မုတ္တမတိုက်ပွဲတွင် မွန်ပဒေသရာဇ်များ အချင်းချင်းစည်းလုံးညီညွတ်မှုမရှိသည်ကို တွေ့ရသည်။ မုတ္တမမြို့စား “စောဗညား“ သည် သုရှင်တကာရွတ်ပိ၏ နှစ်မအကြီး “တလာကမူ“ မင်းသမီး၏ ခင်ပွန်းဖြစ်သည်။ မော်လမြိုင်မြို့စား “ဗညားဦး“ မှာလည်း စောဗညား၏ ယောက်ဖဖြစ်သည်။ မင်းတရားရွှေထီး၏ တပ်များ မုတ္တမကို ဝန်းရံပိတ်ဆို့ထားစဉ်က မော်လမြိုင်မြို့စား ဗညားဦးသည် မုတ္တမမြို့စားကို မည်သည့်အကူအညီမျှ မပေးခဲ့ချေ။

ပင်လယ်ဝတွင် နေထိုင်ကြသော မုတ္တမမြို့စားနှင့် မော်လမြိုင်မြို့စားတို့သည် ကုန်းပိုင်းဒေသတောင်ငူတွင် ဖွားမြင်သော မင်းတရားရွှေထီးထက် ဒီရေအတက်အကျသဘောသဘာဝကိုလည်းကောင်း၊ ပင်လယ်ရေကြောင်း တိုက်ပွဲတွင်လည်း ပိုမိုကျွမ်းကျင်ကြသည်။ မွန်မြို့စားနှစ်ဦး၏ ရေတပ်များက မင်းတရားရွှေထီး၏ တပ်များကို ညှပ်တိုက်လျှင် တိုက်ပွဲ၏ ရလဒ်သည် တစ်မျိုးတစ်ဖုံဖြစ်လာပေမည်။ မင်းတရားရွှေထီးသည် မော်လမြိုင်စားက မုတ္တမစားဘက်မှ ကူညီမည်မဟုတ်ကြောင်း သိရှိလာသောအခါ မုတ္တမကို အပြင်းအထန်တိုက်ခိုက်သည်။ သို့သော်ပေါ်တူဂီသင်္ဘောများက မုတ္တမကို ကာကွယ်ထားသဖြင့် မုတ္တမကို မရချေ။ ထို့ကြောင့် မင်းတရားရွှေထီးသည် ရေကြောင်းတိုက်ပွဲတွင် ကျွမ်းကျင်သော မွန်အမျိုးသား “သမိန်ပရူး“ ကို ရေတပ်ဝန်ချုပ်ခန့်၍ သင့်အောင်စီရင်လေဟု အမိန့်ချမှတ်သည်။

သမိန်ပရူးသည် လှေတပ်သားများကို မုတ္တမမြစ်ညာရှိ “လကွန်းဗျည်း“ သို့သွား၍ သစ်ဝါးများခုတ်စေသည်။ အဝအလံ(၅ဝ) အလျားအလံ(၁ဝဝ) ရှိသော ဖောင်ကို ဖွဲ့သည်။ (၁ လံ=၄ တောင်= ၆ ပေ) ။ ဖောင်ထက်တွင် (၅x လံမြင့်အောင်၊ မီးရှုးဝါးများကို စည်းနှောင်စုပုံထားစေသည်။ အဝအလံ(၅ဝ) အလျားအလံ (၃ဝဝ) ရှိသော အခြားဖောင်တစ်ခုကိုလည်း ဖွဲ့စေသည်။ ထိုဖောင်ထက်တွင် မုတ္တမမြို့ရိုးထက်မြင့်အောင် သစ်တပ်တည်၍ ပြ၊ လက်ရန်၊ သူရဲပြေးတို့ကို ခိုင်ခန့်အောင်ပြုလုပ်စေပြီး၊ အမြောက်နှင့် သေနတ်အပြည့်အစုံတင်ဆောင်နေရာချထားသည်။ နံနက်အရုဏ်ဦးဒီရေကျသောအခါ မီးရှုးဖောင်ကို မီးရှို့သည်။ မီးလျှံထန်းတစ်ဖျားခန့်ရှိသောအခါ မီးရှုးဖောင်ကို မျှောချလိုက်သည်။ မီးရှုးဖောင်နှင့် ပေါ်တူဂီသင်္ဘောများ တိုက်မိသောအခါ ပေါ်တူဂီသင်္ဘောများသို့ မီးကူးစက်သည်။ မုတ္တမသားတို့သည် ပေါ်တူဂီသင်္ဘောများသို့ စွဲလောင်နေသော မီးကို ငြိမ်းသတ်ရန် ထွက်လာကြရာ မင်းတရားရွှေထီး၏ လှေတပ်သာများက ဆီး၍ တိုက်ခိုက်သောကြောင့် မီးမသတ်ဝံ့တော့ဘဲ မြို့တွင်းသို့ ပြန်လည်ပြေးဝင်သွားကြသည်။. ပေါ်တူဂီသင်္ဘော (၇) စီးအနက် (၄) စီးမီးစွဲလောင်၍ ကျန်(၃) စီးတို့မှာ ကျောက်ဆူးနှုတ်၍ ဘေးလွှတ်ရာသို့ ကသောကမျော ဆုတ်ခွာသွားရသည်။

