Advertisements

၃။ သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း

ကိုလိုနီခေတ်မော်လမြိုင်တွင် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းထွန်းကားခဲ့သည်။ မြန်မာနိုင်ငံတွင် မည်သည့်နှစ်မှစ၍ ပင်လယ်ကူးကျွန်းလှေကြီးများ တည်ဆောက်ခဲ့ကြောင်း၊ တိကျခိုင်မာသော သမိုင်းအထောက်အထားမတွေ့ရသေးချေ။ ညောင်ရမ်းခေတ် (၁၅၉၉-၁၇၅၂) ကပင် အာရပ်ကုန်သည်များက တနင်္သာရီကမ်းရိုးတန်းတွင် သင်္ဘောများတည်ဆောက်ခဲ့ကြကြောင်း၊ ပေါ်တူဂီပြင်သစ်နှင့် အင်္ဂလိပ်သင်္ဘောများသည်လည်း လှိုင်းလေမိ၍ ပျက်စီးလျှင် မြိတ်မြို့သို့ဝင်ရောက်ပြင်ဆင်ခဲ့ကြောင်း၊ အထောက်အထားများတွေ့ရသည်။

ဥရောပတိုက်သားတို့သည် ကျွန်းသစ်၏ ဂုဏ်သတ္တိကို မသိခင်က ဝက်သစ်ချသား (Oak) သည် သင်္ဘောတည်ဆောက်ရာတွင် အကောင်းဆုံးဖြစ်သည်ဟု မှတ်ယူခဲ့ကြသည်။ ကိုလိုနီခေတ်ဦးတွင် မော်လမြိုင်သို့ရောက်ခဲ့၍ တနင်္သာရီကျွန်းတောများကို လေ့လာခွင့်ရခဲ့သူများ ဒေါက်တာဝေါလစ်(Dr.Wallich) ဖြစ်သည်။ ဝေါလစ်သည် အင်္ဂလန်သို့ ပြန်ရောက်သောအခါ နောင်အနာဂတ်ကာလတွင် ဝက်သစ်ချသာများ ရှားပါးလာမည်ဖြစ်ကြောင်း၊ ဝက်သစ်ချသားအစားကျွန်းသစ်ကို အသုံးပြုသင့်ကြောင်း အရိပ်အမြွက်အစီရင်ခံသည်။ သို့သော် ရေရှည်အတွက် ကြိုတင်စဉ်းစားသူ အလွန်နည်းသည်။

(၁၈ဝ၃-၁၈၁၅) ခုတွင် ပြင်သစ်ဧကရာဇ် နပိုလီယံကို အကြောင်းပြု၍ နပိုလီယံစစ်ဖြစ်ပွားသည်။ ပြင်သစ်ဦးဆောင်သော ဥရောပနိုင်ငံများရှိ ရေတပ်များနှင့် အင်္ဂလိပ်နှင့် အပေါင်းပါ နိုင်ငံများရှိ ရေတပ်များ၊ ရေကြောင်းတိုက်ပွဲအကြီးအကျယ်ဆင်နွှဲကြသည်။ ၁၈၁၅-ခုတွင် ဖြစ်ပွားသော “ဝါတာလူး“ တိုက်ပွဲတွင် နပိုလီယံရှုံး၍ စစ်ပွဲပြီးဆုံးသွားသည်။

အင်္ဂလန်သည် စစ်ပွဲတွင် အနိုင်ရသော်လည်း စစ်တွင်းကာလတွင် သင်္ဘောအများအပြားတည်ဆောက်ရသဖြင့် အင်္ဂလန်ရှိ ဝက်သစ်ချတောများ “ပြောင်တလင်းခါ“ လုနီးပါးဖြစ်သွားးသည်။ ထိုအခါ ဒေါက်တာဝေါလစ်၏ အစီရင်ခံစာကို ပြန်လည်သတိရပြီး ဝက်သစ်ချနေရာတွင် ကျွန်းကို အစားထိုး၍ သုံးစွဲကြည့်သည်။ ကျွန်းက ဝက်သစ်ချထက်ဘက်ပေါင်းစုံမှ အရည်အသွေးသားသည်ကိုတွေ့ရသည်။ ဤသို့ဖြင့် မော်လမြိုင်တွင် ၁၈၃ဝ-ခုမှ ၁၈၅၆-ခုအတွင်း သင်္ဘောဆောက်လုပ်ရေးလုပ်ငန်းအကြီးအကျယ်ထွန်းကားခဲ့သည်။

