Advertisements

၅။ ပထမဦးဆုံးသကြားစက်

မေ ၁၈၂၉ တွင် မော်လမြိုင်သည် တနင်္သာရီတစ်တိုင်းလုံး၏ မြို့တော်ဖြစ်လာသည်။ မြို့တော်ဟောင်းကျိုက္ခမီကား မြို့ပိုင် (မြို့အုပ်) အုပ်ချုပ်သည့် မြို့ငယ်အဆင့်သို့ လျှောကျသွားသည်။ (လာမည့် မေ ၂ဝ၁၉ တွင် ခေတ်သစ်မော်လမြိုင်မြို့သက်သည် နှစ် (၁၉ဝ) တိတိပြည့်မည်ဖြစ်သည်။)

မော်လမြိုင်တိုင်းမြို့တော်ဖြစ်လာပြီး နှစ်အနည်းငယ်အကြာတွင် တနင်္သာရီတိုင်း၌ မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ လယ်မြေသစ်များဖော်ထုတ်သည်။ ရှု့မဆုံးအောင် ကျယ်ပြန့်သော စိမ်းလဲ့လဲ့လယ်ကွင်းပြင်ကြီးများပေါ်ပေါက်လာသည်။ စပါးထွက်တိုးလာသည်။ ထိုစပါးများကြိတ်ခွဲရန် မော်လမြိုင်တွင် ဆန်စက်များတစ်လုံးပြီးတစ်လုံးအစီအစရီပေါ်ပေါက်လာသည်။

တနင်္သာရီတိုင်းတွင် ကမ္ဘာ့အကောင်းဆုံးကျွန်းပင်များ ပေါက်ရာ သဘာဝသစ်တောကြီးများရှိသည်။ ဝန်ရှင်တော်မင်းကြီးမိန်းဂေး(A.D.Maingy) လက်ထက်တွင် တိုင်းတစ်ပါးသားအရင်းရှင် ကုမ္ပဏီများအား နှစ်ရှည်ဂရန်ချထားပေးပြီး သစ်ထုတ်ခွင့်ပြုသည်။ လောဘကို အတောမသတ်နိုင်သော အရင်းရှင်များသည် ကျွန်းသစ်တန်ချိန်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ တိုး၍တိုး၍ ခုတ်ယူကြသည်။ ထိုကျွန်းသစ်များကို မော်လမြိုင်သို့ သယ်ဆောင်ကာ ဖြတ်တောက်ခွဲစိတ်ပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ ဤသို့ဖြင့် မော်လမြိုင် မုပွန်ရပ်ကွက်နှင့် မောင်ငံရပ်ကွက်တို့တွင် သစ်တောများ အပြိုင်အရိုင်းပေါ်လာသည်။

သင်္ဘောတည်ဆောက်ရေးကုမ္ပဏီနှင့် လုပ်ငန်းရှင် (၃၁) ဦးတို့က မုပွန်ရပ်ရှိသင်္ဘောကျင်းများတွင် ကျွန်းသစ်ဖြင့် သင်္ဘောများတည်ဆောက်ခဲ့ကြသည်။ ၁၈၃ဝ-ခုမှ ၁၈၅၆-ခုအတွင်း သင်္ဘောမျိုးစုံ (၁၃၅) စီးတည်ဆောက်နိုင်ခဲ့သည်။

၁၈၆ဝ-ခုတွင် အင်္ဂလိပ်လူမျိုး “ဒေါ်ဆင်“ က မုပွန်နတ်ကျွန်းရပ်တွင် “ဖီးနစ်“ အရက်ချက်စက်ရုံကို တည်ထောင်သည်။ ၁၈၆၃-ခုတွင် ထိုစက်ရုံကို ပြင်သစ်လူမျိုး “လိမ္မော်ဇင်“ ထံရောင်းချလိုက်သည်။ ၁၈၈၄-ခုတွင် လိမ္မော်ဇင်က ထိုစက်ရုံကို တရုတ်လူမျိုး “လျောင်ချိုင်“ ထံ ရောင်းချပြန်သည်။ လူမျိုး (၃) မျိုး လက်ပြောင်းလက်လွှဲပိုင်ဆိုင်သွားသော ဖီးနစ်အရက်ချက်စက်ရုံမှ ဘရန်ဒီ၊ ဝီစကီနှင့် အိုပီအရက်ပြင်းများ ထုတ်လုပ်ခဲ့သည်။

ဆန်စက်၊ သစ်စက်နှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအပြင် အရက်ချက်စက်ရုံအကြောင်းတို့ကို ဖော်ပြပြီးနောက် သကြားစက်အကြောင်းကို ဆက်လက်ဖော်ပြပါသည်။