ပေါ်တူဂီသင်္ဘော (၇) စီးမရှိတော့လျှင် အမြောက်လက်နက်အပြည့်အစုံတင်ဆောင်ထားသော ဖောင်ကြီးကို မုတ္တမဆိပ်ကမ်းသို့ကပ်၍ မြို့တွင်းသို့ အမြောက်များဖြင့် ပတ်ခတ်တိုက်ခိုက်သည်။ မုတ္တမသားတို့မြို့ထိပ်မှ ခုခံနိုင်စွမ်းမရှိသောအခါ မင်းတရားရွှေထီး၏ တပ်များသည် မြို့ရိုးသို့ချဉ်းကပ်တူးဖြိုကာ မြို့တွင်းသို့ဝင်ရောက်တိုက်ခိုက်ကြသည်။ မုတ္တမစားစောဗညားသည် အညံ့ခံအလျှော့မပေးဘဲ စုရုံးမိသမျှ ရဲမက်ဗိုလ်ပါတို့နှင့် သတ္တိအပြည့်ဆီးကြိုတိုက်ခိုက်သည်။ “နန္ဒကျော်သူ“ နှင့် စောဗညားတို့ ဆင်ဖြင့် စီးချင်းထိုးကြရာ အချိန်အတန်ကြာဝှေ့ကြပြီး နောက် စောဗညား၏ ဆင်လည်၍ ပြေးသည်။ လိုက်၍ ထပ်တိုက်လျှင် စောဗညားကို ဆင်နှင့်တကွရ၍ မင်းတရားရွှေထီးထံ ဆက်သသည်။ မင်းတရားရွှေထီးသည် မိမိရဲမက်တို့က မုတ္တမမြို့သူမြို့သားတို့ထံမှ ရွှေငွေအဖိုးတန်ပစ္စည်းများကို လုယက်သည်ဟုကြားလျှင် မောင်းကြေးနင်းခတ်၍ တားဆီးမိန့်ထုတ်ပြန်သည်။ တားဆီးမိန့်ထုတ်ပြန်ချိန်တွင် မုတ္တမသားတို့ လက်ဝယ်ရှိမြင်မြင်သမျှအဖိုးတန်ပစ္စည်းများသည် အနိုင်ရစစ်သည်တို့၏ လက်ဝယ်သို့ ရောက်ရှိသွားပြီးဖြစ်ပေမည်။

မုတ္တမကို အလိုတော်ပြည့်လျှင် မင်းတရားရွှေထီးထံ မော်လမြိုင်စားဗညားဦးသည် ဆွေသားမျိုးသားခြံရံလျက် လက်ဆောင်လက်နက်များဖြင့် ဦးခိုက်လာ၍ သစ္စာပေးပြီးလျှင် ဆောင်ရွက်မြဲအစီးအနင်းနှင့် မော်လမြိုင်မြို့ကို အပ်တော်မူသည်။ မုတ္တမမြို့ကိုမူ သုရှင်တကာရွတ်ပိ၏ နှမငယ်၏ ခင်ပွန်း “စောလကွန်းအိမ်“ ကို ပေးတော်မူ၍ ဟံသာဝတီသို့ ပြန်တော်မူသည်။

