွေများကို ကျစ်ကျစ်လျစ်လျစ် စုဆောင်းလာရာ၊ ကာလအတန်ကြာသော် ငွေကြေးအတော်အတန်စုံဆောင်းမိလာသည်။ အရင်းအနှီးအတော်အတန်ပြည့်စုံလာသောအခါ မိတ်ဆွေကောင်းတစ်ဦး၏ အကူအညီဖြင့် သစ်ကုန်သည်လေးဘဝသို့ ရောက်လာသည်။ ဇနီးဖြစ်သူ မိထော်ရွဲကား လိမ္မော်သီးရောင်းဝယ်ရေးကို ဆက်လက်လုပ်ကိုင်သည်။

ထိုခေတ်က မြန်မာပြည်နှင့် ယိုးဒယားပြည်အကြားရှိ “သောင်ရင်း“ မြစ်ကမ်းဝဲယာတွင် ကျွန်းပင်အများအပြားပေါက်လျက်ရှိသည်။ ဦးထော်ရိုက်သည် ငွေကြေးအတော်အသင့်ယူဆောင်ကာ ထိုဒေသသို့ ထွက်ခွာသွားသည်။ ရိုးသားဖြူစင်သော ကရင်မိတ်ဆွေကောင်းများနှင့် ပေါင်းဖက်ရင်းနှီးသွားသည်။ ကရင်မိတ်ဆွေများထံမှ ကျွန်းသစ်များကို အချို့လက်ငင်း၊ အချို့အကြွေးဝယ်ယူကာ သစ်ဖောင်များဖွဲ့ကာ၊ မော်လမြိုင်သို့ မျှောချသည်။ ဦးထော်ရိုက်သည် သောင်ရင်းမှ ဖောင်ဖွဲ့သယ်ဆောင်လာသော ကျွန်းသစ်များကို မော်လမြိုင်သို့ ရောက်သောအခါ “တော့ဖင်လေ“ သစ်ကုမ္ပဏီသို့ ရောင်းချသည်။ ထိုစဉ်က ကုမ္ပဏီ၏ မန်နေဂျာမှာ မစ္စတာတော့ (Mr.Todd) ဖြစ်သည်။

ဦးထော်ရိုက်နှင့် မစ္စတာတော့တို့နှစ်ဦးတို့အကြား သစ်အရောင်းအဝယ်ပြုလုပ်ဖန်များသော် ခင်မင်ရင်းနှီးလာကြသည်။ တစ်ခါသော် ဦးထော်ရိုက်သည် မစ္စတာတော့ ပေးချေလိုက်သော သစ်ဖိုးငွေများကို ရေတွက်ခြင်းမပြုဘဲ ယူဆောင်သွားသည်။ ကတိုးသို့ ရောက်သောအခါ ငွေများကို ရေတွက်ကြည့်ရာ (၁ဝဝဝ) ကျပ် ပိုနေသည်ကို တွေ့ရသည်။ ဦးထော်ရိုက်က ပိုငွေကို ပြန်ပေးသည်။ ဖြစ်ရပ်မှန်ကား မစ္စတာတော့က ဦးထော်ရိုက် ရိုးသားမှုရှိမရှိ စမ်းသပ်ခြင်းပင်ဖြစ်သည်။

ဦးထော်ရိုက်သည် ပထမအရွယ်နှင့် ဒုတိယအရွယ်တို့တွင် လိမ္မော်လုပ်ငန်းနှင့် သစ်လုပ်ငန်းတို့ကို ရိုးရိုးသားသားကြိုးကြိုးစားစား လုပ်ကိုင်ဆောင်ရွက်ရာ တတိယအရွယ်သို့ ရောက်သောအခါ အတော်အတန်ချမ်းသာကြွယ်ဝလာသည်။ လှူနိုင်တန်းနိုင်လာသည်။ ဦးထော်ရိုက်သည် ဘဝနေဝင်ချိန် နီးသော် မိမိ၏ စီးပွားရေးလုပ်ငန်းများကို သားကြီးနှစ်ဦးဖြစ်သူ “ဦးမွန်ထော်” နှင့် “ပဉ္စင်းပေါက်“ တို့၏ ပခုံးထက်သို့ လွှဲပြောင်းပေးပြီး တရားဘာဝနာပွားများရင်း တစ်ဘဝသံသရာကို အဆုံးသတ်သွားသည်။

