Advertisements

၁။ အစိုးရကျောင်း

မော်လမြိုင်သည် မေ-၁၈၂၉ တွင် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်လာသည်။ မင်းတုန်းမင်းက မန္တလေး (ရတနာပုံ) ကို ၁၈၅၉-ခုတွင် တည်ထောင်သည်။ ထိုကြောင့် ကိုလိုနီခေတ် မော်လမြိုင်မြို့သစ်သည် ပဒေသရာဇ်ခေတ်မန္တလေးမြို့ထက် မြို့တော်နှစ် (၃ဝ) တိတိကြီးသည်။

၁၈၂၆-ခုတွင် တံငါရွာကလေးမျှသာဖြစ်သော မော်လမြိုင်သည် တိုင်းမြို့တော်ဖြစ်လာပြီး (၃) နှစ်အကြာ ၁၈၃၂-ခုသို့ ရောက်သောအခါ အရပ်သား (၁၄ဝဝဝ) နှင့် စစ်သား (၁၇ဝဝ) နေထိုင်သည့် စည်ကားစပြုလာသော မြို့ဖြစ်လာသည်။ ၁၈၅၅-ခုတွင် မော်လမြိုင်လူဦးရေသည် (၂၃၆၈၃) ဦးရှိပြီး ၁၈၆၅-ခုသို့ရောက်သောအခါ (၇ဝ၃၄၇) ဦးအထိ ဒီရေအလားတိုးပွားလာသည်။

ထိုသို့မော်လမြိုင်လူဦးရေတိုးပွားလာခြင်းမှာ အကြောင်း (၅) ခုကြောင့်ဖြစ်သည်။

ပထမအကြောင်းမှာ ဗြိတိသျှတပ်များ၊ ဗြိတိသျှလက်အောက်ခံ အိန္ဒိယနိုင်ငံသားတပ်များ ဗြိတိသျှအရာရှိများနှင့် အမေရိကန်သာသနာပြုများ၊ မော်လမြိုင်တွင် စခန်းချခြင်း၊ အုပ်ချုပ်ခြင်းနှင့် သာသနာပြုခြင်းတို့ကြောင့် ဖြစ်သည်။

ဒုတိအကြောင်းမှာ ၁ဝ ဒီဇင်ဘာ ၁၈၂၄ တွင် သမိန်ပရူး (မောင်စပ်) ဦးဆောင်သော “သံလျင်အရေးအခင်း“ ၏ အကျိုးဆက်ကြောင့်၊ သံလျင်၊ ဒလ၊ ရန်ကုန်နှင့် ပဲခူးတို့မှ ထောင်သောင်းချီသော မွန်စစ်ရှောင်ဒုက္ခသည်များ၊ ရေလမ်းကုန်းလမ်းမှ မော်လမြိုင်သို့ အိုးပစ်အိမ်ပစ်ထွက်ပြေးလာကြသောကြောင့်ဖြစ်သည်။

တတိယအကြောင်းမှာ ထားဝယ်နှင့် ရွှေတောင်မြို့များမှ ဗမာများ၊ ရေကြည်ရာမြက်နုရာ မော်လမြိုင်သို့ လာရောက်အခြေချနေထိုင်သောကြောင့်ဖြစ်သည်။

စတုတ္ထအကြောင်းမှာ မော်လမြိုင်တွင် ဆန်စပါးလုပ်ငန်းသစ်လုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ၊ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ နိုင်ငံခြားသားမျက်နှာဖြူမျက်နှာမည်း ကုန်သည်အရင်းရှင်များ လာရောက်စီးပွားရှာကြသောကြောင့်ဖြစ်သည်။ ၁၈၃၆-ခုတွင် မော်လမြိုင်၌ နိုင်ငံခြားသားအရင်းရှင် (၂၅ဝဝ) ခန့်ရှိသည်။

ပဉ္စမအကြောင်းမှာ ကိုလိုနီခေတ်တွင် လူဝင်လူထွက်နှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်မရှိသဖြင့် အိန္ဒိယမှ အစိုးရဌာနဆိုင်ရာ အဆင့်နိမ့်ဝန်ထမ်းများ၊ အလုပ်ကြမ်းသမားများ၊ လယ်သမားများ၊ သမ္ဗန်လှော်ခတ်သူများနှင့် ဘင်္ဂါလီအကျဉ်းသားများ ဝင်ရောက်လာသောကြောင့် ဖြစ်သည်။