ကျိုက္ခမီမြို့နယ်သည် ကြံစိုက်ပျိုး၍ အလွန်ဖြစ်ထွန်းသော ဒေသဖြစ်သည့်ပြင် ပေါက်ရောက်ထွက်ရှိသည့် ကြံများကလည်း အမျိုးကောင်း၍ “ဘင်္ဂလား“ တွင် စိုက်ပျိုးသော ကြံများထက် အရည်အသွေးရော အရွယ်အစားပါ ပိုမိုထွားကြိုင်းကောင်းမွန်သည်။ ထိုနည်းတူကျိုက္ခမီသူများသည်လည်း ဘင်္ဂလားနယ်သူ ဘင်္ဂါလီမများထက် အသားအရေစိုပြည်၍ ခန္ဓာကိုယ်ထွားကြိုင်းသည်။

မော်လမြိုင်မှ မျက်နှာဖြူ မျက်နှာမည်းအရင်းရှင်များသည် အကျိုးအမြတ်များမည့် စီးပွားရေးအကွက်ကောင်းကို အမြဲချောင်းနေသူများဖြစ်ကြသည်။ ကျိုက္ခမီမှ ကြံကို မော်လမြိုင်သို့ သယ်ဆောင်၍ ကြံရည်ကြိတ်ပြီး သကြားချက်နိုင်မည့် သကြားစက်ကို မော်လမြိုင်၌ တည်ထောင်ရန် ချိန်ဆကြံစည်ခဲ့ကြသည်။ သို့သော် မော်လမြိုင်နှင့် ကျိုက္ခမီအကြားရှိလမ်းမှာ ကြမ်းတမ်းလှသဖြင့် ကြံ၏ အာနိသင်မပျက်မီ ကျိုက္ခမီမှ ကြံကို မော်လမြိုင်သို့ သယ်ဆောင်ရန် မဖြစ်နိုင်ချေ။ ထိုကြောင့် မော်လမြိုင်တွင် သကြားစက်တည်ရန် အကြံကို လက်လျှော့လိုက်ရသည်။

မစ္စတာအိုရီလေး (Mr.O’ Riley) နှင့် မစ္စတာဘဲလ် (Mr.Bell) တို့သည် ကြံကို ကျိုက္ခမီတစ်ဝိုက်တွင် ဖြစ်ဖြစ်မြောက်မြောက် စိုက်ပျိုးပြီး သကြားစက်တည်၍ သကြားချုက်လုပ်နိုင်ရန် တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီး ဘလန်ဒယ် (E.A.Blundell) ထံ တင်ပြညှိနှိုင်းသည်။ ဘလန်ဒယ်ကလည်း အိန္ဒိယနိုင်ငံဘုရင်ခံချုပ်လော့ဒ်အော့်ကလင် (Lord Auckland) အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရာ ခွင့်ပြုချက်ရသဖြင့် ကျိုက္ခမီသကြားစက်ကို ၁၈၄ဝ ပြည့်နှစ်တွင် ရူပီးငွေကျပ် (၁၅) သိန်းအကုန်အကျခံ၍ တည်ဆောက်သည်။ ထိုသကြားစက်သည် အောက်မြန်မာပြည်တွင် စီးပွားဖြစ်သကြားစက်အဖြစ် အစောဆုံးနှင့် အဦးဆုံးတည်ထောင်လည်ပတ်ခဲ့သော သကြားစက်ဖြစ်သည်။ ထိုသကြားစက်သည် တစ်ရက်လျှင် ကြံတန်ချိန် (၄ဝ) မှ (၅ဝ) ခန့်အထိ ကြိတ်ဝါးနိုင်သော စက်ဖြစ်သည်။ သကြားစက်တည်ဆောက်သည့် တစ်ချိန်တည်းမှာပင် ကျိုက္ခမီတစ်ဝိုက်ရှိ ရာပေါင်းများစွာသော ကြံတောင်သူများကိုလည်း စည်းရုံးသိမ်းသွင်းကာ ကြံများစိုက်ပျိုးစေသည်။