ဦးမွန်ထော်ညီနောင်တို့သည် ဖခင်ကြီးထံမှ ပညာအမွေသာမက ဥစ္စာအမွေကိုပါ ဆက်ခံရရှိသဖြင့် သစ်လုပ်ငန်းကို မြန်မာယိုးဒယားနယ်ခြားဒေသများသာမက မြန်မာနိုင်ငံမြောက်ပိုင်းသို့ပါ တိုးချဲ့လုပ်ကိုင်ခဲ့သည်ကို တွေ့ရသည်။
တစ်ရံရောအခါ ဦးမွန်ထော်ညီနောင်တို့သည် မိမိတို့ဒေသမှ “သစ်ခေါင်းကြီး“ များနှင့်အတူ ယိုးဒယားပြည်ရှိ မယ်ဟောင်စွန် (Mae Hong Son) သစ်တောကြီးသို့ ထွက်ခွာသွားကြသည်။ ထိုဒေသသို့ ရောက်သောအခါ သစ်ခေါင်ကြီးများသည် သစ်များကို မြို့ပေါက်ဈေးနှင့် တောပေါက်ဈေးကို နှိုင်းယှဉ်ချိန်ဆ၍ ဝယ်ယူကြသည်။ မြို့ပေါက်ဈေးက တောပေါက်ဈေးထက် အဆမတန်မြင့်မားနေသဖြင့် သစ်ခေါင်းကြီးများက တောပေါက်ဈေးဖြင့် ဝယ်ယူလိုကြသည်။ ဒေသခံသစ်ကုန်သည်လေးများအတွက်ကား၊ မြို့ပေါက်ဈေးဖြင့် ရောင်းရလျှင် အကျိုးများ၍ တောပေါက်ဈေးဖြင့် ရောင်းရလျှင် နစ်နာသည်။ ဦးမွန်ထော်က သစ်များကို မြို့ပေါက်ဈေးဖြင့် ဝယ်ယူသောအခါ အတူလာကြသော သစ်ခေါင်းကြီးများက ဦးမွန်ထော်အပေါ် မကျေမနပ်ဖြစ်သည်။ ပါလာသော ငွေထုပ်များကို ပိုက်၍ မိမိတို့ရပ်ရွာသို့ ပြန်ရန်စီစဉ်ကြသည်။ ထိုအခါ ဦးမွန်ထော်က သစ်ခေါင်းကြီးများအား “ပါလာသော ငွေထုပ်ကို ပိုက်၍ ပြန်သွားလျှင် လမ်းတွင် ဓားပြတိုက်ခံရနိုင်ကြောင်း၊ ထိုကြောင့် ပါလာသော ငွေကို မိမိထံပေးခဲ့စေလိုကြောင်း၊ မော်လမြိုင်ရောက်သောအခါ မိမိဖခင်ထံထုတ်ယူနိုင်ကြောင်း“ ပြောကြားသည်။ ဤသို့ဖြင့် သစ်ခေါင်းကြီးများသည် ပါလာသော ငွေများကို ဦးမွန်ထော်ထံ အပ်နှံ၍ မော်လမြိုင်သို့ ပြန်သွားကြသည်။

သစ်ခေါင်းကြီးများ ပြန်သွားပြီးနောက် တစ်ဦးတည်းကျန်ရစ်ခဲ့သောအခါ ဦးမွန်ထော်သည် ကောင်းပေ့၊ လှပေ့ဆိုသည့် ကျွန်းသစ်လုံးများကို သင့်တင့်လျောက်ပတ်သော ဈေးဖြင့် ဝယ်ယူရရှိသည်။ သစ်ကုန်သည်များသည် အမျိုးအစားညံ့သော သစ်များကို အခြားဝယ်မည့် သူမရှိတော့သဖြင့် ဦးမွန်ထော်တစ်ဦးတည်းထံ ရောင်းချရတော့သည်။

ဦးမွန်ထော်သည် ဝယ်ယူပြီး သစ်အားလုံးကို ကိုယ်ပိုင်တံဆိပ်ရိုက်နှိပ်ပြီးလျှင် ဆင်များဖြင့် သံလွင်မြစ်တွင်းသို့ မောင်းချစေသည်။ သံလွင်မြစ်ကမ်းတစ်နေရာသို့ ရောက်သောအခါ သစ်တုံးများသည် ကျောက်ဆောင်ကျောက်စွန်းများနှင့် ငြိတွယ်ပြီး တစ်တုံးပေါ်တစ်တုံးထပ်ကာ “ဒိုက်ပုံ“ ကြီးဖြစ်နေတော့သည်။ ထိုအခါ အထွေထွေဗဟုသုတရှိ၍ တောတောင်ရေမြေသဘာဝကို နားလည်သော ဦးမွန်ထော်သည် အောက်ခြေရှိသစ်လုံးများကို မီးတင်ရှို့စေသည်။ ပူပြင်းလှသော မီးအရှိန်ကြောင့် ကျောက်ဆောင်ကျောက်စွန်းများ ကွဲအက်ပြိုကျသွားသည်။ ထိုအခါ မီးမလောင်ဘဲ အကောင်းပကတိအတိုင်းကျန်ရှိသော သစ်တုံးကြီးများ သံလွင်မြစ်တွင်းသို့ မျောဆင်းသွားသည်။ သစ်ဖောင်ဖွဲ့၍ သံလွင်မြစ်အတိုင်း မော်လမြိုင်သို့ မျှောချရန်ကား မခက်ခဲတော့ချေ။