ထိုကြောင့်ပင်လျှင် ၁၈၇၂-ခု မော်လမြိုင်တွင် အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်၊ အာမေးနီးယန်း၊ ကပြား၊ တရုတ်၊ အိန္ဒိယနိုင်ငံသား၊ မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်းနှင့် ရှမ်းလူမျိုးစုံနေထိုင်လျက်ရှိသည်ကို တွေ့ရသည်။

မော်လမြိုင်သည် နိုင်ငံမျိုးစုံ ဒေသမျိုးစုံမှ လူမျိုးစုံတို့၏ “ကွန်းခိုရာ“ စည်ကားသော မြို့ကြီးဖြစ်လာသောအခါ အုပ်ချုပ်သူ အင်္ဂလိပ်တို့အဖို့ အုပ်ချုပ်ခံလူမျိုးကွဲများနှင့် ဆက်ဆံရေးပိုများလာသည်။ ပို၍ ရှုပ်ထွေးလာသည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့၏ ဆက်ဆံရေးတွင် ဘာသာစကားကွဲပြားမှုသည် ကြီးမားသော အဟန့်အတားဖြစ်သည်။ ထိုအခါ အင်္ဂလိပ်တို့သည် လက်အောက်ခံလူမျိုးစုံတို့နှင့် ဆက်ဆံရာတွင် စကားပြန်အဖြစ်အသုံးပြုနိုင်ရန် အင်္ဂလိပ်ဘာသာအရေးအဖတ်အပြော၊ အတန်အသင့်တတ်ကျွမ်းသည့် လူငယ်များကို လူမျိုးစုံတို့မှ မွေးထုတ်ရန် အရေးပေါ်အစီအစဉ်များပြုလုပ်သည်။ ထိုစဉ်က တိကျခိုင်မာသော ပညာရေးမူဝါဒမရှိသေးချေ။

၁ စက်တင်ဘာ ၁၈၃၄ တွင် အမှတ် -၆၊ မြို့မတံတားလမ်း (No.6 Maingy Street) တွင် အခမဲ့ကျောင်း (Free School) ကို ဖွင့်လှစ်သည်။ အခမဲ့ကျောင်းသည် ဗြိတိသျှအစိုးရတစ်ပိုင်း၊ သာသနာပြုအဖွဲ့တစ်ပိုင်းက ဖွင့်လှစ်သောကျောင်းဖြစ်သည်။ ကုမ္ပဏီကျောင်းဟုလည်း ခေါ်သည်။

ကျောင်းအုပ်ကြီးမှာ သာသနာပြုဆရာမစ္စတာစီပါဘဲနက် (Rev. Chpeas Bennett) ဖြစ်သည်။ ဘဲနက်နှင့် ဇနီးတို့သည် ၁၅ ဇန်နဝါရီ ၁၈၃ဝ တွင် မော်လမြိုင်သို့ ရောက်ရှိလာသည်။ ဇနီးမောင်နှံတို့နှင့်အတူ အမေရိကန်လုပ်ပုံနှိပ်စက်တစ်လုံးနှင့် မြန်မာခဲစာလုံးများပါလာသည်။ မစ္စတာဘဲနက်သည် ၆ ဖေဖော်ဝါရီ ၁၈၃ဝ တွင် ပုံနှိပ်တိုက်ကို စတင်တည်ဆောက်သည်။ အလျားပေ (၅ဝ) အနံပေ (၃ဝ) ရှိသော ပုံနှိပ်တိုက်ကို ဝါးဖြင့်တည်ဆောက်ရာ ဒေါ်လာ (၁၅ဝ) ကုန်ကျ၍ မတ်လအတွင်းဆောက်လုပ်ပြီးစီးသည်။ ပထမဆုံးပုံနှိပ်သည့် ကျမ်းစာမှာ ဆရာယုဒသန် (Dr.Judson) ပြုစုထားသော ရွှေချိန်ခွင်စာ (Golden Balanee) ဖြစ်ပြီး အုပ်ရေ (၂) သိန်းပုံနှိပ်သည်။ အခမဲ့ကျောင်းပုံနှိပ်တိုက် ( Free School Press)မှ ပုံနှိပ်ထုတ်ဝေသော စာအုပ်တစ်အုပ်မှာ “ဘင်္ဂလားမြို့သို့ မော်လမြိုင်မြို့က သက္ကရာဇ် ၁၁၉၇ ခုနှစ် သွား၍ သိမြင်ခဲ့သမျှ အများကြားသိရအောင် အခွန်တော် မောင်ရွှေထွန်း စီကုံးရေးသည့်ရာဇဝင်စာ“ (Journal of a visit to culcutta in the year 1835 by Moung Shoay Doon) ဖြစ်သည်။

