၆။ မော်လမြိုင်ဈေးများ။

မော်လမြိုင်ဈေးကြီး (အမှတ်-၁ ဈေးကြီး) ကို ဝန်ရှင်တော်မင်းကြီး မိန်းဂေး (Maingy) လက်ထက် ၁၈၃ဝ ပြည့်နှစ်တွင် စတင်တည်ဆောက်သည်။ ၁၈၄၈ – ခုတွင် ဈေးကြီးကို စူရထီကုန်သည်ကြီး (၅၁) ဦးဖြင့် စုပေါင်းဖွဲ့စည်းထားသော ကုလားတန်းစုပေါင်းဈေးကုမ္ပဏီ (Kaladan United Bazaar Company) သို့ ကျပ် (၅၁၂ဝဝ) ဖြင့် ရောင်းချလိုက်သည်။ (၉၉) နှစ်ဂရန်ကိုလည်း ထုတ်ပေးသည်။

၁၉ နိုဝင်ဘာ ၁၉၅ဝ ည “သန်းခေါင်ယံ“ တွင် ဈေးကြီးတစ်ဈေးလုံးမီးလောင်ပြာကျသွားသည်။ ထိုအခါမြူနီစီပါယ်အဖွဲ့က ကုလားတန်းကုမ္ပဏီကို ဈေးဆောက်ခွင့်မပြုတော့ဘဲ ကုမ္ပဏီထံမှ ဈေးမြေကွက်ငှားရမ်းကာ ဈေးကြီးကို ဆောက်လုပ်သည်။ ဤသို့ဖြင့် ဈေးကြီးသည် ၁၈၄၈-ခုမှ ၁၉၅ဝ-ခုအထိ (၁ဝ၂) နှစ်ကြာ အိန္ဒိယနိုင်ငံသားအရင်းရှင်များလက်ဝယ်တွင်ရှိခဲ့ကြောင်း တွေ့ရသည်။ မော်လမြိုင်ဈေးကြီး အိန္ဒိယအရင်းရှင်များလက်တွင်းကျရောက်ပြီး (၈၈) နှစ်အကြာ ၁၄ စက်တင်ဘာ ၁၉၃၆ တွင် (မြို့မမောင်) ကလောင်အမည်ခံ “ဦးအောင်မြင်“ သည် မော်လမြိုင်စီးပွားရေးအခြေအနေလေ့လာရန် ရောက်ရှိခဲ့သည်။

မြို့မမောင်သည် ၁၉၃၆-ခုက မော်လမြိုင်စီးပွားရေးအခြေအနေကို ၁ နိုဝင်ဘာ ၁၉၃၆ တွင် ထုတ်ဝေသော “ဆယ်သန်းဂျာနယ်“ တွင် (ထိုခေတ်က အရေးအသားအတိုင်း) အောက်ပါအတိုင်းရေးသားခဲ့သည်။

၁၉၅၁-၅၂ ခုတွင် မြူနီစီပါယ်အဖွဲ့က ဈေးကြီးကို တိုက်ရိုက်အုပ်ချုပ်သည်။ ထိုကြောင့် ဈေးသူဈေးသားများ၏ ပဋိပက္ခနှင့် လိုအပ်ချက်များကို ဖြေရှင်းဖြည့်စွမ်းပေးရန်လိုအပ်လာသည်။ ၂၉ အောက်တိုဘာ ၁၉၅၁ တွင် မြူနီစီပါယ်အဖွဲ့ အစည်းအဝေးကို ကျင်းပသည်။ အစည်းအဝေးက ၁။ ဈေးအကြံပေးဘုတ်အဖွဲ့ဖွဲ့စည်းရန် ၂။ ဘုတ်အဖွဲ့တွင် မြူနီစီပါယ်လူကြီးများသာမက ဈေးအဖွဲ့အသီးသီးနှင့် ဈေးနှင့်မသက်ဆိုင်သူများပါ ပါဝင်ရန် ဆုံးဖြတ်သည်။

