Advertisements

မစ္စတာလျောင်ချိုင်သည် သီပေါမင်းပါတော်မမူမီ (၁) နှစ်အလို ၁၈၈၄-ခုတွင် မော်လမြိုင် မုပွန်ရပ်ရှိ ပြင်သစ်လူမျိုး “လိမ္မော်ဇင်“ ပိုင် “ဖီးနစ်“ အရက်ချက်စက်ရုံကို ဝယ်ယူသည်။ ထိုသို့ ဝယ်ယူပြီးနောက် အရက်ချက်စက်ရုံ၏ လိုအပ်ချက်များကို အကွက်စေ့အောင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်သည်။ အစစအရာရာအဆင်သင့်ဖြစ်သောအခါ အရက်သုံးမျိုးကို ထုတ်လုပ်သည်။ ဖီးနစ်ဝီစကီ (Phoenix Whisky)၊ ဖီးနစ်အရန်ဒီ (Phoenix Brandy) နှင့် အိုးပီအရက်ပြင်းတို့ဖြစ်ကြသည်။

ထုတ်လုပ်ပြီးအရက်များကို ရောင်းချရန် မော်လမြိုင်အရက်ဈေးကွက်သို့ မဟုတ်အရက်သောက်သုံးသူဦးရေကို ဆန်းစစ်ရန်လိုသည်။ ၁၈၇၂-ခု မော်လမြိုင်လူဦးရေသည် (၄၆၄၇၂) ဦးဖြစ်သည်။ လူမျိုးအလိုက်လူဦးရေကို စာရင်းကို လေ့လာသောအခါ အိန္ဒိယနိုင်ငံသား (၁၈၆၃၅) ဦး၊ မွန် (၁၂၁၆၂) ဦးနှင့် ဗမာ (၁၁၁၁၅) ဦးရှိသည်ကိုတွေ့ရသည်။ အိန္ဒိယနိုင်ငံသားများတွင် မဒရာစီ၊ ဂေါ်ရင်ဂျီ၊ ဘင်္ဂါလီနှင့် စစ်တကောင်းသားများ ပါဝင်၍ ဘင်္ဂါလီဦးရေမှာ အများဆုံးဖြစ်သည်။ အိန္ဒိယနိုင်ငံသားဦးရေသည် မြို့လူဦးရေ၏ (၂၅) ရာခိုင်နှုန်းခန့်ရှိသည်။

တနင်္သာရီတိုင်း (ယခုမွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး) တွင် လိုလိုနီခေတ်က မြေလွတ်မြေရိုင်းများစွာရှိခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရက မြေသာသစ်များဖော်ထုတ်ရေးအတွက် ဘင်္ဂါလီအများအပြားကို စည်းမဲ့ကမ်းမဲ့တင်သွင်းခဲ့သည်။ ရေကြည်ရာမြက်နုရာမော်လမြိုင်သို့ ရရာအလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာသော ဘင်္ဂါလီများလည်းရှိသည်။ စစ်မှုထမ်းသက်ပြီးဆုံးချိန်တွင် နေရပ်သို့ မပြန်တော့ဘဲ မော်လမြိုင်တွင် အခြေချနေထိုင်သော ဘင်္ဂါလီများလည်းရှိသည်။

ဟိန္ဒူ မွန်စလင်လူမျိုးစုံတို့သည် မော်လမြိုင်သို့ ရောက်သောအခါ အစိုးရဌာနအသီးသီးတွင် အောက်ခြေဝန်းထမ်းများ အဖြစ်လုပ်ကိုင်ကြသည်။ မြူနီစီပါယ် (စည်ပင်သာယာ) အဖွဲ့တွင် လမ်းဖောက်တံတားဆောက်နှင့် သန့်ရှင်းရေးလုပ်သားများအဖြစ်လည်း လုပ်ကိုင်ကြသည်။ သမ္ဗန်ခတ်သမားနှင့် ကူလီများအဖြစ်လည်းလုပ်ကိုင်ကြသည်။ ထိုနိုင်ငံခြားသားအလုပ်ကြမ်းသမားများနှင့် တိုင်းရင်းသားအလုပ်ကြမ်းသမားများသည် အလုပ်ပြီးစီးချိန်တွင် ဓနိပင်အဖူးမှ ထုတ်ပြီးစ ဓနိရည် (ပင်ကျရည်) သည် နံနက်(၁၁) နာရီခန့်အချိန်အထိ ချိုသော အရသာရှိသည်။ နံနက် (၁၁) နာရီမှ မွန်းလွဲ (၂) နာရီအတွင်းတွင်ကား ဓနိရည်သည်အခါးဓာတ်ဖောက်လာပြီးနောက်ပိုင်းတွင် အခါးချဉ်းခါးအရသာဖြစ်ပေါ်လာ၍ သောက်သုံးသူကို ပိုမိုမူးယစ်စေသည်။ ညနေပိုင်းသောက်သုံးသူများသည် ဓနိရည်တွင် ဆားအနည်းငယ်ခပ်၍ သောက်လုပ်လေ့ရှိသည်။