အင်္ဂလိပ်နယ်ချဲ့သမားတို့ လက်အောက်ကျရောက်ခါစ ၁၈၂၆-ခုတွင် တံငါရွာကလေးမျှသာဖြစ်သော မော်လမြိုင်သည် ၃-၄ နှစ်အတွင်းမှာပင် သင်္ဘောဆိပ်မြို့ကြီးဖြစ်လာသည်။ ဆန်စပါးနှင့် ကျွန်းသစ်ထုတ်လုပ်ရောင်းဝယ်ရေးကို အခြေပြု၍ မော်လမြိုင်တွင် ဆန်စက်နှင့် သစ်စက်များပေါ်ပေါက်လာသည်။ ထိုနည်းတူ သင်္ဘောဆောက်လုပ်ရေးလုပ်ငန်းများ ကုမ္ပဏီများ အပြိုင်အဆိုင်ပေါ်ထွန်းလာသည်။

မော်လမြိုင်မုပွန်ရပ်ကွက်မြေသည် ဂဝံကျောက်မြေဖြစ်သဖြင့် သင်္ဘောကျင်းတည်ဆောက်ရန်သင့်လျော်သည်။ စရိတ်အကုန်အကျသက်သာသည်။ ဒီရေအတက်အကျမှာအမြင့် (၂၁) ပေအထိရှိရာ၊ သင်္ဘောများလွန်းတင်ရန်လွယ်ကူသည်။ မစ္စတာဝါးရစ်(Warrick) သည် ၁၈၃ဝ ပြည့်နှစ်တွင် ဝန်ချိန်တန်(၅ဝ) တင်နိုင်သည့် နှစ်ပင်တိုင်စကူးနာ (Schooner) အမျိုးအစားသင်္ဘောတစ်စီးကို စတင်တည်ဆောက်သည်။ ဒဲဗဲလ်(Devil) အမည်ရှိ ထိုသင်္ဘောသည် မော်လမြိုင်တွင် ပထမဆုံးဆောက်လုပ်သည့် သင်္ဘောဖြစ်သည်။ ထိုနောက်မုပွန်နှင့် ထားဝယ်စုရပ်ကွက်တို့တွင် သင်္ဘောဆောက်လုပ်သည့် စက်ရုံများအလျှိုအလျှိုပေါ်ပေါက်လာသည်။

မော်လမြိုင်သင်္ဘောကျင်းများမှ (၁၈၃ဝ-၁၈၅၆) ၂၇-နှစ်အတွင်း သင်္ဘောပေါင်း (၁၃၅) စင်းတည်ဆောက်ရေချနိုင်ခဲ့သည်။

Schooner ခေါ်နှစ်ပင်တိုင်သဘောၤာ ၃၉-စင်း
Barque ခေါ်သုံးပင်တိုင်သင်္ဘော ၃၇-စင်း
Brig ခေါ်နှစ်ပင်တိုင်သင်္ဘော ၁၈-စင်း
ပင်လယ်ကူးသင်္ဘော ၃၄-စင်း
မီးသင်္ဘော ၅-စင်း
Sloop ခေါ်တစ်ပင်တိုင်သင်္ဘော ၁-စင်း
Cutter သင်္ဘော ၁-စင်း
စုစုပေါင်း ၁၃၅ စင်းဖြစ်သည်။

