ကင်းဝန်မင်းကြီးသည် ဦးမွန်ထော်၏ ဖိတ်ကြားချက်အရ ၃၁ မတ် ၁၈၇၄ တွင် ကတိုးရွာရိှ ဦးမွန်ထော်အိမ်သို့ ကြွရောက်ပြီး ညနေစာစားသုံးခဲ့သည်။ နယ်မြေအခြေအနေနှင့် ဦးမွန်ထော်၏ စီးပွားရေးအခြေအနေတို့ကို ရင်းနှီးပွင့်လင်းစွာမေးမြန်းဆွေးနွေးရင်း တစ်ဦးအပေါ်တစ်ဦးသံယောဇဉ်ငြိတွယ်လာကြသည်။

နောက်တစ်နေ့ ၁ ဧပြီ ၁၈၇၄ (၁၂၃၅- ခုတန်ခူးလပြည့်နေ့) နံနက်တွင် ကျောင်းဒါယကာ ဦးတူက ကင်းဝန်မင်းကြီးတည်းခိုရာသို့ မြင်းရထားစေလွှတ်ပြီး၊ ကင်းဝန်မင်းကြီး ဦးဆောင်သောအဖွဲ့နှင့် ပစ္စည်းပစ္စယအားလုံးကို သယ်ယူစေသည်။ ဦးတူ၏ အိမ်သို့ရောက်လျှင် ဦးတူ၏ ဆွေသားမျိုးသား ဦးကြည်၊ မောင်စံဦး၊ မောင်ကံကြီး၊ ဦးပြော့၊ ဆရာရစ်တို့နှင့် ကျောင်းဒါယကာ ဒါယိကာမအစုံအညီက ကောင်းမွန်စွာလက်ခံ၊ ဝမ်းမြောက်ဝမ်းသာအရိုအသေ၊ နံနက်စာကျွေးမွေးပြုစု၍ ပျော်ပျောပါးပါးစကားနှုတ်ဆက်ကြသည်။

မွန်းလွဲပိုင်းတွင် ဒီရေတက်လာပြီဖြစ်၍ ကင်းဝန်မင်းကြီးနှင့် အဖွဲ့အား ဦးတူအိမ်မှ သင်္ဘောဆိပ်သို့ မြင်းရထားများဖြင့် ပို့ဆောင်ပေးသည်။ လမ်းခရီးတွင် သုံးဆောင်ရန် ယိုမျိုးစုံနှင့် ဆေးလိပ်တို့ကိုလည်း ကောင်းစွာထုပ်ပိုးပြင်ဆင်၍ သဘောၤအရောက်ပို့ပေးသည်။ သင်္ဘောထွက်ခွာခါနီးတွင် ဝန်ရှင်တော်မင်းကြီး မစ္စတာ ပြောင်းရောက်ရှိလာပြီး ကင်းဝန်မင်းကြီးကို နှုတ်ဆက်သည်။ မကြာမီမှာပင် “ကိုကိုးနာဒ“ မီးသင်္ဘောသည် ကျောက်နှုတ်၍ မော်လမြိုင်ဆိပ်ကမ်းမှ ထွက်ခွာသွားသည်။

ဦးမွန်ထော်သည် “ကိုးဆောင်အိမ်ကြီး“ ကို အပြစ်အနာအဆာကင်း၍ အကောင်းဆုံးသော ကျွန်းသစ်များဖြင့် တည်ဆောက်သည်။ စတင်ဆောက်လုပ်ချိန်မှ (၁) နှစ်ကျော်အကြာ ၁၈၇၄- ခုတွင် ဆောက်လုပ်ပြီးစီးသည်။ (လွန်ခဲ့သော (၁၄၃) နှစ်က ဆောက်လုပ်ခဲ့သော “ကိုးဆောင်အိမ်ကြီး“ မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ အိမ်ကြီးကိုသာမက အိမ်ကြီး၏ ဓာတ်ပုံကိုလည်းကောင်း၊ ပန်းချီကိုလည်းကောင်း၊ မတွေ့မြင်ရတော့ချေ။ ကတိုးရွာသားတို့၏ လစ်ဟင်းမှု တစ်ခုဖြစ်လေသည်။)