ကိုလိုနီခေတ်ဦးမော်လမြိုင်နှင့် ဝန်းကျင်ဒေသများတွင် ထန်းရည်မပေါ်ပေါက်သေးချေ။ ကိုလိုနီခေတ်နှောင်းတွင် အထက်မြန်မာနိုင်ငံမှ အညာသားများရောက်လာသောအခါမှသာ ထန်းပင်ထန်းဖူးမှ ထန်းရည်ထုတ်လုပ်သော နည်းကိုတတ်ကျွမ်းလာပြီး ထန်းရည်သောက်သုံးသူများပေါ်ပေါက်လာသည်။

လျောင်ချိုင်စက်ရုံမှ ထုတ်လုပ်သော ဘရန်ဒီနှင့် ဝီစကီအရက်များကို အရာရှိများနှင့် တိုင်းရင်းသားအထက်တန်းစားအချို့သာ သောက်သုံးသဖြင့် ရောင်းအားနည်းသည်။ ထိုကြောင့် လျောင်ချိုင်သည် လူများစုဖြစ်သော အောက်ခြေလူတန်းစားနှင့် လူလတ်တန်းစားများ သောက်သုံးနိုင်ရန် “အိုပီအရက်ပြင်း“ များကို ဦးစားပေး၍ ထုတ်လုပ်သည်။ အိုပီအရက်ပြင်း (၁) ပုလင်းနှင့် ရေ (၃) ပုလင်းရောစပ်သောအခါ သာမန်အရက် (၄) ပုလင်းရသည်။ အရက်သည် နံနက်ခင်းတွင် သောက်သည်ဖြစ်စေ၊ နေလည်ပိုင်း၊ ညနေစောင်း၊ ညဦးတို့တွင် သောက်သည်ဖြစ်စေ၊ မျက်နှာမသစ်ခင်သောက်သည်ဖြစ်စေ၊ ဓနိရည်ကဲ့သို့ အာနိသင် (ဂုဏ်သတ္တိ) ေြာင်းလဲသွားခြင်းမရှိချေ။ ထိုကြောင့် သက်ကြီးရွယ်အို ဓနိရည်သောက်သုံးသူများသာ ဓနိရည်ကို ဆက်လက်သောက်သုံးကြသော်လည်း လူငယ်ပိုင်းဓနိရည်သမားများကား အရက်သမားဘဝသို့ ကူးပြောင်းလာကြသည်။ လျောင်ချိုင်အရက်များပို၍ ပို၍ ရောင်းချလာရသည်။

လောဘကို အတောမသတ်နိုင်သော လျောင်ချိုင်သည် အရက်ဈေးကွက်ကို မော်လမြိုင်ပေါ်တွင်သာမက ပတ်ဝန်းကျင်မြို့နယ်များသို့ပါ ချဲ့ရန် ပြင်းပြသော ဆန္ဒဖြစ်ပေါ်လာသည်။ မကြာမီမှာပင် လျောင်ချိုင်၏ ဆန္ဒကို ဖြည့်စွမ်းပေးမည့်အခွင့်အလမ်းတစ်ခု ကံအားလျော်စွာ ပေါ်ပေါက်လာသည်။

၁၉ ရာစုအစပိုင်းတွင် ရာသီဥတုဖော်ပြန်မှုကြောင့် တရုတ်ပြည်ဒေသအချို့တွင် အငတ်ဘေးဆိုက်သည်။ ထိုအခါ တန်ဘိန်ဝှက် (Tan Bain Whet) ဦးဆောင်သော တရုတ်လူငယ်တစ်စုသည် အငတ်ဘေးဆိုက်နေသည တရုတ်ပြည်မှ ရေကြည်ရာမြက်နုရာ မြန်မာပြည်သို့ စွန့်စွန့်စားစားခြေလျင်ခရီးထွက်ခွာလာကြသည်။ တောတောင်အထပ်ထပ်မြစ်ချောင်းအသွယ်သွယ်ကို ဖြတ်သန်းရသဖြင့် တောရိုင်းတိစ္ဆာန်တို့ အန္တရာယ်ကို သတိထားရသည်။ တန်ဘိန်ဝှက်သည် ငွေကျပ် (၅ဝ) ထည့်ထားသော ဝါးတောင်ဝှေးကို ကိုင်၍ လျှောက်လှမ်းခဲ့ရသည်။ (သီပေါမင်းလက်ထက်တွင် ရွှေ (၁) ကျပ်သား တန်ဖိုးမှာ (၁၅) ကျပ်ဖြစ်သည်။)