(စကားချပ်။ စောဗညားနှင့် စောလကွန်းအိမ်တို့သည် သူရှင်တကာရွတ်ပိ၏ နှမများ၏ ခင်ပွန်းများဖြစ်ကြသဖြင့် မယားညီအကိုတော်စပ်သည်။ မြန်မာ့သမိုင်းတွင် မယားညီအကိုတော်စပ်သူများသည် ကနဦးတွင် ရဲဘော်ရဲဘက်သေဖော်သေဘက်များ ဖြစ်ကြသော်လည်း နိဂုံးပိုင်းတွင် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သွားကြသည်ကို တွေ့ရသည်။ ဥပမာ-ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်း၊ ဗိုလ်ချုပ်အကို ဦးအောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်။)
မင်းတရားရွှေထီး မုတ္တမကို ရခြင်းသည် စစ်ရေးနိုင်ငံရေးအရများစွာ အကျိုးရှိသည်။ မော်လမြိုင်အပါအဝင် မွန်နယ်အားလုံး လက်အောက်ခံအဖြစ် ခိုဝင်လာကြသည်။ တနင်္သာရီကမ်းရိုးတန်းထားဝယ်ဆိပ်ကမ်းမြို့အထိရလိုက်သည်။ မင်းတရားရွှေထီးက တနင်္သာရီကမ်းရိုးတန်းကို သိမ်းပိုက်လိုက်သောအခါ ယိုးဒယားက မြန်မာတို့သည် မိမိတို့ ပိုင်နက်အတွင်း ကျူးကျော်သည်ဟု မှတ်ယူသည်။

၁၅၄၇- ခုတွင် မင်းတရားရွှေထီးရခိုင်သို့ စစ်ချီကြောင်းကြားလျှင် ယိုးဒယားဘုရင်သည် စစ်သည် (၆ဝဝဝဝ) ကို ထားဝယ်သို့ ကျူးကျော်တိုက်ခိုက်စေသည်။ ထားဝယ်မြို့စားက ခုခံတိုက်ခိုက်သော်လည်း အင်အားချင်းမမျှ၍ ရေးမြို့သို့ ဆုတ်ခွာရသည်။ ထိုသတင်းကို မင်းတရားရွှေထီးကြားလျှင် ရခိုင်ကိစ္စကို ပြေလည်အောင်ဆောင်ရွက်ပြီး ၂၁ မတ် ၁၅၄၇ တွင် ဟံသာဝတီသို့ ပြန်လာသည်။

မကြာမီမှာပင် မုတ္တမစားစောလကွန်းအိမ်ကို ဗိုလ်မှူးခန့်၍ စစ်သည် (၄ဝဝဝဝ) ဖြင့် ထားဝယ်သို့ ရေကြောင်းချီစေသည်။ တစ်ချိန်တည်းမှာပင် စစ်သည် (၈ဝဝဝဝ) ပါ ကြည်းတပ်ကိုဖွဲ့စည်း၍ ၁။ သမိန်မော်လမြိုင် ၂။ သမိန်ရေး ၃။ သမိန်လဝန်း ၄။ သမိန်တိုက်ကုလား ၅။ သမိန်စစ်တောင်း ၆။ သမိန်အစုတ် ၇။ သမိန်လဂွန်းဗျည်းနှင့် ၈။ သမိန်ကျဉ်းစစ်သာ မွန်စစ်ခေါင်းဆောင်များကို စစ်ဆင်ရေးမှူးများအဖြစ် ခန့်အပ်သည်။ စစ်ဆင်ရေးမှူးတစ်ဦးလျှင် ထားဝယ်သို့ ချီကား ကျူးကျော်သူယိုးဒယားတို့အား တိုက်ခိုက်စေသည်။ တိုက်ပွဲအသီးသီးတွင် ယိုးဒယားတို့ဘက်မှ ထိခိုက်ကျဆုံးရှုံးမှုများပြီး တပ်များပျက်၍ ပြန်လည်ဆုတ်ခွာသွားရသည်။