၂၈ ဇန်နဝါရီ ၁၉၅၂ တွင် တိုင်းမင်းကြီးရုံးခန်း၌ တိုင်းမင်းကြီးသဘာပတိအဖြစ်ဆောင်ရွက်သော အစည်းအဝေးက အောက်ဖော်ပြပါ (၁၅) ဦးပါဝင်သော အကြံပေးဘုတ်အဖွဲ့ကို ဖွဲ့စည်းသည်။

၁။ ဦးဇော်-ဒုတိယအရေးပိုင်မင်း
၂။ ဦးလှိုင်ဟုတ်-ခရိုင်ဖဆပလဥက္ကဋ္ဌ
၃။ ဦးရှားကိုး-ရာဇဝတ်ဝန်မင်း
၄။ မစ္စတာအော့ကင်း-တိုင်းစာရင်းစစ်
၅။ ဦးအောင်တင်-မြူနီစီပါယ်ဥက္ကဋ္ဌ
၆။ ဦးဘွန်ချင်း-မြူနီစီပါယ်ဒု-ဥက္ကဋ္ဌ
၇။ ဦးဘသန်း
၈။ ဗိုလ်ရဲနိုင်
၉။ဦးယူရှိန်
၁ဝ။ ဦးသွင် (ဝဏ္ဏကျော်ထင်)
၁၁။ ဦးစိုးမြင့်
၁၂။ ဦးဝမ်
၁၃။ ဦးကြီးရွှေ
၁၄။ ဦးကောက်ပွား-နှင့်
၁၅။ ဦးတင်မောင် (ခေါ်) မစ္စတာအီဆွတ်တို့ဖြစ်ကြသည်။

“ပညာတတ်လူချမ်းသာများစွာ ထွက်ပေါ်သော မော်လမြိုင်မြို့သည်ကား ယနေ့အထိ မျိုးမြန်မာများ အထက်တန်းကျလျက်ရှိသော မြို့ဖြစ်၏ ရန်ကုန်မြို့တွင် အဆင်းရဲဆုံးသူများနှင့် အချမ်းသာဆုံးသူများရှိ၏ မော်လမြိုင်တွင်ကား ရန်ကုန်မြို့မှာကဲ့သို့ အဆင်းရဲဆုံးသော သူမျိုးမရှိသလောက်နည်းပါး၏ ဝမ်းမြောက်ခဲ့၏ ဘောဂဗေဒပညာအရ ပြောရမည်ဆိုလျှင် မော်လမြိုင်မြို့၏ ဘောဂဗေဒအခြေအနေမှာ မျိုးမြန်မာများတွင် မျှမျှတတရှိသင့်သလောက်ရှိသည်ဟု ဆိုရမည်။

မြန်မာငရုပ်သီးကြက်သွန်ဆိုင်၊ မြန်မာခြောက်ပြားဆိုင်၊ မြန်မာလဘက်ရည်ဆိုင်၊ မြန်မာထမင်းဆိုင်၊ မြန်မာဟော်တယ်ဆိုင်များ ဖွင့်လှစ်ရန်လိုသေး၏ မြို့ပေါ်ရှိလူကြီးများက ဤအလုပ်များကို ဆင်းရဲသော မြန်မာတက်လူကလေးများကို လုပ်ကိုင်စေရန် မပြတ်မလပ်အားပေးတိုက်တွန်းသင့်ပါ၏။

မြို့၏ အဘိုးအတန်ဆုံးသော စီးပွားရေးဗဟိုရ်နေရာဆိုလောက်သည့် ဈေးကြီးနှင့် ၎င်းအနီးတဝိုက်တွင် နိုင်ငံခြားသားဈေးသည် ကုန်သည်များ ကြီးစိုးလျက်ရှိသည်ကို တွေ့ရ၏ ဝမ်းနည်းမိ၏ ဈေးကြီးတစ်ဈေးလုံးမှာ လိုလေသေးသည်မရှိ ရန်ကုန်က ဈေးများကဲ့သို့ စည်ကားလှ၏ သို့သော် တစ်ဈေးလုံးကုလားဆိုင်ချည်းလိုလိုဖြစ်နေသဖြင့် ဤနေရာကား ငါတို့မြန်မာများအတွက် လက်လွန်ချေပြီတကားဟု တွေးတောဝမ်းနည်းမိ၏။