တန်ဘိန်ဝှက်သည် တရုတ်ပြည်မှ စတင်ထွက်ခွာလာသည့်နေ့မှ တစ်လတိတိအကြာတွင် မော်လမြိုင်သို့ ရောက်သည်။ မိမိပါလာသော ငွေကြေးဖြင့် မော်လမြိုင်တွင် စီးပွားရေးလုပ်ငန်း မလုပ်နိုင်သဖြင့် မုဒုံသို့ ခရီးဆက်သည်။ မုဒုံသို့ ရောက်သောအခါ မိမိကျွမ်းကျင်သော ဝက်မွေးမြူရေးလုပ်ငန်းကို စတင်လုပ်ကိုင်သည်။ အောင်မြင်သည်။ စိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်သည်။ ဘဝကြင်ဖော်လိုအပ်လာသည်။ “ဒေါ်ဘွင့်“ နှင့် အိမ်ထောင်ပြုသည်။ သားသမီး (၉) ဦးထွန်းကားသည်။ ၁။ န်စစ်ရင် ၂။တန်တောင်သူ ၃။ ဒေါ်ခင် ၄။ ဒေါ်ကြင် ၅။ တန်ရှမ်းလေး ၆။ ဒေါ်ဘိုင် ၇။ ဒေါ်လှိုင် (ခ) ဒေါ်ခွေးမ ၈။ ဒေါ်ဖြူနှင့် ၉။ ဒေါ်ကြူတို့ဖြစ်ကြသည်။
တန်ဘိန်ဝှက်သည် စီးပွားရေးပိုမိုတိုးတက်အောင်မြင်လာသောအခါ ထားဝယ်သူ ဒေါ်ချစ်စုနှင့် ဒုတိယအကြိမ်အိမ်ထောင်ပြုပြန်သည်။ “ဒေါ်ဝက်မ“ နှင့် “ဒေါ်ကြူလေး“ သမီးနှစ်ဦးဖွားမြင်သည်။

တန်ဘိန်ဝှက်သည် ချမ်းသာကြွယ်ဝလာသည်နှင့်အမျှ ထင်ပေါ်လာသည်။ လူချစ်လူခင်များလာသည်။ စန်းပွင့်လာသည်။ တတိယအကြိမ် အိမ်ထောင်ပြုပြန်သည်။ တတိယဇနီး “ဒေါ်ဘီယား“ က သမီးနှစ်ဦးဖွားမြင်သည်။ “ဒေါ်ငြိမ်းခင်“ နှင့် “ဒေါ်ကြင်“ တို့ဖြစ်ကြသည်။

တန်ဘိန်ဝှက်သည် မိမိတရုတ်မျိုးရိုးတိမ်ကောပပျောက်မသွားစေရန်၊ သားယောင်္ကျားများကို ဒေသခံတိုင်းရင်းသူများနှင့် တရားဝင်လက်ထက်ခွင့်ပြုသော်လည်း သမီးများကိုကား တရုတ်ပြည်မှ အသစ်ဝင်ရောက်လာသော တရုတ်များနှင့် လက်ထပ်စေရန် သံမဏိစည်းကမ်းချမှတ်ထားသည်။

(ကိုလိုနီခေတ်တွင် တရုတ်ပြည်မှ မြန်မာပြည်သို့ စီးပွားရှာရန် ဝင်ရောက်လာသော တရုတ်များသည် တိုင်းရင်းသူများနှင့် တရားဝင်လက်ထပ်၍ အိမ်တစ်ဆောင်မီးတစ်ပြောင်နှင့် ထားလေ့ရှိသည်။ မျက်မှောက်ခေတ်တွင်ကား တိုင်းရင်းသူအချို့သည် လူမှောင်ခိုသူများမှ တစ်ဆင့် တရုတ်ပြည်သို့ ပို့ဆောင်ရောင်းစားခြင်းခံနေရသည်။ တရုတ်များ၏ ခြေတော်တင်ခြင်းခံနေကြရသည်။ လိင်ကျွန်များဖြစ်နေကြရသည်။ “လူငရဲ“ သို့ ကျရောက်နေကြရသည်ကို ဝမ်းနည်းကြေကွဲဘွယ် ဖတ်ရှုကြားသိနေရသည်။)