ဦးမွန်ထော်သည် “ကိုးဆောင်အိမ်ကြီး“ ဆောက်လုပ်ပြီးသောအခါ အိမ်သစ်တက်မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပသည်။ ရပ်နီးရပ်ဝေးအလှမ်းမီသမျှ သံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးပြီးလျှင် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းသည်။ ရွာနီးချုပ်စပ်ရှိကျေးရွာများမှ လူကြီးလူငယ်များကို ဖိတ်ကြားကာ (၃) ရက်တိုင်တိုင် “ထမင်းရည်ချောင်းစီး“ ကျွေးမွေးဧည့်ခံသည်။

ဦးမွန်ထော်သည် အိမ်တက်မင်္ဂလာပွဲကျင်းပပြီးနောက် သမိုင်းတွင်မည့်အလှူကြီးတစ်ခုလှူဒါန်းရန် ပြင်းပြသော စိတ်ဆန္ဒဖြစ်ပေါ်လာသည်။

ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေထောင့်တွင် ၁။ စက်ကွင်းဆရာတော်တန်ဆောင်း ၂။ ရှင်မထီးတန်ဆောင်း ၃။ ဦးအံ့-ဒေါ်ဖော့တန်ဆောင်းနှင့် ၄။ ရှင်အဇ္ဇဂေါဏ တန်ဆောင်းတို့ ဝန်းရံလျက်ရှိသော နေရာသည် “နောင်တော်ကြီးစေတီ“ တည်ရာနေရာဖြစ်သည်။ ထိုနေရာသည် ဆံတော် (၈) ဆူပင့်ဆောင်လာစဉ်က ခေတ္တကိန်းဝပ်တော်မူခဲ့သော နေရာဖြစ်သည်စု အစဉ်အဆက်ရေးသားပြောကြားချက်များရိှသည်။ ထိုနေရာတွင် အလှူရှင်များက မူလစေတီကို ငုံ၍ အဆင့်ဆင့်တည်ထားခဲ့ကြသည်။ ဦးမွန်ထော်သည် သမိုင်းတွင်မည့် အလှူကြီးတစ်ခု လှူဒါန်းလိုသော ဆန္ဒကိုလည်း လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သည်။ နော်တော်ကြီးစေတီတွင် ထီးတော်တင်လှူခဲ့ခြင်းဖြစ်သည်။ ထီးတော်ကို မိမိ၏ ကတိုးရွာ ကိုးဆောင်အိမ်ကြီးတွင် ပန်းတိမ်အကျော်အမော်များဖြင့် ပြုလုပ်စေသည်။ ထီးတော်ကြီပြီးစီးသောအခါ (အောက်က ဆိုင်းတီးနောင်တော်ကြီး) ဟူသော ဆိုရိုးစကားအတိုင်း၊ မြန်မာသက္ကရာဇ် ၁၂၃၇ – ခု ခရစ်သက္ကရာဇ် ၁၈၇၆ – ခုတွင် ရန်ကုန်မြို့သို့ ပင့်ဆောင်ကာ ခမ်းနားသိုက်မြိုက်စွာ တင်လှူခဲ့သည်။ နောင်တော်ကြီးစေတီရံအတွင်း၌ စိုက်ထူခဲ့သော ကျောက်စာတိုင်ကိုလည်း ယနေ့တိုင်တွေ့မြင်နိုင်သည်။