ထားဝယ်သို့ ကျူးကျော်တိုက်ခိုက်လာသော ယိုးဒယားတပ်များကို အောင်မြင်စွာ တိုက်ခိုက်မောင်းထုတ်သော ကြည်းရေတပ်သားအများစုမှာ မွန်များဖြစ်ကြသည်။ ထိုစဉ်က မွန်များသည် မိမိတို့ပိုင်နက်မြေကို ကာကွယ်ရမည့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများဖြစ်သည်ကို မှတ်တမ်းတင်ရမည်ဖြစ်သည်။

ထားဝယ်အရေးအခင်းတွင် ယိုးဒယားတပ်များအပေါ် အောင်ပွဲရပြီးနောက် မင်းတရားရွှေထီးသည် ယိုးဒယားသို့ စစ်ချီရန် ပြင်ဆင်သည်။ တိုက်ဆင် (၂ဝဝ) ၊ မြင်း (၈ဝဝဝ) ၊ စစ်သည် (၄ဝဝဝဝ) စီးပါဝင်သော တပ်မကြီး (၃) တပ်ကို ဖွဲ့စည်းသည်။

၁၃ နိုဝင်ဘာ ၁၅၄၈ တွင် တပ်မကြီးများ ဟံသာဝတီနေပြည်တော်မှ စတင်ချီသည်။ အလယ်တပ်မကြီးကို မင်းတရားရွှေထီးကိုယ်တိုင်ဦးဆောင်သည်။ မုတ္တမသို့ ရောက်လျှင် စစ်သည် (၁၂ဝဝဝဝ) ၊ မြင်းနှင့် ကုန်တင်ယာဉ်များသည် မုတ္တမမြို့စား စောလကွန်းအိမ်ကြီးကြပ်တည်ဆောက်ထားသော “မုတ္တမ မော်လမြိုင် တံတား“ ကို ဖြတ်သန်း၍ မော်လမြိုင် ဘက်ကမ်းသို့ ကူးသည်။ မော်လမြိုင်ဘက်ကမ်းသို့အရောက်ညီလျှင် ဘုရားသုံးဆူတောင်ကြားကို ဖြတ်၍ ယိုးဒယားသို့ချီသည်။

ပွဲဦးထွက်တိုက်ပွဲတွင် ဘုရင့်နောင်၏ တပ်များက ယိုးဒယားတပ်များကို ချေမှုန်းပြီးနောက် အယုဒ္ဓယမြို့တော်သို့ ချီတက်ဝန်းရံသည်။ တစ်လခန့်ဝန်းရံသော်လည်း မြို့တော်ကို မသိမ်းပိုက်နိုင်သဖြင့် ဖိတ်သနုလောက် (Phitsanulok) ကမ်ဖန်ဖက် (Kamphang Phet) နှင့် ဆူကိုထိုင်း (Sukhothai) စသည့် ဒေသများသို့ ချီတက်တိုက်ခိုက်သည်။ ယိုးဒယားဘုရင်၏ ညီ၊ သားနှင့် သမက် (၃) ဦးတို့ကို လက်ရဖမ်းဆီးမိသည်။

မကြာမီယိုးဒယားဘုရင်က ထို(၃) ဦးကို ပြန်လွှတ်ပေးရန်နှင့် ယိုးဒယားက (၁) နှစ်လျှင် လက်ဆောင်ပဏ္ဏာအဖြစ် ဆင် (၃ဝ) ငွေ (၃ဝဝ) ပိဿာအပြင် တနင်္သာရီဆိပ်ကမ်းမှ ကောက်ခံရရှိသော အခွန်များကို ပေးပါမည်ဟု သံ(၂) ဦးစေလွှတ်၍ ကမ်းလှမ်းလာသည်။ မင်းတရားရွှေထီးက ကမ်းလှမ်းချက်ကို လက်ခံ၍ ထို(၃) ဦးအပြင် ဖမ်းမိထားသော ယိုးဒယားသုံ့ပန်းများကိုလည်း ပြန်လည်ပေးအပ်သည်။

