Advertisements

ဦးမွန်ထော်သည် ယိုးဒယားပြည်ဇင်းမယ်မြို့တွင် တစ်လခန့်နေထိုင်ပြီး၊ သစ်လုပ်ငန်းအခြေအနေအရပ်ရပ်ကို လေ့လာသည်။ ဦးမွန်ထော်သည် မော်လမြိုင်သို့ ပြန်ခါနီးတွင် ဦးရှမ်းကလေးကို အဖော်ပြု၍ ဇင်းမယ်မင်းထံဝင်ရောက်ဖူးမြော်နှုတ်ဆက်သည်။

ဇင်းမယ်မင်းက ဦးမွန်ထော်အား “ဘယ်မှာနေ၍ ဘာအလုပ်လုပ်ပါသလဲ“ ဟု မေးမြန်းသည်။ ဦးမွန်ထော်က “မော်လမြိုင်အနီး“ ကတိုးရွာမှာ နေထိုင်ပြီး သစ်လုပ်ငန်းလုပ်ကိုင်ပါသည်ဘုရား“ ဟု ပြန်လည်လျှောက်ထားသည်။ ဇင်းမယ်မင်းက “သစ်ကိုဝယ်ပြီး ရောင်းချသည်ထက် ကိုယ်ပိုင်သစ်တောရှိပြီး၊ သစ်လုပ်ငန်းလုပ်ရလျှင် ပိုမကောင်းပါလား“ ဟု မေးမြန်းတော်မူရာ ဦးမွန်ထော်က “ကိုယ်ပိုင်သစ်တောရအောင် ဆောင်ရွက်ပေးတော်မူပါလျှင် အတိုင်းထက်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါမည်ဘုရား“ ဟု ပြန်လည်လျှောက်ထားသည်။ ထိုအခါ ဇင်းမယ်မင်းက “ဒါဖြင့်ကောင်းပြီ ဉာဏ်ပညာနှင့် ပြည့်စုံသူတစ်ဦးကို မစချီးမြင့်သင့်တယ်လို့ ဆန္ဒရှိသည်။ မှိုင်လုံကြီးသစ်တောကို တစ်သက်လုံးလုပ်ကိုင်ခွင့်ကို အမိန့်စာချွန်နဲ့ လွှဲအပ်ပေးလိုက်သည်။ သားအရင်းတစ်ဦးလို သံယောဇဉ်နှောင်ဖွဲ့နေပြီဖြစ်တဲ့အတွက် ကျွန်ုပ်ပိုင် “ဟရိပုဉ္ဇဇင်းမယ်ပြည်“ မှာ အကျုံးဝင်တဲ့(၅၇) မြို့နယ်အနက် တစ်စိတ်ကို ဦးမွန်ထော်စိတ်ဆန္ဒရှိသလို အုပ်စိုးခွင့်ပေးမယ်။ ရာဇဝတ်အရေးကို အာဏာကုန်လွှဲအပ်သည့်အနေဖြင့် “ထီးနှင့်ဓား“ ကို ပေးအပ်ချီးမြင့်မယ်“ ဟု မိန့်ကြားရာ ဦးမွန်ထော်က “အရှင်ဘုရားရဲ့ကျေးဇူးတော်အနန္တကို တစ်သက်လုံးဆပ်လို့ ကုန်တော့မည်မဟုတ်ပါဘုရား“ ဟု “ဝမ်းသာလုံးဆို့“ ၍ ပြန်လည်လျှောက်ထားသည်။

ဦးမွန်ထော်သည် မှိုင်လုံးကြီး သစ်တောကို ကိုယ်ဖိရင်ဖိအပတ်တကုတ်ကြိုးစားလုပ်ကိုင်ရာ ဝီရိယအကျိုးကြောင့် စီးပွားဥစ္စာရတနာအထွေထွေတို့သည် တစ်နေ့တခြား ဒီရေအလားကဲ့သို့ တိုးတက်လာပြီးလျှင် ဦးမွန်ထော်၏ ဂုဏ်သတင်းသည် မြန်မာနိုင်ငံအနှံ့ ထွန်းလင်းတောက်ပြောင်လာသည်။