ဦးမွန်ထော်နှင့် ညီဖြစ်သူ “ပဉ္စင်းပေါက်“ တို့သည် မှိုင်းလုံးကြီးသစ်တောကို အားကြိုးမာန်တက်လုပ်ကိုင်လာရာ (၆) နှစ်ကြာသောအခါ ဇင်းမယ်မင်းသည် မရဏသဘောသို့ ရွေ့လျောသက်ဆင်းသွားလေတော့သည်။ ဇင်းမယ်မင်းချီးမြှင့်ခဲ့သော အမိန့်စာချွန်မှာလည်း အလိုအလျောက်ပျက်ပြယ်သွားတော့သည်။

ထိုအခါ ဦးမွန်ထော်ညီနောင်တို့သည် အထက်မြန်မာနိုင်ငံရှိ မန္တလေးရတနာပုံနေပြည်တော်သို့ သွားရောက်ပြီး မြန်မာမင်းပိုင်သစ်တောများကို လုပ်ပိုင်ခွင့်ရရန် အားသွန်ကြိုးပမ်းကြတော့သည်။ ဦးမွန်ထော်သည် သိဟောင်းကျွန်းဟောင်းဖြစ်သော ကင်းဝန်မင်းကြီးကို အကြောင်းပြု၍ သီပေါမင်း၏ အခြားမှူးတော်မတ်တော်များနှင့် ခင်မင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်းမိလေတော့သည်။

၂၅ စက်တင်ဘာ ၁၈၈၂ တွင် ဦးမွန်ထော်သည် မြန်မာမှူးမတ်များ၏ ကူညီမှိုင်းမမှုကြောင့် မြန်မာမင်းပိုင်ဧရာဝတီအညာမြစ်စဉ် ဝဲယာကမ်းနှစ်ဘက်ပေါ်ရှိ သစ်တောကြီးများမှ ကျွန်းသစ်များကို ခုတ်လုပ်ထုတ်ဆောင်နိုင်ရန် သီပေါမင်းနှင့် သဘောတူခွင့်ပြုစာချုပ်ကို ချုပ်ဆိုနိုင်တော့သည်။ စာချုပ်ကို ထုတ်လုပ်မည့်သူများဘက်က ဦးမွန်ထော်ညီနောင်တို့ လက်မှတ်ရေးထိုးသည်။ မြန်မာမင်းကိုယ်စား ကင်းထားဗိုလ် “မင်းလှမင်းထင်ကျော်သူ“ က လက်မှတ်ရေးထိုးသည်။

ထိုစာချုပ်၏ ခွင့်ပြုချက်အရ ဦးမွန်ထော်ညီနောင်တို့သည် ၁။ ငစဉ့်ကူးမြို့နယ်ရှိသစ်တော ၂။ သိင်္ခနယ်ရှိ သစ်တော ၃။ ဥဒေါင်းချောင်းကျသစ်တော ၄။ မိုးမိတ်မြို့စီရင်စုတွင်းငယ်ခရိုင်ရှိသစ်တော ၅။ ပဉ္စာလနယ်ရှိသစ်တော ၆။ ဇင်ချောင်းဝဲယာကျသစ်တော ၇။ ကြံညှပ်၊ ဟင်္ဂမော်၊ တကောင်း (၃) မြို့နယ်ရှိ သစ်တော ၈။ မဲဇာချောင်းဝဲယာကျသစ်တော ၉။ မိုးလှိုင်းနှင့် မြတောင်နယ်သစ်တော ၁ဝ။ စင်းစမ်းချောင်းဝဲယာကျသစ်တော ၁၁။ ကသာ၊ ယင်းခဲ၊ မိုးထား၊ ရွှေကူ၊ မိုးညှင်းနှင့် ကောင်းတုံမြို့နယ်ရှိ သစ်တော ၁၂။ ဗန်းမော်မြို့အောက်အထက်၊ ဧရာဝတီကျသစ်တောများနှင့် ၁၃။ မတ္တရာမြို့ဝဲယာကျ၊ ငစဉ့်ကူး၊ မတ္တရာ၊ သက်ကောင်း မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ ကြတ်ပြင်၊ ကသည်း (၃) စို့နယ်ရှိ သစ်တောများတွင် ပေါက်ရောက်လျက်ရှိသည့် ကျွန်းသစ်များကို ( ၁) နှစ်လျှင် အခွန်တော် (၁) သိန်းကျ၊ စာချုပ်လက်မှတ်ရေးထိုးနေ့ကစ၍ (၆) နှစ်စေ့ရောက်အောင်၊ နှစ်စဉ်အခွန်တော်ငွေဆက်သွင်း၍ ခုတ်လုပ်ထုတ်ဆောင်ခွင့်ရရိှကြသည်။

