Advertisements

၄။ အရက်ချက်လုပ်ငန်း

ပဒေသရာဇ်ခေတ်မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာသောအခါ အင်းဝခေတ်တွင် “မင်းရဲကျော်စွာ“ သည် အရက်ကြောင့် ရေတိမ်နစ်ခဲ့ရသည်ကိုလည်းကောင်း၊ တောင်ငူခေတ်တွင် မင်းတရားရွှေထီးသည် အရက်ကြောင့်ပင်ဇာတ်သိမ်းမလှဖြစ်ခဲ့ရသည်ကိုလည်းကောင်း တွေ့ရသည်။

အင်းဝဘုရင် မင်းခေါင် (၁၄ဝဝ-၁၄၂၂) နှင့် မိဖုရား “ရှင်မိနောက်“ တို့က ၁၃၉ဝ-ပြည့်နှစ်တွင် သားတော် “မင်းရဲကျော်စွာ“ ကို ဖွားမြင်သည်။

၁၄ဝ၃-ခုတွင် ရခိုင်ဘုရင် “ထောရာကြီး“ သည် ယော၊ ဆောနှင့် လောင်းရှည်နယ်များသို့ ကျူးကျော်လာသည်။. ထိုအခါ ဘုရင်မင်းခေါင်သည် သားတော်မင်းရဲကျော်စွာကို ဗိုလ်ချုပ်ခန့်၍ တရဖျား၊ ဥစ္စနာ၊ သီဟပတေ့၊ နော်ရထာ၊ ရာဇသူ၊ ဘယဂါမဏိ၊ ရာဇသင်္ကြံ၊ ပေါက်မြိုင်စည်သူ၊ မြောက်ဘက်မြင်းမှူး စောနစ်တို့ ဦးဆောင်သော တိုက်ဆင် (၄ဝဝ) ၊ မြင်း (၅ဝဝဝ) နှင့် စစ်သည် (၁) သိန်းတို့ကို ရခိုင်သို့ ချီစေသည်။ ထိုစဉ်က သက်တော် (၁၃) နှစ်ခန့်သာရှိသေးသော မင်းရဲကျော်စွာသည် အလယ်ကြောင်းမှ ရွပ်ရွပ်ချွံချွံတိုက်ခိုက်သည်။ ရခိုင်ဘုရင်နှင့် စောနစ်တို့ ဆင်စီး၍ စီးချင်းထိုးကြရာ၊ စောနစ်က ရခိုင်ဘုရင်၏ ဦးခေါင်းကို ဖြတ်ရ၍ ရခိုင်တပ်အားလုံးပျက်သည်။ တောင်စဉ်ခုနစ်ခရိုင်သားတို့ ဘုရင်မင်းခေါင်၏ ကျွန်တော်အဖြစ်ခံဝင်လာကြသည်။

ဘုရင်မင်းခေါင်သည် ၁၄ဝ၆ – ခုတွင် အသက်(၁၆) နှစ်အရွယ်သားတော်မင်းရဲကျော်စွာကို “စောမင်းလ“ နှင့် စုံဖက်၍ အိမ်ရှေ့အရာအပ်နှင်းသည်။

၁၄၁၁-ခုတွင် “နရမိတ်လှ“ သည် မွန်တို့အကူအညီဖြင့် ရခိုင်ထီးနန်းကို သိမ်းပိုက်စိုးစံသည်။ မင်းရဲကျော်စွာက ရခိုင်သို့ ချီ၍ နရမိတ်လှကို တိုက်ခိုက်ရာ နရမိတ်လှအရေးနိမ့်၍ ကုလားပြည်သို့ ထွတ်ပြေးရသည်။