ဦးမွန်ထောသည် “ကာလံဒေသံအဂ္ဂံဓနံ“ ဆိုဘိသကဲ့သို့ အခွင့်အခါကောင်းကို ကြုံတွေ့ရသဖြင့် “မယ်ဟောင်စွန်“ မှ သစ်များကို မော်လမြိုင်ဆိပ်ကမ်းသို့ သယ်ဆောင်ရောင်းချနိုင်ခဲ့ရာ၊ ထိုနှစ်မှာပင် ချမ်းသာကြွယ်ဝသော သူဌေးတစ်ယောက်ဘဝသို့ ရောက်ရှိသွားသည်။

မယ်ဟောင်စွန်မြို့တွင် ဦးမွန်ထော်နှင့် လွန်စွာခင်မင်ရင်းနှီးသော “ဦးရှမ်းကလေး“ အမည်ရှိ ဇင်းမယ်မင်း၏ အမှုထမ်းတစ်ဦးရှိသည်။ ဦးရှမ်းကလေးသည် သစ်ခွန်ဆက်သရန် ဇင်းမယ်မင်းထံ တစ်နှစ်တစ်ကြိမ်သွားလေ့ရှိသည်။ အခွန်သွားဆက်သော နှစ်တစ်နှစ်တွင် ဦးရှမ်းကလေးသည် ဦးမွန်ထော်အား ဇင်းမယ်မင်းထံ ခေါ်ဆောင်သွားသည်။ ယိုးဒယားလူမျိုးတို့သည် လောင်းကစားဝါသနာပါသူများဖြစ်ကြသည်။ ဦးမွန်ထော်သည် ဦးရှမ်းကလေးနှင့် ဇင်းမယ်မင်းထံ သွားရောက်ဖူးမြော်သောအခါ ဇင်းမယ်မင်းကိုယ်တိုင် ဖဲကစားနေသည်ကို အံ့သြစွာတွေ့ရသည်။ ဇင်းမယ်မင်းက ဦးမွန်ထော်နှင့် ဦးရှမ်းကလေးတို့ကို မိမိနှင့်အတူ ဖဲကစားရန် ဖိတ်ခေါ်လေရာ ငြင်းဆန်ရန် မသင့်သဖြင့် ဝင်၍ ကစားကြရသည်။

ဦးမွန်ထော်သည် လောင်းကစားတတ်သူ မဟုတ်သဖြင့် အစတွင် ရှုံးချေတော့သည်။ အလုပ်အကိုင်တစ်ခု၏ သဘောသဘာဝကို တိုတောင်းသော အချိန်အတွင်း လေ့လာသဘောပေါက်လွယ်သော ပါရမီဓာတ်ခံရှိသော ဦးမွန်ထော်သည် ဆက်လက်လောင်းကစားသောအခါ နောက်ဆုံးတွင် ဝိုင်းလုံးကျွတ် အနိုင်ရလေတော့သည်။ ဦးမွန်ထော်သည် လောင်းကစားရာမှ ရရှိသော နိုင်ငွေအားလုံးကို တွယ်တာမက်မော်ခြင်းမရှိဘဲ ဖဲရှုံးသူအားလုံးအား မိမိတို့ရှုံးသမျှ ငွေကြေးအားလုံးကို ပြန်ပေးလိုက်သည်။ လောင်းကစားရာမှ အနိုင်ရရှိသော ငွေကို ရှုံးသူများအား ပြန်ပေးရိုးထုံးစံမရှိသော်လည်း ဦးမွန်ထော်က အနိုင်ရရှိသောသော ငွေများကို ပြန်ပေးသည်ကို တွေ့မြင်ရသောအခါ ဇင်းမယ်မင်းသည် ဦးမွန်ထော်ကို ချီးကျူးစကားပြောကြားရင်း ခင်မင်ရင်းနှီးသော ဘဝသို့ရောက်သွားသည်။
ဦးမွန်ထော်သည် ဦးရှမ်းကလေးနှင့်အတူ ဇင်းမယ်မြို့တွင် တစ်လခန့်နေထိုင်ပြီးနောက် မော်လမြိုင်သို့ ပြန်လာသည်။ မော်လမြိုင်သို့ ပြန်ခါနီးတွင် ဇင်းမယ်မင်းထံ ဝင်ရောက်ဂါရသပြုရင်း နှုတ်ဆက်သည်။

ဦးမွန်ထော်သည် ဇင်းမယ်မင်းထံ သွားရောက်နှုတ်ဆက်ရာမှ အနာဂတ်ကာလတွင် “မှိုင်းလုံးကြီး“ သစ်တောလုပ်ပိုင်ခွင့်ရသူကြီး၊ အထက်မြန်မာပြည် “မဲဇာရွှေလီ“ သစ်တောလုပ်ကိုင်ခွင့်ရသူကြီး၊ “နောင်တော်ကြီးဘုရား“ ဒါယကာကြီးဖြစ်လာပုံကို နောက်ပိုင်းတွင် တွေ့ရမည်ဖြစ်သည်။

Writtten by – အံ့ကျော်

Advertisements
<

Leave a Reply