တန်ဘိန်ဝှက်သည် ပထမဇနီးမှ ဖွားမြင်သော သမီးထွေး “ဒေါ်ကြူ“ အား အရက်နှင့် ပတ်သက်သော တာဝန်အရပ်ရပ်ကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးသည်။

မော်လမြိုင် လျောင်ချိုင်အရက်ချက်စက်ရုံမှ အိုပီအရက်ပြင်းများ တင်ဆောင်လာသော နွားလှည်း မုဒုံသို့ ရောက်သောအခါ အသင့်စီမံပြုလုပ်ထားသော (၂၅) ဂါလန်ခန့် စီဆန့်သော သစ်သားစည်ပြတ်များအတွင်းသို့ (၅) ဂါလန်စီလောင်းထည့်သည် ထို့နောက်ထိုစည်ပြတ်များအတွင်းသို့ ပိုးမွှားအန္တရာယ်ကင်းစင်စေရန် ကျိုချက်ထားသော ရေကျက်အေး (၁၅) ဂါလန်စီလောင်းထည့်သည်။ ထိုအခါသစ်သားစည်ပြတ်များအတွင်း သာမန်အရက်ရိုးရိုးဂါလန် (၂ဝ) စီရှိလာသည်။ အိုပီအရက်ပြင်း (၁) ဆနှင့် ရေ (၃) ဆရောရာမှ ရိုးရိုးအရက် (၄) ဆရလာသည့်သဘောဖြစ်သည်။ မော်လမြိုင်မှ သယ်ဆောင်လာသော စည်ကြီးအတွင်းမှ အိုပီအရက်ပြင်းများကို ထုတ်ယူရာတွင် စည်ကြီးအတွင်းဖင်ကပ်အဖြစ် အိုပီအရက်ပြင်း (၁) ပုလင်းခန့်ကျန်ရစ်သည်။

စေ့စပ်သေချာသော အပျိုကြီး “ဒေါ်ကြူ“ သည် လှည်းပေါ်ရှိ အရက်စည်ကြီးအတွင်းသို့ ရေကျက်အေး (၃) ပုလင်းလောင်းထည့်သည်။ ထိုနောက် မူလတန်းအရွယ်မိမိ၏ တူ-တူမလေးများအား အရက်လှည်းကြီးကို “ရှေ့တိုးနောက်ငင့်“ ဆွဲလှုပ်ခိုင်းသည်။ မကြာမီမှာပင် လှည်းပေါ်ရှိ စည်ကြီးအတွင်းမှ ရိုးရိုးအရက် (၄) ပုလင်းထပ်မံထွက်လာသည်။ ဒေါ်ကြူက တူ-တူမလေးများအား မုန့်ဖိုး (၁) ပဲစီဆုချသည်။ (တစ်ကျပ်=(၆၄) ပြား တစ်ကျပ် = ( (၁၆) ပဲ) ထိုစဉ်က သုပ်စုံတစ်ပွဲတန်ဖိုးမှာ (၂) ပြားဖြစ်သည်။

လျောင်ချိုင်အရက်ကို လွန်ခဲ့သော နှစ်ပေါင်း (၁ဝဝ) ခန့်မှစ၍ မုဒုံတွင် ရောင်းချသည်။ အရက်ကို “ဝါးဆစ်ခွက်“ များဖြင့် ခြင်တွယ်ရောင်းချသည်။ ဝါးသစ်ခွက်နှစ်မျိုးရှိသည်။ အရက် (၅) မူးဖိုးဝင်သော ခွက်နှင့် (၁) မတ်ဖိုးဝင်သော ခွက်များဖြစ်ကြသည်။

အရက်စတင်ရောင်းချစဉ်က မတွင်းကျယ်သေးချေ။ လူကြီးလူလတ်တို့က မိမိတို့ “ဘိုးဘေးဘီဘင်“ လက်ထက်မှ စ၍သောက်ခဲ့ော ဓနိရည်ကို ဆက်လက်သောက်နေကြ၍ ဖြစ်သည်။ မကြာမီမှာပင် လူငယ်လူလတ်အချို့သည် လျောင်ချိုင်အရက်ကို အစမ်းသောက်ကြည့်ကြသည်။ အရက်၏ အာနိသင် (ဂုဏ်သတ္တိ) ကို နှစ်သက်လာကြသည်။ ဓနိရည်ကို ကြောခိုင်း၍ အရက်ကို ပြောင်းသောက်လာကြသည်။