မော်လမြိုင်တက်လူ၊ လူငယ်များမှာ အထူးသဖင့် ထကြွနိုးကြားနေကြ၏ စီးပွားရေးကြီးပွားရေးကို အလွန်ပင်လိုလားနေကြ၏။ ခေတ်ကြီးကို ပြောင်းလိုသော စိတ်အတော်ပင်ရှိကြ၏ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့ကို အတော်ပင်အရေးထားကြ၏။ ဤအတွက် ကျနုပ်အလွန်အားရမိ၏“ ဟူ၍ ဖြစ်သည်။

ထိုစဉ်က မော်လမြိုင်ဈေးကြီးတွင် ဈေးရုံ (၂) ရုံနှင့် ဆိုင်ခန်းပေါင်း (၁၃၄၅) ခန်းရှိသည်။ ဆိုင်ခန်းတစ်ခန်းလျှင် တစ်လ ဈေးခွန် (၃) ကျပ် (၇၅) ပြားပေးရသည်။ ၁၉၅၁-၅၂ ခုတွင် ဈေးကြီးမှ အခွန်ငွေ (၆၂၆၃၃) ကျပ် (၅) ပြားကောက်ခံရရှိသည်။ ထိုနှစ်အတွက် အုပ်ချုပ်ရေးနှင့် အထွေထွေလုပ်ငန်းများ၏ ကုန်ကျစရိတ်မှာ (၄၅၄ဝ၄) ကျပ် (၁၄) ပြားဖြစ်သည်။ ဈေးနှင့် ပတ်သက်သော အရာထမ်းအမှုထမ်းများမှာ – ဈေးဝန်ထောက် (၁) ဦး၊ ဈေးခေါင်း (၁) ဦး၊ ဈေးဌာနစာရေး (၁) ဦး၊ ဈေးကောက်စာရေး (၁) ဦး၊ ဈေးသန့်ရှင်းရေးအဖွဲ့ (၁၂) ဦးနှင့် ဈေးကာကွယ်ရေးအဖွဲ့ (၁၅) ဦးတို့ဖြစ်ကြသည်။

မန္တလေးမြို့ဈေးချိုရှိ ဈေးရုံများကို အေရုံ၊ ဘီရုံ၊ စီရုံဟူ၍ အင်္ဂလိပ်အက္ခရာစဉ်အလိုက်အမှတ်အသားပြုလုပ်ထားသည်။ မော်လမြိုင်ဈေးကြီးရှိ ဈေးရုံများ၏ အမည်ကိုကား ဈေးရုံအတွင်း ရောင်းချသောပစ္စည်းကို အကြောင်းပြု၍လည်းကောင်း ဈေးရုံအတွင်းရှိ ဈေးသည်အများစု၏ ဝါသနာကို ဖော်ပြသည့်အနေဖြင့်လည်းကောင်း ဈေးရုံများ၏ အမည်မှည့်သည်။