၁၈၂၉ – ခုတွင် မော်လမြိုင်သည် နယ်ချဲ့အင်္ဂလိပ်လက်အောက်ခံကိုလိုနီဘဝ၊ တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်နေသည်။ ၁၈၅၉ – ခုရောက်သောအခါမှ မင်းတုန်းမင်းက မန္တလေး (ရတနာပုံ) ကို မြန်မာ့မင်းနေပြည်တော်အဖြစ်တည်ထောင်နိုင်ခဲ့သည်။ ထိုကြောင့် မော်လမြိုင်မြို့သက်သည် မန္တလေးမြို့သက်ထက် နှစ် (၃ဝ) တိတိကြီးသည်။

မော်လမြိုင်မြို့သက် (၁၅) နှစ်ရှိချိန် ၁၈၆၄ – ခု တွင် ဦးမွန်ထော်သည် ကိုယ်ပိုင်သင်္ဘောဝယ်စီးနိုင်ပြီဖြစ်သည်။ မောလမြိုင်ဝန်းကျင်ရှိ သံလွင်၊ အတ္ထရံနှင့် ဂျိုင်းမြစ်များအတွင်း လူးလာခေါက်ပြန်သွားလာနေပြီဖြစ်သည်။ ထို့ပြင် မော်လမြိုင်တစ်ဝိုက်တွင် သစ်သီးဝလံပန်းမန်မျိုးစုံစိုက်ပျိုးရာဥယျာဉ်များ ဝေဝေဆာဆာဖြစ်ထွန်းနေပြီဖြစ်သည်။ ထိုစဉ်က မင်းတုန်းမင်းသည် မြို့သက် ၅ နှစ်သာရှိသေးသော မန္တလေးမြို့ကို ရေစီးရေလာကောင်းမွန်ရေးနှင့် ဥယျာဉ်များ ပေါ်ထွန်းလာရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ရသည်။

မင်းတုန်းမင်းသည် ၁၈၆၄ – ခုတွင် ရတနာပုံရွှေမြို့တော်၌ နွေမိုးမပြတ်ပြည်သူတို့ သုံးရေသောက်ရေပေါလှိုင်ပြည့်စုံရလေအောင် မွန်အမျိုးသားလက်ယာဝင်းမှူး (ငယ်မည်ဦးချို) ကို တာဝန်ပေးရသည်။ ဦးချိုသည် နောင်အခါ “မင်းကြီးမဟာသမိန်ဘေဖြတ်စ“ ဖြစ်လာသည်။ သမိန်ဘေဖြတ်စသည် မတ္တရာမြစ်အတက်၊ မြန်မာခရီး ၆ တိုင်ကွာ “နဂါးရစ်“ မြစ်ကခွဲပြီးလျှင် ရွှေမြို့တော်အရောက် ကြီးမှူးကြပ်မဖောက်လုပ်စေသည်။ မင်းတုန်းမင်းက သမိန်ဘေဖြတ်စအောင်မြင်စွာဖောက်လုပ်သော မြစ်တော်ကို “ရတနာနဒီ“ ဟု သမုတ်တော်မူသည်။

မင်းတုန်းမင်းသည် ရတနာနဒီမြစ်တော်၏ အရှေ့ဘက်ကမ်းထိပ်တစ်လျှောက် မန္တလေးတောင်၏ အရှေ့ဘက် မြောက်မှတောင်သို့ အလျားတာ ၁ဝဝဝ အနံတာ ၁၅ဝ ရှိသော ဥယျာဉ်တော် ၂ဝ ကို လည်း ဖော်ထုတ်စေခဲ့သည်။ မှူးမတ်ဝန်ကြီးနှင့် အတွင်းဝန်တို့အား သီးနှံမျိုးစုံစိုက်ပျိုးရန် အမိန့်ပေးသည်။