အရက်သမားဦးရေတိုးပွားလာသည်။ မီးကင်ငါးနှပ်ခြောက်နှင့် မြေပဲဆားလျှော်တို့သည် အရက်နှင့် လိုက်ဖက်သော အမြည်းများဖြစ်လာသည်။

ကာလအတန်ကြာသောအခါ တစ်ရက်လျှင် အရက် (၁) မတ်ဖိုးသောက်သူအချို့သည် (၅) မူးဖိုးသို့ တိုး၍ သောက်လာကြသည်။ အရက်သမားဘဝအစတွင် လူက အရက်ကို နိုင်သော်လည်း နောက်ပိုင်းတွင် အရက်ကလူကိုနိုင်သွားသည်။ အရက်၏ ကျေးကျွန်ဖြစ်သွားသည်။

အရက်ကို နေ့စဉ်ပုံမှန်သောက်သုံးသူအချို့သည် အရက်ဆိုင်ရှင်နှင့် ခင်မင်ရင်းနှီးလာသည်။ အကြွေးဝယ်၍ သောက်လာနိုင်သည်။ အရက်ဖိုးကြွေးကို စပါးပေါ်ချိန်တွင် စပါးဖြင့် ဆပ်ရသော “စပါးပေး“ သောက်သူအချို့လည်း ရှိခဲ့သည်။ စပါးပေးသောက်သူများသည် စပါးပေါ်ချိန်တွင် မိမိလယ်မှ စပါးဖြင့် အရက်ကြွေးဆပ်သူများရှိသကဲ့သို့ သူတစ်ပါးလယ်မှ စပါးကို ခိုး၍ ကြွေးဆပ်သူများလည်း ရိှသည်။

အရက်ဒဏ်ကြောင့် တိုင်းရင်းသားတို့၏ ကျန်းမာရေးယိုယွင်းလာသည်။ အကျင့်စာရိတ္တပျက်ပြားလာသည်။ ဤသို့ဖြင့် ကိုလိုနီခေတ်တွင် နယ်ချဲ့အင်္ဂလိပ်အစိုးရသည် အခွန်တော်လည်းရစေ၊ တိုင်းရင်းသားတို့ အရက်ကျွန်ဖြစ်၍ စိတ်ပိုင်းရုပ်ပိုင်းအရ၊ မိမိတို့အား ဆန့်ကျင်တော်လှန်နိုင်စွမ်းလည်း ကျဆင်းစေဟူသော တစ်ချက်ခုတ်နှစ်ချက်ပြတ် ရည်မှန်းချက်အောင်မြင်သွားသည်။

ကာလအတန်ကြာသောအခါ လျောင်ချိုင်အရက်ဈေးကွက်သည် မုဒုံမြို့ပေါ်တွင်သာမက မြို့နယ်အတွင်းရှိ ကျေးရွာများသို့သာမက ရေးမြို့နှင့် ရေးမြို့နယ်ကျေးရွာများအထိ ပျံ့နှံ့သွားသည်။ လျောင်ချိုင်သည် မိမိအရက်ဈေးကွက် ကျယ်ပြန့်လာသောအခါ “ပျော်တပြုံးပြုံးမော်မဆုံး“ ဖြစ်လာသည်။

၁၈၉၉ – ခုတွင် လျောင်ချိုင်သည် တရုတ်အစိုးရ၏ တာအိုတိုင်း (Tao Tai) အရာချီးမြှင့်သည်။ K.I.H ဘွဲ့မှာ အိန္ဒိယမဟာရာဇာများအာ ပေးလေ့ပေးထရှိသော (Kaiser – I – Hind) ဘွဲ့ဖြစ်သည်။ ၁၉ဝ၃ – ခုတွင် အိန္ဒိယနိုင်ငံဒေသလီမြို့ကျင်းပသော မင်းပွဲတော် (Durbar) သို့ မြန်မာပြည်ရှိ တရုတ်အမျိုးသားများ ကိုယ်စားတက်ရောက်ခွင့်ရ၍ ဆုတံဆိပ်လည်းရရှိခဲ့သည်။