၁၈၃ဝပြည့်နှစ်မှ ၁၈၄ဝ ပြည့်နှစ်အထိ မော်လမြိုင်သင်္ဘောကျင်းများမှ ဆောက်လုပ်ပြီးစီးသော သင်္ဘောများ၏ အမည်နှင့် တန်ချိန်တို့ကို နှစ်အလိုက် အောက်ပါဇယားတွင် ဖော်ပြပါသည်။

နှစ် သင်္ဘောအမည် တန်ချိန်
၁၈၃ဝ Devil ၅၁
၁၈၃၂ Woodlark ၂၅ဝ
၁၈၃၃ Young Rover ၁၅၇
၁၈၃၃ Coneordia ၇၅
၁၈၃၃ Attaran ၇ဝ
၁၈၃၃ George Swinton ၇ဝ
၁၈၃၄ Theresa ၄၈၈
၁၈၃၄ Brilliant ၃၉
၁၈၃၄ Corsair ၁၅၂
၁၈၃၅ Novirino ၄၇၈
၁၈၃၅ Hero ၁၈၆
၁၈၃၆ Hydross ၈၇
၁၈၃၆ Hawake ၅၅
၁၈၃၆ Kate ၉၃
၁၈၃၆ Wave ၃ဝ
၁၈၃၆ Maulmain ၁၆၃
၁၈၃၆ Gyne ၆၈
၁၈၃၆ Isabella ၈၇
၁၈၃၇ Moo-pwon ၉၅
၁၈၃၇ Emerald Isle ၄၉၆
၁၈၃၇ Sarah ၂ဝ၁
၁၈၃၇ Patriot ၁၃၄
၁၈၃၇ Sir Ed. Ryan ၃၁၁
၁၈၃၇ Experiment ၃၄၅
၁၈၃၇ Annun Chunder ၂ဝ၁
၁၈၃၇ Calcutta ၄၂၉
၁၈၃၇ Tenasserim ၂၁၁
၁၈၃၈ Stalkart ၄၄၁
၁၈၃၈ Braemar ၄ဝဝ
၁၈၃၈ Snipe ၁၇၃
၁၈၃၈ Cecilia ၂၃၁
၁၈၃၈ Mahomed Show ၅၄၂
၁၈၃၈ Maingay ၂၅၃
၁၈၃၈ Northumberland ၆၈ဝ
၁၈၃၈ Gerrnlaw ၄၅၁
၁၈၃၈ Spy ၁၃ဝ
၁၈၃၉ Privateer ၃၃
၁၈၃၉ Blundell ၄၉၈
၁၈၃၉ Ahmudy ၁၄၄
၁၈၃၉ Antares ၁၃၇
၁၈၃၉ David Malcoli ၅၆၄
၁၈၃၉ Surat Jamal ၆ဝ
၁၈၃၉ Jane ၅ဝ
၁၈၃၉ Elizabeth Ainslic ၄ဝဝ
၁၈၃၉ Clown ၁၄၄
၁၈၄ဝ Harlequin ၁၄၄
၁၈၄ဝ Columbine ၁၄၄
၁၈၄ဝ Hope ၃၃၂
၁၈၄ဝ Trial ၂၈၄
၁၈၄ဝ Woolwich ၆၅ဝ
၁၈၄ဝ Yanghengyee ၁၁၄
၁၈၄ဝ Susana ၆ဝ

သင်္ဘောဆောက်လုပ်ရေးလုပ်ငန်းများတွင် ဆူသာလင် (Sutherland) ကုမ္ပဏီ၏ လုပ်ငန်းမှာ အင်အားအကောင်းဆုံးဖြစ်သည်။ ၁၈၄၂-ခုမှ ၁၈၄၉-ခုအတွင်း သင်္ဘောအရွယ်အစားမျိုးစုံ (၁၃) စင်းတည်ဆောက်ခဲ့သည်။ ဒုတိယအကြီးဆုံးကုမ္ပဏီမှာ ဂလက်စတုန် (Gladstone) ဖြစ်သည်။ ၁၈၅၂-ခုမှ ၁၈၅၉-ခုအတွင်း ပင်လယ်ကူးသင်္ဘော (၄) စင်းအပါအဝင် စုစုပေါင်းသင်္ဘော (၆) စင်းတည်ဆောက်ခဲ့သည်။ ဂလက်စတုန်ကုမ္ပဏီက ၁၈၅၆-ခုတွင် တည်ဆောက်သော (Caspatrict) အမည်ရှိ ပင်လယ်ကူးသင်္ဘောသည် တန် (၁၄၈၁) တင်သော သင်္ဘောဖြစ်၍ မော်လမြိုင်တွင် တည်ဆောက်သမျှသင်္ဘောများတွင် အကြီးဆုံးဖြစ်သည်။