ဖခင်တန်ဘိန်ဝှက်ချမှတ်ထားသော အိမ်ထောင်ပြုရေးစည်းကမ်းကို မလိုက်နာသော သမီးတစ်ဦးရှိသည်။ တတိယဇနီးက ဖွားမြင်သော သမီး “ဒေါ်ငြိမ်းခင်“ သည် အိန္ဒိယအမျိုးသားဝတ်လုံတော်ရ မစ္စတာခန်း (Mr.Khan) နှင့် လက်ထပ်ပြီး အိန္ဒိယသို့ လိုက်ပါသွားသည်။ ဒေါ်ငြိမ်းခင်သည အိန္ဒိယသို့ရောက်သောအခါ ဆာရီဝတ်သော တရုတ်မ ဖြစ်သွားသည်။

တန်ဘန်ဝှက်သည် စိုက်ပျိုးမွေးမြူလုပ်ငန်းကို လုပ်ကိုင်လာရာ နှစ်အတန်ကြာသောအခါ ငွေကြေးအတန်အသင့်စုဆောင်းမိလာသည်။ ထိုအခါ စုဆောင်းမိသမျှငွေကြေးအားလုံးကို စုပုံရင်းနှီး၍ ဆန်စက်တစ်လုံးတည်ထောင်သည်။ ဆန်စက်ပုံမှန်လည်ပတ်နိုင်ရန် စပါးဝယ်ယူသိုလှောင်ရေးနှင့် အခြားလိုအပ်ချက်များဖြည့်ဆည်းရေးအတွက် ငွေကြေးထပ်မံလိုအပ်သည်။ မိမိတွင် ငွေကြေးကုန်ခမ်းနေသဖြင့် အကျပ်အတည်းနှင့် ရင်ဆိုင်ရသည်။

ထိုအခါ တန်ဘိန်ဝှက်သည် မော်လမြိုင်သို့ သွားရောက်ပြီး လျောင်ချိုင်နှင့် တွေ့ဆုံကာ အကူအညီတောင်းသည်။ လျောင်ချိုင်က မိမိထုတ်လုပ်သော အရက်များကို မုဒုံတွင် ရောင်းချရန် အကြံပေးသည်။ အကြွေးရောင်းချပေးမည်ဟုလည်း ကတိပေးသည်။ တန်ဘိန်ဝှက်က သဘောတူသည်။ လျောင်ချိုင်၏ အရက်ဈေးကွက်ချဲ့ထွင်လိုသော ဆန္ဒပြည့်ဝသွားသည်။

ထိုစဉ်က မော်လမြိုင်နှင့် မုဒုံအကြားတွင် ကတ္တရာလမ်းမရှိသေးဘဲ ကျောက်ခင်းလမ်းသာရှိသည်။ မြို့နှစ်မြို့အကြားသွားလာရေးတွင် နွားလှည်းကိုသာ အားကိုးအားထားပြုရသည်။ လျောင်ချိုင်အရက်ချက်စက်ရုံမှ ထုတ်လုပ်သော အိုပီအရက်ပြင်းကို သစ်သားစည်တွင်ထည့်၍ နွားလှည်းဖြင့် မုဒုံသို့ ပို့ပေးရသည်။ (၄၄) ဂါလံဝင်သံစည်ပိုင်းထက် (၂) ဆခန့်ကြီးသော သစ်သားစည်ကို ဈေးကြိုဆန်တန်းရပ်မှ တရုတ်လက်သမားများက ပြုလုပ်ပေးသည်။ အရက်စည်တင်သော လှည်းကို သန်မာသော နွားနှစ်ကောင်တပ်၍ မောင်းနှင်ရသည်။ “ကွေ့ဝမ်း“ ရွာသို့ ရောက်သောအခါ အသင့်စောင့်ဆိုင်းနေသော နွားအသစ်နှစ်ကောင်ဖြင့် ပြောင်းတပ်၍ မုဒုံသို့ ခရီးဆက်ရသည်။

Written by အံ့ကျော်

Advertisements
<

Leave a Reply