ဦးမွန်ထော်ညီနောင်တို့သည် ဆင်အစီးအပေါင်း (၁ဝဝ) ကျော်ဖြင့် အားကြိုးမာန်တက် သစ်ထုတ်လုပ်ခဲ့ကြသည်။ ထိုသို့ သစ်ထုတ်လုပ်စဉ် ကချင်သောင်းကျန်းသူများ၏ တိုက်ခိုက်နှောင့်ယှက်မှုကြောင့် နစ်နာဆုံးရှုံးမှုများရှိလာသည်။

သီပေါမင်းသည် ဦးမွန်ထော်၏ တိုင်ကြားချက်အရ ဗမာနှင့် ကရင်နီစစ်တပ်များကို ပို့ပေးသည်။ ဦးမွန်ထော်ဦးဆောင်သော မွန်ဗမာကရင်နီတပ်များကို ကချင်သောင်းကျန်းသူများကို ချေးမှုန်းနိုင်ခဲ့သည်။ သီပေါမင်းသည် လွန်စွာအားရနှစ်သက်တော်မူသဖြင့် ဦးမွန်ထော်အား “နေမျိုးရာဇသခ်ယာ“ ဟူသော ဘွဲ့ကို နဖူးစည်းရွှေပြားနှင့်တကွ ချီးမြှင့်ပေးသနားတော်မူခဲ့သည်။ (အဆိုပါနဖူးစည်းရွှေပြားသည် လွတ်လပ်ရေးရသော နှစ်အထိ ရန်ကုန်မြို့ (၅၂) လမ်း အိမ်အမှတ် (၉၅) တွင် နေထိုင်သော ဦးမွန်ထော်၏ သမီး ဒေါ်ဧကြွယ်နေအိမ်တွင် ရှိခဲ့သည်။)

၂၅ စက်တင်ဘာ ၁၈၈၂ တွင် ဦးမွန်ထော်နှင့် “မင်းလှမင်းထင်ကျော်သူ“ တို့ ချုပ်ဆိုသော ပထမစာချုပ်သက်တန်းသည် ၆ ဒီဇင်ဘာ ၁၈၈၃ တွင် နှစ်လစေ့ရောက်သည်။ ထိုခေတ်ကဝန်ကြီးများ အထွေထွေဗဟုသုတနည်းပါးသဖြင့် ကျွန်းသစ်ခုတ်ယူခွင့်ပြုရာမှ ရသင့်ရထိုက်သော ကျပ် (၅) သိန်းအစား (၁) သိန်းသာလျှင် ရသည်ကိုတွေ့ရသည်။

၆ ဒီဇင်ဘာ ၁၈၈၃ မှာပင် ဦးမွန်ထော်သည် ဧရာဝတီဝဲယာကျသစ်တောများကို သီပေါမင်းအားတစ်နှစ်လျှင် အခွန်တော်ငွေ (၅) သိန်းကျ ပေးဆက်ခြင်းဖြင့် ခုတ်ထုတ်ခွင့်ရသည်။ အထက်ပါသစ်တောများရှိ ကျွန်းသစ်များကို ခုတ်လုပ်ထုတ်ဆောင်ခွင့်ရရန် ဦးမွန်ထော်သည် မော်လမြိုင်မြို့နေ “ဒေါ်ဆုံကြီး“ ၏ သားဖြစ်သူ “ဦးဖိုးမျှင်“ နှင့် အကျိတ်အနယ်ယှဉ်ပြိုင်ခဲ့ရသည်။ ဦးမွန်ထော်က (၁) သိန်းပေးမည်ဟု ပြောလျှင် ဦးဖိုးမျှင်က (၂) သိန်းပေးမည်ဟု ပြောသည်။ နောက်ဆုံး ဦးမွန်ထော်က အခွန်(၅) သိန်းဆက်သခြင်းဖြင့် လုပ်ကိုင်ခွင့်ရသွားသည်။