မင်းတရားရွှေထီးသည် ယိုးဒယားတို့နှင့် အပြေအလည်ဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာရာ ၂၈ ဖေဖော်ဝါရီ ၁၅၄၉ တွင် ဟံသာဝတီသို့ ပြန်လည်ရောက်ရှိသည်။

ယိုးဒယားမှ ပြန်ရောက်ပြီးမကြာမီမှာပင် မင်းတရားရွှေထီးသည် အုပ်ချုပ်ရေးကို လျစ်လျူရှု၍ မူးယစ်သောက်စားခြင်းဖြင့် အချိန်ကို ဖြုန်းတီးသည်။

တစ်ရံရောအခါက မိစရစ်မင်း (အိန္ဒိယပြည်ဂိုအာနယ်ပေါ်တူဂီဘုရင်ခံဖြစ်ဟန်တူသည်။) သည်တူဖြစ်သူပေါ်တူဂီလူငယ်ကို သင်္ဘော (၇) စင်း၊ ကူရွပ်ခေါ် စစ်လှေ (၂ဝဝ) ဖြင့် အစည်မြို့ (Achin) သို့ စေလွှတ်သည်။ ပေါ်တူဂီလူငယ်ဦးဆောင်သော ရေတပ်ပျက်စီး၍ ပေါ်တူဂီစစ်သား (၃ဝဝ) နှင့် စစ်လှေများ မုတ္တမဆိပ်ကမ်းသို့ ရောက်လာသည်။ မုတ္တမမြို့စားက ဆိုက်ကပ်လာသော ပေါ်တူဂီများကို မင်းတရားရွှေထီးထံ ဆက်သသည်။ မကြာမီမှာပင် မင်းတရားရွှေထီးသည် ရုပ်ရည်သန့်၍ အပစ်အခတ်ကျွမ်းကျင်သော ပေါ်တူဂီလူငယ်နှင့် ခင်မင်ရင်းနှီးသွားသည်။ ထိုလူငယ်ဆက်သသည့် စပျစ်သီးပျားရည်တို့ဖြင့် ချက်သောအရက်ကို သောက်သုံးရာ၊ ပထမပိုင်းတွင် လူက အရက်ကို နိုင်သော်လည်း နောက်ပိုင်းတွင် အရက်က လူကိုနိုင်သွားသည်။ အမေ့မေ့အလျော့လျော့ဖြစ်လာသည်။ ထိုစဉ်စစ်တောင်းစား “သမိန်စောထွက်“ က အရှေ့ကသာအရပ် (ကျိုက်ကသာ) တွင် ဆင်ဖြူပေါ်သည်ဟု လိမ်လည်လျှောက်ထားသည်။ မင်းတရားရွှေထီးသည် ကျိုက်ကသာရှိ “အင်လိတ်“ ဘုရားအနီးတပ်စခန်းတွင် စက်တော်ခေါ်စဉ် သမိန်စောထွတ်၏ ညီ “လက်ဝဲဝင်းမှူး“ က လုပ်ကြံရာ ဦးခေါင်းပြတ်၍ သလွန်အောက်သို့ စဉ်ကျသည်။ ထိုနေ့ကားမြန်မာသက္ကရာဇ် ၉၁၂ – ခု ကဆုန်လပြည့်ကျော် (၁) ရက် ဗုဒ္ဓဟူးနေ့ဖြစ်သည်။ ဖွားမြင်သည့်နေ့မှာလည်း ၈၇၇- ခု ကဆုန်လပြည့်ကျော် (၁) ရက် ဗုဒ္ဓဟူးနေ့ဖြစ်၍ ဖွားမြင်သော လရက်နေ့တို့သည် နတ်ရွာစံသော လရက်နေ့တို့နှင့် ကိုက်ညီနေသည်ကို ထူးခြားစွာတွေ့ရသည်။

Written byအံ့ကျော်

Leave a Reply