၁၄၁၂-ခုတွင် “အုန်းပေါင်စော်ဘွား“ က ကျူးကျော်သူ “သိန်းနီစော်ဘွား“ ကို တွန်းလှန်တိုက်ခိုက်ရန် မင်းရဲကျော်စွာထံ စစ်ကူတောင်းသည်။ ထိုအခါ မင်းရဲကျော်စွာသည် တိုက်ဆင် (၂ဝဝ) ၊ မြင်း(၃,ဝဝဝ) ၊ စစ်သည် (၇ဝ,ဝဝဝ) တို့ကို ဦးဆောင်ကာ ရှမ်းပြည်သို့ ချီတက်သည်။ “ဆင်ခေါင်းဝက်ဝင်“ အလွန်တွင် နှစ်ဖက်တပ်များ ထိတွေ့၍ တိုက်ပွဲစတင်သည်။ သိန်းနီစော်ဘွား၏ မြင်းတပ်ပျက်သွားသည်။ မင်းရဲကျော်စွာက မိမိစီးတော်ဆင် “ငချစ်ခိုင်“ ကို စီး၍လည်းကောင်း၊ သိန်းနီစော်ဘွားက မိမိစီးတော်ဆင်ကို စီး၍လည်းကောင်း၊ စီးချင်းထိုးကြရာ အားချင်းညီနေသဖြင့် အချိန်အတန်ကြာ အနိုင်အရှုံးမပေါ်ချေ။ ထိုအတောအတွင်း မင်းရဲကျော်စွာသည် သိန်းနီစော်ဘွားကို အကဲခတ်ကြည့်ရာ၊ စော်ဘွားမူးယစ်နေသည်ကို တွေ့ရသည်။ မင်းရဲကျော်စွာသည် မိမိဆင်ထက်မှ စော်ဘွားဆင်ထက်သို့ ခုန်ကူး၍ စော်ဘွားနှင့်တကွ ကုန်းလယ် (ဆင်ကြောကုန်းအလယ်တွင်စီးသူ) နှင့် နောက်ပဲ့ (ဆင်ကြောကုန်းနောက်ပိုင်းတွင် စီးသူ) တို့ကိုပါ ခုန်ချလိုက်သည်။ ရှမ်းတပ်ပျက်၍ ဆင်(၆) စီး၊ မြင်း(၂ဝဝ) နှင့် လူ(၈ဝဝ) ကျော်ရသည်။ ထိုနောက် သိန်းနီသို့ ဆက်လက်ချီတက်သည်။

မင်းရဲကျော်စွာသည် ၁၄၁ဝ-ခု သက်တော် (၂ဝ) တွင် မွန်တို့ ဌာနီဟံသာဝတီသို့ စစ်ချီသည်။ တိုက်ပွဲအသီးသီးကို ဆင်နွှဲသည်။ ၁၄၁၅-ခုတွင် ဒလတိုက်ပွဲစတင်ဖြစ်ပွားသည်။

မင်းရဲကျော်စွာသည် နေ့စဉ် အရက်တစ်လစ်တာ (Litre) သောက်လေ့ရှိသော်လည်း တိုက်ပွဲဝင်သည့် နေ့တွင် နှစ်လစ်တာသောက်သည်။ မှူးမတ်ဗိုလ်ပါတို့ကလည်း ခါတိုင်းထက်ပို၍ သောက်ကြသည်။ စီးတော်ဆင် “ငချစ်ခိုင်“ ကို နေ့စဉ်အရက် (၂) အင်တုံတိုက်ရာမှ ထိုနေ့တွင် (၃) အင်တုံတိုက်သည်။ (အင်တုံတစ်လုံးတွင် အရက်တစ်ဂါလံထည့်နိုင်သည်။) သေစာသောက်စားမူးယစ်နေသော မင်းရဲကျော်စွာသည် ရဲဘော်ရဲဘက်များ၏ သတိပေးချက်ကို အလေးမမူဘဲ မိမိတပ်သား (၃ဝဝဝ) ဖြင့် မွန်တပ်များကို တစ်ရှိန်တိုးဝင်ရောက်တိုက်ခိုက်ရာ၊ မွန်တို့ဘက်မှ အကျအဆုံးများသည်။ မကြာမီမှာပင် စစ်ကျွံလာသော မင်းရဲကျော်စွာသည် မိမိလက်အောက်ခံအခြားတပ်များနှင့် အဆက်အသွယ်ပြတ်သွားသည်။ ထိုစဉ်မွန်တပ်(၆) တပ်၏ ဝိုင်းအုံတိုက်ခိုက်ခြင်းခံရသည်။ စီးတော်ဆင် ငချစ်ခိုင်မှာလည်း လှံချက် (၁ဝဝ) ခန့်ထိရှသဖြင့် မိမိခန္ဓာကို ခါလိုက်ရာ မင်းရဲကျော်စွာမှာ ဆင်ပေါ်မှလျှောကျပြီး၊ ခါးကို ဆင်ခတ်မိသဖြင့် ရပ်တော်မမူနိုင်တော့ချေ။ ရေကန်အနီးရှိ ဥနှဲပင်အောက်သို့ တွား၍ ဝင်တော်မူနေစဉ် မွန်တို့တွေ့၍ ရာဇာဓိရာဇ်ထံ ဆက်သသည်။