ကျိုက္ခမီသကြားစက်သည် ၁၈၄၁-ခုတွင် စတင်စမ်းသပ်လည်ပတ်နိုင်ခဲ့သည်။ ထိုစက်မှ ထုတ်လုပ်သော သကြားများမှာ အရည်အသွေးအလွန်ကောင်းသည်။ ပြည်တွင်း၌ လူကြိုက်များသည်သာမက နိုင်ငံခြားစံချိန်မီသဖြင့် အင်္ဂလန်သို့ တင်ပို့ရန် စီစဉ်ကမ်းလှမ်းခဲ့သည်။ ထိုသကြားစက်တည်ဆောက်ခြင်းကို အားပေးသည့်အနေဖြင့် “လော့ဒ်အော့ကလင်“ အစိုးရသည် နိုင်ငံခြားမှ မြန်မာနိုင်ငံတွင်းသို့ သကြားတင်သွင်းမှုကို ပိတ်ပင်ပေးခဲ့သည်။ ကျိုက္ခမီသကြားစက်မှ ထွက်သော သကြားများကို အင်္ဂလန်သို့ တင်ပို့ရာတွင်လည်း အခွန်အထုတ်အသက်သာဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးသည်။

ကျိုက္ခမီသကြားစက်သည် ၁၈၄၃-ခု၊ ၁၈၄၄-ခုနှင့် ၁၈၄၄-ခုများတွင် တစ်နှစ်လျှင် သကြားတန်ချိန်ပျမ်းမျှ (၁၇၅) တန်ထွက်ရှိရာမှ ၁၈၄၆-ခုတွင် သကြားတန်ချိန် (၃ဝဝ) အထိတိုး၍ ထုတ်လုပ်နိုင်ခဲ့သည်။ ထိုစဉ်က ပြည်တွင်းသကြားစားသုံးမှုသည် တစ်နှစ်လျှင် သကြားတန် (၃၆) တန်ခန့်သာရှိသဖြင့် ပိုသည့်သကြားများကို အင်္ဂလန်သို့ တင်ပို့ရောင်းချခဲ့သည်။ အင်္ဂလန်ဈေးကွက်၌ ကျိုက္ခမီသကြားသည် အရည်အသွေးတွင် အခြားတိုင်းပြည်များမှ ထွက်သော သကြားထက်ကောင်းမွန်သဖြင့် လူကြိုက်များပြီး အရောင်းရတွင်ကျယ်သည်။

အိုရီလေးနှင့် ဘဲလ်တို့၏ ကျိုက္ခမီသကြားစက်သည် စီးပွားရေးဖြစ်ထွန်းသဖြင့် ကြံစိုက်သူတောင်သူများမှာလည်း အကျိုးရှိခဲ့သည်။. ထို့ပြင် ဌာနေတိုင်းရင်းသားများသည် အိုရီလေးနှင့် ဘဲလ်တို့၏ သကြားစက်နှင့် လက်ပွန်းတတီးရင်းနှီးလာကာ သကြားချက်လုပ်သည့် အတတ်ပညာကို စိတ်ပါဝင်စားလာကြသည်။ သကြားလုပ်ငန်းဖြင့် စီးပွားဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့သိရှိလာကြသော တိုင်းရင်းသားအချို့သည် အိုရီလေးနှင့် ဘဲလ်တို့၏ သကြားစက်မှ အတွေ့အကြုံများကို အခြေခံအတုယူကာ ကိုယ်ပိုင်သကြားစက်ကလေးများ စမ်းသပ်တည်ဆောက်လည်ပတ်ကြသည်အထိ ကျိုက္ခမီတစ်ခွင်တွင် ဖွံ့ဖြိုးတိုးတက်လာသည်။ သကြားချက်လုပ်ငန်းနှင့်အတူ တင်လဲရည်ထုတ်လုပ်နည်းနှင့် တင်လဲရည်မှ အရက်ချက်လုပ်ငန်းများကိုပါ တတ်ကျွမ်းလာကြသည်။ ရမ် (Rum) အရက်ကိုပါ ထုတ်လုပ်လာနိုင်ကြသည်။ ထွက်သမျှ ရမ်အရက်များမှာလည်း လက်မလည်အောင် ရောင်းရသည်။

လော့ဒ်အော့ကလင်၏ အိန္ဒိယဘုရင်ခံချုပ်ရာထူးကို ဆက်ခံသော လော့ဒ်အယ်လင်ဘာရာ (Lord Ellenborough) လက်ထက်သို့ ရောက်သောအခါ ကျိုက္ခမီသကြားစက်မှ သကြားထွက်ရှိမှုသည် ပြည်တွင်းစားသုံးရန် လုံလောက်အောင်ပင် မထွက်ရှိ-ဟူသော မမှန်မကန်မခိုင်လုံသော အကြောင်းပြချက်ဖြင့် ကျိုက္ခမီမှ အင်္ဂလန်သို့ သကြားတင်သွင်းမှုကို ပိတ်ပင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပြည်ပမှ သကြားအညံ့စားများကို အင်္ဂလိပ်တို့ လက်အောက်ကျရောက်နေသော အောက်မြန်ပြည်သို့တင်သွင်းသည်။ ဤလုပ်ရပ်ကြောင့် အိုရီလေးနှင့် ဘဲလ်တို့၏ ပြည်ပသကြားဈေးကွက်သာမက ပြည်တွင်းသကြားဈေးကွက်ပါ ပျောက်ကွယ်သွားပြီး အခက်အခဲအကြပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့ရသည်။