ဘုရားဆင်းတုတော်၊ ထီးတော်၊ ရွှေဆိုင်း၊ ပရိက္ခရာ (၈) ပါးနှင့် ပိဋကတ်သုံးပုံဆိုင်ရာ ကျမ်းစာအုပ်များ ရောင်းချရာဈေးရုံ “နိဗ္ဗာန်ကုန်ဈေးရုံ“ ဟု ခေါ်သည်။ ပရဆေးဆိုင်များရှိရာ ဈေးရုံကို “ဇီဝကဈေးရုံ“ ဟုခေါ်သည်။ ငါးပိငါးခြောက်များရှိရာ ဈေးရုံကို “ရေထွက်ပစ္စည်းဈေးရုံ“ ဟုခေါ်သည်။ (ဖဆပလခေတ်တွင် ဈေးကွက်ဈေးပွားရေးခေတ်မှာကဲ့သို့ ငါးပိတွင် ဓာတ်မြေသြဇာရောနှောခြင်း၊ ငါးခြောက်ကို ယမ်းစိမ်းပက်ဖျန်းခြင်းတို့ လုံးဝမရှိချေ။) လောင်းကစားဝါသနာကြီးသူ ဈေးသည် အများစုရှိရာ ဈေးရုံကို “ဂျိုကာဈေးရုံ“ ဟု ခေါ်သည်။

၁၉ အောက်တိုဘာ ၁၉၇၈ နံနက် (၁၁) နာရီခွဲခန့်တွင် ဈေးကြီးသည် ဒုတိယအကြိမ်မီးလောင်ကျွမ်းခံရပြန်သည်။ မီးလောင်မြင်ဈေးမြေကွက်ကြီးပေါ်တွင် (၁ဝ) နှစ်ကျော်ကြာသည့်တိုင် ဈေးကြီးကို ပြန်လည်မတည်ဆောက်နိုင်ခဲ့ချေ။ (၁ဝ) နှစ်ကျော်ကြာ ၁၉၈၉-ခုရောက်မှသာ ဆောက်လုပ်ရေးလုပ်ငန်းစတင်နိုင်သည်။

ပထမအဆင့်အနေဖြင့် ဈေးကြီးမြောက်ဘက်ခြမ်းကို ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်သည်။ အလျားအနံ (၈) ပေစီကျယ်ဝန်းသော ဆိုင်ခန်း (၃၈ဝ) ပါဝင်သည့် ဈေးရုံ (၃) ရုံကို မေ ၁၉၈၉ တွင် ဆောက်လုပ်ပြီးစိးသည်။ ဆိုင်ခန်း(၁) ခန်းတန်ဖိုးကို ကျပ် (၂၄ဝဝဝ) သတ်မှတ်သည်။

ဒုတိယအဆင့် တောင်ဘက်ခြမ်းကို ဈေးဆောက်လုပ်ရေးကော်မတီကတည်ဆောက်သည်။ ဆိုင်ခန်း (၄၆၄) ခန်းပါဝင်သော ဈေးရုံ (၃) ရုံကို နိုဝင်ဘာ ၁၉၈၉ တွင် ဆောက်လုပ်ပြီးစီးသည်။

ဆိုင်ခန်း (၈၄၄) ခန်းပါ ဈေးရုံ (၆) ရုံ၊ အခန်း (၁ဝ) ခန်းပါ ရေလောင်းအိမ်သာတစ်လုံး၊ မီးသတ်ငုတ် (၃၄) ခု၊ ဂါလန် (၁၂ဝဝဝ) ဆန့် ကွန်ကရစ်ရေစင်တစ်စင်နှင့် ဈေးဧရိယာအပြည့် ကွန်ကရစ်ခင်းသည့် ဆောက်လုပ်ရေးလုပ်ငန်းအရပ်ရပ်အတွက် ကျပ်ငွေ (၁၈၃) သိန်းခန့် ကုန်ကျသည်။ ထို့ပြင် ကျပ်သိန်း (၇ဝ) အကုန်အကျခံ၍ ရေပေါ်ဈေးကိုလည်း တည်ဆောက်သည်။