ရာဇဓိရာဇ်သည် မင်းရဲကျော်စွာကို မြင်တော်မူလျှင် ရှေးဘဝတွင် သားတော်ဖြစ်ခဲ့စဉ်က အတူနေခဲ့ဘူးသဖြင့် လွန်စွာသနားတော်မူ၏ (စကားချပ်။ ရာဇာဓိရာဇ်တွင် “ဗောလောကျန်းဒေါ“ အမည်ရှိ သားတော်တစ်ပါးရှိသည်။ ထိုသားတော်ကို ၁၃၈၉-ခုတွင် သေဒဏ်ပေးသည်။ ၁၃၉ဝ-ခုတွင် မင်းခေါင်၏ မိဖုရား ရှင်မိနောက်က သားတော်မင်းရဲကျော်စွာကို ဖွားမြင်သည်။ မွန်မြန်မာရာဇဝင်များတွင် မင်းရဲကျော်စွာသည် ဗောလောကျန်းဒေါဝင်စားသူဟု ရေးသားကြသည်။) ရာဇာဓိရာဇ်က မင်းရဲကျော်စွာအား “အမိသည်သားငယ်ကို ခါး၌ချီထား၍ အစာကို ခွံ့ကျွေးသကဲ့သို့ မင်းကို ငါပြုစုကျွေးမွေးမည်။ ဘာမှမပူနှင့်တော့“ ဟု မိန့်ကြားသည်။ ဆက်လက်၍ “မင်းကို ကုသ၍ ကျန်းမာလာပြီး၊ အင်းဝသို့ ပြန်လိုလျှင် ပြန်ပို့ပေးမည်။ ပဲခူးတွင်ပင်နေလျှင်လည်း ငါ့သမီးနှင့် စုံဖက်ပြီး အိမ်ရှေ့အရာငါပေးမည်။ မင်းကိုယ်ကို ကျန်းမာအောင်ပြုပါ“ ဟု မိန့်ကြား၍ ဆေးလည်းပေးတော်မူသည်။

မင်းရဲကျော်စွာက “ငါမစားပြီ၊ ဟံသာဝတီကို မရလျှင် မပြန်ပြီဟု ငါဓိဋ္ဌာန်ရင်းရှိသည်။ သူ့ကျွန်ဟူသော အမည်ကို ငါမခံလိုပြီသတ်မည်ကိုသာ စီရင်တော့“ ဆို၍ ရာဇာဓိရာဇ်လည်း “မြန်မာသူငယ်သည် သေခါနီးတိုင်အောင် မာန်မလျှော့“ ဟု သတ်ပြီးလျှင် ထိုနေ့ညဉ့် ဆင်ခမိသည် အနာနှင့် သေလေသည်အဟန်၊ ကောင်းမွန်စွာ သင်္ဂြိုလ်ပြီးလျှင် အရိုးကို ရွှေခွက်နှင့် မြှုပ်ထားပေ၏။

တပ်မှူးတို့သည် မင်းရဲကျော်စွာ ဆုံးကြောင်းကို “ပင်လယ်ကျေးသင်္ဃရာဇာ“ မွေးသည့် လင်းတတွင် စာခွေစွပ်၍ လွှတ်လိုက်သည်။ နေ့သုံးချက်တီးချိန်တွင် အင်းဝသို့ရောက်၍ ဘုရင်မင်းခေါင်သိရသည်။
မင်းရဲကျော်စွာသည် ၁၃၉ဝ-ခုတွင် ဖွား၍ အသက်(၂၅) နှစ်အရွယ် ၁၃ မတ် ၁၄၁၅ တွင် ဆုံးသည်။
တောင်ငူခေတ် “မင်းတရားရွှေထီး“ သည်လည်း အရက်ကြောင့်ပင် ဇာတ်သိမ်းမလှဖြစ်ခဲ့ရသည်။