ထိုစဉ်က မော်လမြိုင်တွင် သင်္ဘောတည်ဆောက်သော လုပ်ငန်းအလွန်ကြီးထွားစည်ပင်ခဲ့သည်။ သင်္ဘောတည်ဆောက်သော ကုမ္ပဏီသို့မဟုတ် လုပ်ငန်းရှင်ပေါင်း (၃၁) ဦးရှိသည်။ ဒါဝုကုမ္ပဏီ (Darwood Co.) ၊ ဝါဝစ်ကုမ္ပဏီ (Warrick Co.) တို့အပြင် ချီနဲလ်(Chinal) ၊ ရစ်ချက်ဆန် (Richardson) နှင့် မောင်း (Mauld) တို့သည်လည်း ထုတ်လုပ်အားကောင်းသော လုပ်ငန်းရှင်ကြီးများဖြစ်ကြသည်။ လုပ်ငန်းရှင် (၃၁) ဦးတွင် “မောင်ဝေး“ သင်္ဘောလုပ်ငန်းနှင့် “ဆရာဘ“ သင်္ဘောလုပ်ငန်း (၂) ခုသာ တိုင်းရင်းသားပိုင်ဖြစ်သည်။

သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် ပိုင်ရှင်နှင့် ကြီးကြပ်သူများသည် နိုင်ငံခြားသားများဖြစ်ကြသည်။ သင်္ဘောကိုယ်ထည်ကို တိုင်းရင်းသားနှင့် တရုတ်လက်သမားများက ကျွန်းသစ်ဖြင့် ဆောက်လုပ်သည်။ နိုင်ငံခြားသို့ ကျွန်းသစ်ခွဲသားတင်ပို့ရောင်းချသည့် လုပ်ငန်းတိုးတက်လာသဖြင့် “သစ်ခွဲလွှဆွဲ“ လုပ်ငန်းနှင့် ရေနွေးငွေ့သုံးသစ်စက်များ တည်ထောင်လာကြရာ သင်္ဘောတည်ဆောက်ရန်အတွက် ကျွန်းသစ်အလွယ်တကူဝယ်ယူရရှိသည်။ အစိုးရက ကျွန်းသစ်အပေါ်ကောက်ခံသော အခွန်ကို (၁၅) ရာခိုင်နှုန်းကောက်ခံရာမှ (၁ဝ) ရာခိုင်နှုန်းသို့ လျှော့၍ ကောက်ခံသဖြင့် ကျွန်းသစ်ဈေးသက်သာသွားသည်။ မော်လမြိုင်တွင် သင်္ဘောတည်ဆောက်ခြင်းသည် ကာလကတ္တားတွင် တည်ဆောက်သည်ထက် ထက်ဝက်သက်သာသည်။

လုပ်ငန်းအတွက်လိုအပ်သော သံကို ထားဝယ်မှရရှိ၍ ကျောက်မီးသွေးကို မြိတ်မှရရှိသည်။ ကြေးနီကိုသာ အင်္ဂလန်မှ မှာယူရသည်။ ထိုကြောင့် မော်လမြိုင်သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကြီးထွားခဲ့သည်။ မော်လမြိုင်သင်္ဘောကျင်းများက သင်္ဘောဟောင်းများကိုလည်း လွန်းတင်ပြင်ဆင်ပေးသည်။

written by – အံ့ကျော်

Advertisements
<

Leave a Reply