ဥယျာဉ်တော် ၂ဝ တို့မှာ မြောက်ဘက်မှ တောင်ဘက်သို့-
၁။ မဟာဟေမဇာလာ
၂။ မဟာအသောက
၃။ မဉ္စနကေသီ
၄။ မဟာသီရိသုမန
၅။ မဟာဘုဉ္ဇရိက
၆။ မဟာဂီရိမလ္လိက
၇။ မဟာဂီရိသိဒ္ဓိဗလ
၈။ မဟာဇေယပထ
၉။ မဟာသီရိမန္ဒာရဝ
၁ဝ။ မင်္ဂလာဥယျာဉ်တော်
၁၁။ မဟာသီရိဟေမဝန်
၁၂။ မဟာသီရိမနော်ပထ
၁၃။ မဟာပဒုမ
၁၄။ မဟာမေဃဝန
၁၅။ မဟာသီရိမဟိဿရ
၁၆ မဟာသီရိမုဒ္ဓိက
၁၇။ မဟာဒေဝတာ
၁၈။ မဟာသီလတ
၁၉။ သီရိမဟာမနောရမ္မံ- နှင့်
၂ဝ။ မဟာဂီရိစိတြဝန် တို့ဖြစ်ကြသည်။

နံပါတ် ၁၉ သီရိမဟာမနောရမ္မံဥယျာဉ်ကို ဧပြီ ၁၈၉ဝ တွင် အင်္ဂလိပ်အစိုရက အနာကြီးရောဂါစခန်း (အနူရုံ) အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၉၄ – ခုတွင် ဥယျာဉ်ကို အပန်းဖြေဥယျာဉ်အဖြစ်ပြန်လည်တည်ဆောက်သည်။ ကျုံးထောင့်မှ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ထိုဥယျာဉ်သို့ ပြောင်းရွှေ့သည်။ နံပါတ် ၂ဝ မဟာဂီရိစတြဝန်ဥယျာဉ်သည် မန္တလေးတောင်၏ အနောက်ဘက်တွင်ရှိသည်။

ဦးမွန်ထော်သည် ဥယျာဉ် ၂ဝ တွင် စိုက်ပျိုးရန် မော်လမြိုင်မှ သစ်သီးပင်ပန်းပင်များသာမက မော်လမြိုင်ဒေသတွင်သာ ဖြစ်ထွန်းသော ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်စသော သစ်သီးများကို အခါအားလျော်စွာ ကိုယ်ပိုင်သင်္ဘောဖြင့် တင်ဆောင်ကာ မင်းတုန်းမင်းထံ ဆက်ဆသည်။ ဆင်စွယ်သလွန်တစ်လုံးနှင့် အလွန်ဆန်းကြယ်စွာ ရက်လုပ်ထားသော “ဆင်စွယ်ဖျားကြီး“ တစ်ချပ်ကိုလည်း ဆက်သခဲ့သည်။ ထို့ပြင်ဦးမွန်ထော်သည် မြန်မာ့ယဉ်ကျေးမှုအသွယ်သွယ်တို့ကို အတုယူနိုင်စေရန် သားဖြစ်သူ “မောင်ဖိုးအောင်“ နှင့် တူဖြစ်သူ “မောင်အုန်းဖေ“ တို့ကို အပ်နှံကာ နန်းတွင်း “သူငယ်တော်“ များအဖြစ် ခစားထမ်းရွက်စေသည်။

မင်းတုန်းမင်းသည် မတ် ၁၈၇၄ – ခုတွင် ၁။ “အဂ္ဂမဟာသေနာပတိဝန်ရှင်တော်ကင်းဝန်မင်းကြီးသတိုးမင်းကြီးမဟာမင်းလှစည်သူ“ ကို သံကြီး ၂။ စာရေးတော်ကြီး မင်းလှစည်သူကို သံလတ် ၃။ လက်ဖက်ရ့်တော်နေမျိုးမင်းထင်သူရိန်ကို သံငယ်ခန့်ထားပြီးလျှင် ပြင်သစ်နိုင်ငံသို့ စေလွှတ်တော်မူသည်။

ကင်းဝန်မင်းကြီး ဦးဆောင်သော သံအဖွဲ့သည် ၁၄ မတ် ၁၈၇၄ တွင် မန္တလေး “သံလျက်မော်“ ဆိပ်ကမ်းမှ “ရေနန်းစကြာ“ သင်္ဘောဖြင့် စတင်ထွက်ခွာသည်။ ၂၄ မတ် ၁၈၇၄ တွင် ရန်ကုန်မြို့သို့ ဆိုက်ရောက်သည်။ ၂၉ မတ် ၁၈၇၄ တွင် ကင်းဝန်မင်းကြီးနှင့် အဖွဲ့သည် ပြင်သစ်နိုင်ငံသို့ ခရိးဆက်ရန် “ရေနန်းစကြာ“ သင်္ဘောမှ “ကိုကိုးနာဒ“ အမည်ရှိသော ပင်လယ်ကူးသင်္ဘောပေါ်သို့ ပြောင်းရွှေ့သည်။ ကိုကိုးနာဒ သင်္ဘောသည် ၃ဝ မတ် ၁၈၇၄ တွင် မော်လမြိုင်ဆိပ်ကမ်းသို့ ဆိုက်ရောက်သည်။