မင်းကြီးညိုသည် ၁၆ အောက်တိုဘာ ၁၅ဝဝ တွင် “ကေတုမတီ“ မည်သော တောင်သူမြို့ကို တည်တော်မူသည့်အခါ တပါးမိုးကြီးရွာသောကြောင့် ကန်တော်ပေါက်သဖြင့် ဆည်တော်မူမည်ဟု ဝေါတော်နှင့် ထွက်တော်မူသည်။ ထိုစဉ်အဆင်းအင်္ဂါလက္ခဏာနှင့် ပြည့်စုံသော “ငနွယ်ကုန်း“ (ယခုနေပြည်တော်လယ်ဝေး) စား၏ သမီးကိုမြင်လျှင် အလွန်တပ်မက်သဖြင့် ယူ၍ နန်းတင်သည်။ ၈၇၇-ခု ကဆုန်လပြည့်ကျော် ၁ ရက် ဗုဒ္ဓဟူးနေ့ (၂၈ ဧပြီ ၁၅၁၅ ) တွင် သားော်တပင်ရွှေထီးကို ဖွားမြင်သည်။ ထိုစဉ်က မင်းကြီးညို၏ အသက်သည် (၅၇) နှစ်ရှိပြီဖြစ်၍ တပင်ရွှေထီးသည် “နွားအိုနောက်ကျသား“ ဖြစ်သည်။ နွားအိုနောက်ကျသားများသည် သူမတူအောင်ထူးချွန်တတ်သည်။

မင်းကြီးညို နတ်ရွာစံပြီးနောက်တစ်ရက် (၂၅ နိုဝင်ဘာ ၁၅၃ဝ) တွင် တပင်ရွှေထီးသည် မင်းတရားအမည်ခံ၍ မင်းပြုသည်။ မင်းတရားရွှေထီးမင်းဖြစ်ချိန်တွင် သက်တော် (၁၅) နှစ် (၇) လ၊ (၃) ရက်လျော့သာရှိသေးသည်။
၁၇-နှစ်အရွယ် ၁၅၃၂-ခုတွင် “သတ္တရုဇေယ” မြင်းတော်စီး၍ အမတ် (၄) ကျိပ်၊ မြင်း (၅ဝဝဝ) နှင့် ရန်သူမွန်ဘုရင်သုရှင်တကာရွတ်ပိ စိုးစံရာဟံသာဝတီသို့ ကျူးကျော်ဝင်ရောက်ပြီး ရွှေမော်ဓောစေတီရင်ပြင်တော်တွင် ဦးသျှောင်ထုံး၍ နားထွင်းတော်မူသည်။

၁၅၃၄-ခု၊ ၁၅၃၅-ခု၊ ၁၅၃၆-ခုနှင့် ၁၅၃၇-ခု (၄) နှစ်အတွင်း ၄ ကြိမ်တိုင်တိုင် ဟံသာဝတီသို့ ချီတက်တိုက်ခိုက်ရာ စတုတ္ထအကြိမ်တွင် သိမ်းပိုက်နိုင်သည်။

ပြည်မြို့သို့ ဆုတ်ခွာသွားသော “သုရှင်တကာရွတ်ပိ“ ၏ တပ်များကို မင်းတရားရွှေထီးဦးဆောင်သော ရေတပ်နှင့် ကြည်းတပ်တို့က လိုက်လံတိုက်ခိုက်သည်။ မင်းတရားရွှေထီး၏ ယောက်ဖ ကျော်ထင်နော်ရတာကမူ၊ “နောင်ရိုး“ သို့ ဆုတ်ခွာသွားသော မွန်တပ်များကို လိုက်လံတိုက်ခိုက်သည်။ နောင်ရိုးတိုက်ပွဲတွင် မိမိအင်အားထက်အဆမတန်သာလွန်များပြားသော ရန်သူတပ်များအပေါ် ကျော်ထင်နော်ရထာက အောင်နိုင်သည်။ နောင်ရိုးတွင် အောင်ပွဲရပြီးချိန်မှစ၍ မင်းတရားရွှေထီးက ကျော်ထင်နော်ရထာကို “ဘုရင့်နောင်“ အမည်ခံယူစေသည်။ (သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက “နောင်ရိုး“ သည် “အိမ်မဲ“ အနောက်ဘက်ကမ်းတွင်ရှိမည်ဟု မှန်းဆသည်။)