ထိုစဉ်က ပြည်တွင်းအမှန်တကယ်စားသုံးမှုမှာ အများဆုံးတစ်နှစ်လျှင် သကြား (၃၆) တန်ခန့်သာရှိသည်။ ထို (၃၆) တန်သည်ပင်လျှင် တိုင်းရင်းသားအများစုက စားသုံးသည်မဟုတ်ချေ။ အင်္ဂလိပ်အစိုးရဝန်ထမ်းများ၊ အင်္ဂလိပ်စစ်တပ်နှင့် နိုင်ငံခြားသားများကသာ စားသုံးခြင်းဖြစ်သည်။ ထိုကြောင့် ကျိုက္ခမီသကြားစက်မှ ထွက်ရှိသော သကြားများသည် ပြည်တွင်းစားသုံးရန် လုံလောက်သည့်ပြင် ပိုလျှံနေသည်။

ပြည်ပမှ သကြားစက်တင်သွင်းမှုနှင့် ကျိုက္ခမီမှ အင်္ဂလန်သို့ သကြားတင်ပို့ခွင့် ပတ်ပင်မှုတို့ကြောင့် ကျိုက္ခမီသကြားစက်သည် ၁၈၄၆-ခုတွင် ထူထောင်ပြီးသမျှ လုပ်ငန်းအားလုံးကို ပိတ်ပင်လိုက်ရလေတော့သည်။ သကြားစက်၏ အစိတ်အပိုင်းများကို အရှုံးခံ၍ ရောင်းချလိုက်ရသည်။ ဝယ်ယူသူများသည် ကျိုက္ခမီသကြားစက်ကို တစ်စစီဖြုတ်ပြီးလျှင် အိန္ဒိယပြည်ကာလကတ္တားမြို့သို့ ပြောင်းရွှေ့တပ်ဆင်၍ ဆက်လက်လည်ပတ်ခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးပေါ်ပေါက်ခဲ့သော ကျိုက္ခမီသကြားစက်နှင့်အတူ မြန်မာမြေပေါ်တွင် အစောဆုံးပေါ်ထွန်းခဲ့သောသကြားချက်လုပ်ငန်းပျောက်ကွယ်ကာ ကြံစိုက်ပျိုးရေးလည်း ကျဆင်းသွားသည်။

ဒုတိယသကြားစက်တစ်လုံးကို မုတ္တမမြို့၌ တည်ထောင်ရန် ကြိုးပမ်းခဲ့ခြင်းသည်လည်း အောင်မြင်မှုမရချေ။ “ဂါဒနာ“ နှင့် “ဘေရွတ်“ အလုပ်ဌာနမှ “မစ္စတာတော်ဆိုတိုး“ သည် မုတ္တမ၌ သကြားစက်တစ်လုံးတည်ဆောက်ခဲ့သည်။ စက်မှုကုန်ကြမ်းဖြစ်သော ကြံစိုက်ပျိုးရေးကို တိုးချဲ့ရန် လုပ်အားခဈေးပေါသော အိန္ဒိယပြည် မဒရပ်နယ်မှ လယ်သမားများကို ခေါ်ယူစိုက်ပျိုးစေသည်။ အင်္ဂလိပ်အစိုးရကလည်း ကြံစိုက်ပျိုးရေးအားပေးသည့်အနေနှင့် ၁၈၈ဝ-ပြည့်နောက်ပိုင်းတွင် အမတော်ကြေးငွေများထုတ်ပေးခဲ့သည်။ သို့သော် အင်္ဂလန်မှ သကြားတင်သွင်းမှုကို ထိခိုက်မည်စိုးသောကြောင့် သကြားစက်တည်ဆောက်ခြင်းကို အားမပေးချေ။ ထိုကြောင့် မုတ္တမသကြားစက်သည်လည်း ၁၈၆၉-ခုတွင် အခက်အခဲအမျိုးမျိုးကြောင့် လုပ်ငန်းများ ရပ်ဆိုင်းသွားလေတော့သည်။

Written by အံ့ကျော်

Advertisements
<

Leave a Reply