မကြာမီမှာပင် “စာရေးတော်ကြီး မင်းလှဇေယသူ“ သည် တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီး “ပြောင်း“ (D.Brown) နေအိမ်သို့ သွားရောက်ပြီး ကင်းဝန်မင်းကြီးနှင့် အဖွဲ့ရောက်နေကြောင်း သတင်းပို့သည်။ သတင်းရလျှင် ရချင်း “မစ္စတာပြောင်း“ ကိုယ်တိုင် မြင်းရထားဖြင့် ကင်းဝန်မင်းကြီးနှင့်အဖွဲ့ကို သွားရောက်နှုတ်ဆက်ပြီး မိမိအိမ်သို့ ဖိတ်ခေါ်လာသည်။ စားကောင်းသောက်ဖွယ်များဖြင့် ကျွေးမွေးဧည့်ခံသည်။ ညနေပိုင်းတွင် ကျိုက်သန်လန်ဘုရား၊ ထောင်ကြီးနှင့် ဒိုင်းဝန်ကွင်းရပ်ကွက်များသို့ သွားရောက်ဖူးမြောက်ကြည့်ရှုကြသည်။ “မစ္စတာပြောင်း“ အိမ်မှာပင် ညအိပ်ရပ်နားသည်။

၃၁ မတ် ၁၈၇၄ နံနက်ပိုင်းတွင် ကင်းဝန်မင်းကြီးနှင့်အဖွဲ့သည် သစ်ပျဉ်လုပ်ဆောက်သည့် လွှစက်ရုံ (သစ်စက်) နှင့် ဆန်ကြိတ်စက်ရုံ (ဆန်စက်) များသို့ သွားရောက်လေ့လာသည်။ နံနက်စာကို သူဌေးဦးမွန်ထော် ကျိုက္ဖနဲဘုရားလမ်းရှိ ကျောင်းဒါယကာကြီး “ဦးနုတ်“ အိမ်တွင် မော်လမြိုင်လက်ရာဟင်းမျိုးစုံနှင့် ဒေသထွက်သီးနှံမျိုးစုံတို့ဖြင့် တခမ်းတနားကျွေးမွေးသည်။ မွန်းတည့် ၁၂ နာရီတွင် ကင်းဝန်မင်းကြီးသည် သစ်ကုန်သည် များဖြစ်ကြသော ဦးတူ၊ ဦးရွှေကြည်၊ မောင်စံဦး၊ မောင်ကံကြီး၊ ကျောင်းအမ“မဆုံ“ တို့နှင့်အတူ လှေဖြင့် ကတိုးသို့ သွားကြသည်။ မွန်းလွဲ ၂ နာရီတွင် ကတိုးသို့ရောက် ဦးမွန်ထော်၏ ဆောက်လုပ်ဆဲ “ကိုးဆောင်အိမ်ကြီး“ ပေါ်နားနေကြသည်။ ထိုအိမ်ကြီးကို ဇင်းမယ်စော်ဘွား၏ အိမ်ပုံစံအတိုင်း ဆောင်လုပ်ခြင်းဖြစ်ပြီး မော်လမြိုင်ဒေသတွင် အကြီးဆုံးဖြစ်သည်။ ဆောက်လုပ်ချိန် ၁ နှစ်ကြာ၍ ကုန်ကျငွေ ၁၂ဝဝဝဝ ကျပ်ဖြစ်သည်။ ထိုစဉ်က စိန် ၁ ရတီတန်ဖိုးမှာ ၆၆ ကျပ် ၆၅ ပြားဖြစ်သည်။
ကင်းဝန်မင်းကြီးနှင့်အဖွဲ့သည် ဦးမွန်ထော်အိမ်တွင် ညနေစာစား၍ မော်လမြိုင်သို့ ပြန်လာခဲ့ကြသည်။

Written by – အံ့ကျော်

Advertisements
<

Leave a Reply