နောင်ရိုးမှ တစ်ဆင့် မင်းတရားရွှေထီးနှင့် ဘုရင့်နောင်တို့၏ ကြည်းတပ်ရေတပ်များ ပြည်မြို့သို့ ဆက်လက်ချီတက်သည်။ ပြည်မြို့ရှိ ဟံသာဝတီသုရှင်တကာရွတ်ပိ ပြည်ဘုရင်“နရပတိ“ နှင့် အင်းဝဘုရင် “သိုဟန်ဘွား“ တို့၏ အင်အားကို ချက်ချင်းတိုက်ခိုက်နိုင်မည်မဟုတ်သည့်ပြင် ဟံသာဝတီတွင်လည်း အခြေအနေမတည်ငြိမ်သေး၍ ပြည်မြို့ကို ဆက်လက်မတိုက်သေးဘဲ မင်းတရားရွှေထီးသည် ဟံသာဝတီသို့ ပြန်ခဲ့သည်။ ဟံသာဝတီတွင် စည်းရုံးရေးပြုလုပ်သောအခါ သုရှင်တကာရွတ်ပိ၏ မှူးမတ်အများအပြား မင်းတရားရွှေထီးထံ ခိုဝင်လာကြသည်။ ဟံသာဝတီကို အခြေပြု၍ အနောက်ဘက်ရှိ မြောင်းမြ၊ ပုသိမ်နှင့် မြောက်ဘက်ရှိ တောင်သူတို့ကို နေသားတကျစီစဉ်ပြီးသောအခါ မုတ္တမသို့ ချီတက်တိုက်ခိုက်ရန် ပြင်ဆင်သည်။

၁၅၄ဝ ပြည့်နှစ်တွင် တိုက်ဆင် (၁၃ဝ) ၊ မြင်း(၂,၁ဝဝ) စစ်သည် (၁၃ဝ,ဝဝဝ) ပါဝင်သော တပ် (၁) တပ်ဖြင့် မုတ္တမသို့ချီသည်။ မုတ္တမသည် နိုင်ငံခြားသင်္ဘောများ ဝင်ထွက်ကုန်သွယ်ရာ ဆိပ်ကမ်းမြို့ဖြစ်၍ မြို့စား “စောဗညား“ မှာ ချမ်းသာကြွယ်ဝသည်။ ပေါ်တူဂီကြေးစားစစ်သားများကို ငှားရမ်း၍ မြို့ကို အခိုင်အမာပြုထားသည်။

ပထဝီအနေအထားအရ မုတ္တမသို့ ရေလမ်းမှသာ ဝင်နိုင်သည်။ (မျက်မှောက်ခေတ်ကားလမ်းရထားလမ်းများသည် ထိုစဉ်က ရေအောက်တွင်ရှိသည်။) မင်းတရားရွှေထီစးချီလာသောအခါ မုတ္တမဆိပ်ကမ်းအဝင်ဝတွင် ပေါ်တူဂီသင်္ဘော (၇) စီးက ကျောက်ချစောင့်ရှောက်ထားသည်။ မင်းတရားရွှေထီး ဟံသာဝတီမှ သယ်ယူလာသော တိုက်လှေကြီး (၃ဝဝ) တို့မှာ ပေါ်တူဂီတို့၏ အမြောက်ဒဏ်ကြောင့် ကွဲအက်နစ်မြုပ်ပြီး ရဲမက်များကျဆုံးသည်။
ထိုကြောင့် မင်းတရားရွှေထီးသည် မိမိရေတပ်ကို အမြောက်တစ်ကမ်းတွင် နေရာချထားပြီး မုတ္တမမြို့တွင်းသို့ ရိက္ခာလုံးဝမသွင်းနိုင်အောင် ပိတ်ဆို့ထားလိုက်သည်။ ကြာသော်မြို့တွင်း၌ ရိက္ခာရှားပါးလာသည်။

Written by အံ့ကျော်

Advertisements
<

Leave a Reply