လျောင်ချိုင်သည် လူမှုဆက်ဆံရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် သစ္စာရှိမှု သိက္ခာရှိမှုတို့ကြောင့် လူအများ၏ ယုံကြည်လေးစားခင်မင်မှုကို ရရှိသည်။ အလုပ်ချိန်ုပြင်ပ ကိုယ်ပိုင်အားလပ်ချိန်များတွင် အပေါင်းအဖော်များနှင့် ပျော်ပျော်ပါးပါးနေတတ်သည်။ အလှူအတန်းတွင် ရက်ရောသဖြင့် မြို့သူမြို့သားများ၏ ခင်မင်လေးစားမှုကို ခံရသည်။

မကွယ်လွန်မီ (၃) လအထိ မိမိ၏ စီးပွားရေးလုပ်ငန်းများကို ပုံမှန်ကြီးကြပ်ကွပ်ကွဲသည်။ ခင်မင်ရင်းနှီးသူများက အလုပ်ကို လျှော့လုပ်ရန် တိုက်တွန်းသဖြင့် နှစ်ရှည်လများ လက်ထပ်သင်ပေးထားသော သားဖြစ်သူလျောင်အချွိုင် (Keong Ah Choy) အား တာဝန်အရပ်ရပ်ကို လွှဲအပ်ပေးသည်။

လျောင်ချိုင်သည် အသက်(၇၇) နှစ်ကျော် (၇၈) နှစ်သို့ အကူး ၂၁ မေ ၁၉၁၉ ဗုဒ္ဓဟူးနေ့ ည (၁ဝ) နာရီခန့်တွင် အမှတ် (၁၅၆) အောက်လမ်းမကြီးနေအိမ်၌ ကွယ်လွန်သည်။ ၂၇ မေ ၁၉၁၉ မွန်းလွဲ (၁) နာရီတွင် အသုဘချသည်။ အသုဘမချမီ (၁) ရက်အလိုတွင် မြို့လူထုအထိတ်တလန့်မဖြစ်စေရန် ဆိပ်ကမ်းအရာရှိ (Port Offieer) ၏ အမိန့်အရ သတိပေးကြော်ငြာစာများကို မြို့တွင်းအနှံ့ဖြန့်ဝေသည်။ ကြော်ငြာစာတွင် လျောင်ချိုင်အသုဘချသောနေ့ ၂၇ မေ ၁၉၁၉ ၊ မွန်းလွဲ (၂) နာရီမှ (၅) နာရီအတွင်း လျောင်ချိုင်အား ဂုဏ်ပြုသောအားဖြင့် တောင်ထိပ်မှ အမြောက် (၁ဝ) ချက် ပစ်ဖောက်မည်ဖြစ်ကြောင်းပါရှိသည်။ အသုဘချသောနေ့တွင် ဈေးများနှင့် ရောင်းဝဝ်ရေးလုပ်ငန်းများကို နေ့ဝက်ပိတ်ထားစေသည်။

အသုဘမချမီနာရီပိုင်းအလိုကပင် မြို့ပေါ်ရှိ လူမျိုးပေါင်းစုံ အလွှာပေါင်းစုံတို့မှ လူကြီးလူကောင်းများ ရောက်ရှိလာကြသည်။ လမ်းများပေါ်တွင်လည်းကောင်း၊ လမ်းဘေးများတွင်လည်းကောင်း အနီးဝန်းကျင်ရှိ အိမ်ခေါင်မိုးနှင့် ဝရန်တာများတွင်လည်းကောင်း ကြည့်ရှု့သူများဖြင့် ပြည့်ကျပ်လျက်ရ်ှိသည်။

တရုတ်ရိုးရာအလိုက်ပူဇော်ကန်တော့ပွဲများ ပြုလုပ်ရန် တရုတ်ဘုံလူကြီးများလည်း ရောက်ရှိလာကြပြီး အချိန်အတန်ကြာ ရွတ်ဖတ်ကြသည်။ အလောင်းအနီးစာပွဲများပေါ်တွင် ဝက်ကောင်လုံးများ (ပြုတ်ကျော်ထားသည်) နှင့် ဒူးရင်းကျွဲကောမင်းကွတ်စသော သစ်သီးဝလံမျိုးစုံတို့ကို တွေ့ရသည်။

ရိုးရာဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်ပြီးနောက် ကာလတန်ဖိုးကျပ် (၁ဝဝဝဝ) တန်၊ ကျွန်းသစ်လုံးထွင်းခေါင်းအတွင်းသို့ အလောင်းကို ထည့်သည်။ (ထိုစဉ်က ရွှေ (၁) ကျပ်သား တန်ဖိုးမှာ ကျပ်ငွေ (၄ဝ) ခန့်ရှိသည်။) မွန်းလွဲ (၁) နာရီတွင် အသုဘချသော အခမ်းအနားစတင်သည်။ အသုဘပို့သူများတွင် မော်လမြိုင်အနောက်ပိုင်းတရားသူကြီးနှင့် မြူနီစီပါယ် ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာအက်ဒဝပ် (Mr. Edwards) ၊ ဝတ်လုံတော်ရမစ္စတာလော (C.W.Law) တို့အပြင် ရန်ကုန်နှင့် မော်လမြိုင်တို့မှ အသင်းအဖွဲ့ပေါင်းစုံ ကိုယ်စားလှယ်များလည်း ပါဝင်သည်။ အသုဘချသော ခရီးစဉ်တစ်လျှောက်တွင် အိုင်.ဒီ.အက်ဖ် (I.D.F) ဘင်ခရာအဖွဲ့နှင့် လင်ချင်စွန်းကျောင်း (Lim Chin Tsong School) ဘင်ခရာအဖွဲ့ (ရန်ကုန်) တို့က တီးမှုတ်လိုက်ပါလာကြသည်။ ထိုစဉ်က ယာဉ်ထိန်းရဲမပေါ်ပေါက်သေးသဖြင့် အသုဘချရာလမ်းကြောရှင်းလင်းရေးအတွက် ခရိုင်ရဲဝန်အမိန့်အရ မစ္စတာမစ်ချယ် (Mr.Michell) က ရထားလုံး၊ ဘုံပြတ်နှင့် ကားအသွားအလာများကို ရှင်းလင်းပေးရသည်။ အသုဘချနေစဉ် (၁၅) မိနစ်လျှင် (၁) ကြိမ်၊ တောင်ပေါ်ရှုခင်းသာအနီးရှိ အလံတိုင်မှ အမြောက် (၁ဝ) ချက်ကို ဂုဏ်ပြုသည့်အနေဖြင့် ပစ်ဖောက်သည်။

အသုဘချသည့် လမ်းကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ပထမဦးစွာ အောက်လမ်းမကြီးအတိုင်း တောင်ဘက်သို့သွားသည်။ သာယာကုန်းလမ်းခေါ် ဝတ်ကြီးလမ်း (Blundell Street) ထိပ်သို့ ရောက်သောအခါ သာယာကုန်းလမ်းအတိုင်း အရှေ့ဘက်သို့ သွားသည်။ သာယာကုန်းလမ်းနှင့် ဗဟိုလမ်း (Dalhousie Road) ဆုံသို့ ရောက်သောအခါ ဗဟိုလမ်းနှင့် တစ်ဆက်တည်းဖြစ်သော အရှေ့ထပ်မြေလမ်း (East Cantoment Road) အတိုင်း ထိုမှ မြောက်ဗိုလ်ချုပ်လမ်းတစ်လျှောက် ဒိုင်းဝန်ကွင်းဘက်သို့ သွားသည်။ ဒိုင်းဝန်ကွင်း ဂါတ်တဲ (ရဲစခန်း) သို့ ရောက်သောအခါ ရှမ်းစုလမ်းအတိုင်း ဆက်သွားရာ၊ ညနေ (၄) နာရီတိတိတွင် စိတ်ရောဂါကုဆေးရုံ (အရူးထောင်) လမ်း (Insane Hospital Road) ယခုအုတ်ဖိုလမ်းရှိ လျောင်ချိုင်ပိုင်ဥယျာဉ်သို့ ရောက်သည်။ သားသမီးနှင့် မြေးများက လျောင်ချိုင်၏ အလောင်းကို နောက်ဆုံးကန်တော့ကြသည်။ ကွယ်လွန်သွားခဲ့သော ဇနီးသည်၏ အုတ်ဂူဘေးတွင် ဂူသွင်းသင်္ဂြိုဟ် လိုက်လေတော့သည်။

Written by အံ့ကျော်

Leave a Reply