ညောင်ရမ်းမင်းသားသည် မင်းတုန်းမင်းနှင့် မြောက်ရွှေရေးဆောင် မိဖုရားတို့၏ သားတော်ဖြစ်သည်။ စစ်ရေးတွင် ကျွမ်းကျင်၍ အဖေစုံအမေကွဲနောင်တော်ညီတော်များနှင့် သင့်မြတ်သည်။ အိမ်ရှေ့စံကနောင်မင်းသားလုပ်ကြံခံရပြီး နန်းလျာ မရွေးရသေးမီ သြဂုတ် ၁၈၇၈ တွင် မင်းတုန်းမင်းနာမကျန်းဖြစ်သည်။ ထီးနန်းဆက်ဆံရေးနှင့် ပတ်သက်၍ နန်းတွင်းရေးရှုပ်ထွေးလာသည်။ ညောင်ရမ်းနှင့် ညောင်အုပ်မင်းသားနှစ်ပါးသည် ခရစ်ယာန်ဘုန်းတော်ကြီး “ကော(လ်)ဘတ်“ ၏ ကျောင်းသို့ ထွက်ပြေးလွတ်မြောက်သွားသည်။ မင်းသား (၂) ပါးသည် ဗြိတိသျှထံ ကိုယ်စားလှယ် “မစ္စတာရှော“ ၏ အကူအညီဖြင့် နိုင်ငံရေးခိုလှုံခွင့်ရသည်။ ၁ အောက်တိုဘာ ၁၈၇၈ တွင် မင်းတုန်းမင်းနတ်ရွာစံ၍ နောက်နေ့တွင် သီပေါမင်းနန်းတက်သည်။ သီပေါမင်းနန်းတက်သောအခါ ညောင်ရမ်းမင်းသားကို နန်းတင်ရန် ကြံစည်သည်ဟူသော စွပ်စွဲချက်ဖြင့် လူအများဖမ်းဆီးခံရသည်။ ထိုအခါ ညောင်ရမ်းမင်းသားစိုးရိမ်လာသည်။ နောက်ဆုံးညောင်ရမ်းမင်းသားမိသားစုသည် မစ္စတာရှော၏ အကူအညီဖြင့် မန္တလေးမှ ထွက်ခွာသွားကြသည်။

ဦးမွန်ထော်သည် ညောင်ရမ်းမင်းသား၏ သူလျှိုဖြစ်သည်ဟု ကုန်းချောကြသောကြောင့် သီပေါမင်းက ဖမ်းဆီးမိန့်ထုတ်သည်။ ဦးမွန်ထော်သည် ကြိုတင်သတင်းရထားသဖြင့် မန္တလေးမြို့ “ဂေါဝိန်“ ဆိပ်တွင် ကပ်ထားလျက် ရန်ကုန်မြို့သို့ ထွက်ခွာသွားတော့မည့် အင်္ဂလိပ်အစိုးရပိုင် မီးသင်္ဘောတွင်းရှိ ကျောက်မီးသွေးများသိုလှောင်ထားရှိရာ အခန်းတွင်းသို့ ဝင်ရောက်ပုန်းခိုနေပြီး လွတ်မြောက်သွားပေတော့သည်။

Written by – အံ့ကျော်

Leave a Reply