ကိုလိုနီခေတ် မော်လမြိုင်တွင် ဈေးကြီးအပြင် အခြားဈေး (၆) ဈေးလည်းရှိသေးသည်။ ၁၈၃၆-ခုတွင် “ထားဝယ်စုဈေး“ ကို တည်ဆောက်သည်။ ၁၈၄၈-ခုတွင် “မရမ်းကုန်းဈေး“ နှင့် ထားဝယ်စုဈေးတို့ကို အငှားဂရန်များထုတ်ပေးစသည်။ ၁၈၄၉-ခုတွင် “ဒိုင်းဝန်ကွင်းဈေး“ ကို ဂရန်ချပေးသည်။ ၁၈၆၄-ခုတွင် နယာဘတ်စတီ (Nayabusty) ဈေး (ခ) ကုလားဈေး (၁)၊ မင်္ဂလာဈေး (ခ) ဗိုင်တာဈေး၊ (၄) မည်ရဈေးကို ဂရန်ချထားပေးသည်။ ၁၈၈၃-ခုတွင် “မုပွန်ဈေး“ ကို (၉၉) နှစ်ဂရန်ချပေးသည်။

ကိုလိုနီခေတ် (၄) မည်ရဈေးအနီးပတ်ဝန်းကျင်တွင် ဇွဲကလာဘုန်းကြီးကျောင်း စိန့်ပက်ဘုရားရှိခိုးကျောင်း၊ စရီကရစ္စနားဘုရားကျောင်း၊ ကဘရ်စတန်ဗလီ၊ ခရစ်ယာန်သင်္ချိုင်း၊ မွတ်စလင်သင်္ချိုင်းတို့အပြင် သာသနာပြုကျောင်းများဖြစ်ကြသော စိန့်ဂျိုးဇက်ကွန်ဗင့်ကျောင်းနှင့် စိန့်ပက်ထရစ်ကျောင်းတို့လည်းရှိကြသည်။

ထိုပြင် “ဆောင်ကြာမြိုင်“ တစ်ခုလည်းရှိသည်။ ဆောင်ကြာမြိုင်၏ စီအီးအို (C.E.O) မှာ “ဂနီ“ ဖြစ်သည်။ ဂနီ၏ တာဝန်မှာ ပေါ့ပေါ့သေးသေးမဟုတ်ချေ။ ပုလိပ်များနှင့် သင့်တင့်အောင်ပေါင်းရသည်။ ရပ်ရွာနှင့် ရေလိုက်ငါးလိုက်ဆက်ဆံရသည်။ မိမိဂေဟာတွင်ရှိသော (၁) ပဲတန်၊ (၂) ပဲတန်ပစ္စည်းများအား၊ အမြဲထာဝရသန့်ရှင်းလှပအောင်ပြုပြင်နေထိုင်ရန် တိုက်တွန်းရသည်။

စိန့်ပက်ထရစ်ကျောင်းဘော်ဒါဆောင်သည် ဆောင်ကြာမြိုင်နှင့် မနီးမဝေးတွင်ရှိသည်။ ထိုခေတ်က ကျင်ကြီးစွန့်ရာတွင် ဇလားအိမ်သာကိုအသုံးပြုရသည်။ မိလ္လာသိမ်းသူများက နေ့စဉ်ညဦးပိုင်းတွင် မိလ္လာသိမ်း၍ သန့်ရှင်းရေးလုပ်သည်။ ဘော်ဒါဆောင်မှ ကျောင်းသားအချို့သည် မိလ္လာသိမ်းသူများကို မုန့်ဖိုးပေး၍ ကျင်ကြီးစွန့်ရာအပေါက်ဝကို ကာဘော်လစ်ဆီဖြင့် သန့်ရှင်းအောင်ပြုလုပ်ခိုင်းသည်။ ညလူခြေတိတ်ချိန်တွင် သန့်ရှင်းသော အပေါက်ဝမှ ဘော်ဒါဆောင်ပြင်ပသို့ထွက်သည်။ ဂနီ၏ ဆောင်ကြာမြိုင်တွင် အပျော်ကျူးကြသည်။

ထိုအချိန်တွင် စည်းကမ်းကြီးလှပါသည်ဟု နာမည်ကြီးသော ဘော်ဒါအုပ်ဘရာသာ (Brother) ကြီးများကား စိတ်ချလက်ချအိပ်မောကျလျက်ရှိကြလေသတည်း။

Written by အံ့ကျော်

Leave a Reply