မစ္စတာဘဲနက်သည် ပညာသင်ကြားရေးတွင် အတွေ့အကြုံကြွယ်ဝသူဖြစ်သည်။ ဒေသခံတိုင်းရင်းသားတို့၏ ဘာသာစကားကို စိတ်ပါဝင်စားစွာ လေ့လာသည်။ ကိုယ်ခန္ဓာထွားကြိုင်းတောင့်တင်းခိုင်မာသည်။ စိတ်ဓာတ်မာကျောသူဖြစ်သည်။ အခလွတ်ကျောင်းတွင် ဘဲနက်က ကျောင်းသားများကိုလည်းကောင်း၊ ဇနီးဖြစ်သူက ကျောင်းသူများကိုလည်းကောင်း ကြီးကြပ်သင်ကြားပေးသည်။ ဇနီးမောင်နှံတို့၏ လစာကို ခရစ်ယာန်သာသနာပြုအဖွဲ့က ထောက်ပံ့သည့် နှုန်းထားအတိုင်းသတ်မှတ်သည်။

၁ စက်တင်ဘာ ၁၈၃၅ တွင် အခလွတ်ကျောင်းကို ရုပ်သိမ်း၍ အစိုးရက တာဝန်ယူလျက် အစိုးရကျောင်းအဖြစ် ဆက်လက်ဖွင့်လှစ်သည်။ ကျောင်းအုပ်ကြီးမှာ မစ္စတာဘဲနက်ပင်ဖြစ်သည်။ အစိုးရကျောင်းဖြစ်လာသောအခါ ကျောင်းသားတစ်ဦးလျှင် (၁) ရူပီး ကျောင်းလခပေးရသည်။ စာအုပ်နှင့် စာရေးကိရိယာများကို ကျောင်းကပင် ဝယ်ယူအသုံးပြုရသည်။ အစိုးရကျောင်းတွင် အင်္ဂလိပ်စာကိုသာမက မြန်မာစာကိုပါ သင်ကြားပေးသည်။ မြန်မာစာသင်ကြားသောဆရာမှာ မောင်သာဦး (Moung Tha Oo) ဖြစ်၍ လခ (၂၅) ရူပီးရသည်။ ကျောင်းအုပ်ကြီးလစာမှာ ရူပီး (၁၅ဝ) ဖြစ်သည်။

၁ စက်တင်ဘာ ၁၈၃၅ တွင် စတင်ဖွင့်လှစ်သော မော်လမြိုင်အစိုးရကျောင်းသည် ဗြိတိသျှမြန်မာနိုင်ငံဟု ခေါ်တွင်သော အောက်မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သော အစိုးရကျောင်းဖြစ်သည်။ ၁၈၃၇ – ခုတွင် ဒုတိယအဖြစ် ကျောက်ဖြူမြို့တွင်လည်းကောင်း၊ ၁၈၄၆ – ခုတွင် တတိယအဖြစ် စစ်တွေမြို့တွင်လည်းကောင်း၊ ၁၈၆၆ – ခုတွင် စတုတ္ထအဖြစ် ပြည်မြို့တွင်လည်းကောင်း၊ အစိုးရကျောင်းများကို ဆက်လက်ဖွင့်လှစ်သည်။

မော်လမြိုင်အစိုးရကျောင်းစတင်ဖွင့်စဉ်က ကျောင်းသား (၂၆) ဦးသာရှိသော်လည်း (၁၂) လကြာသောအခါ ကျောင်းသား (၁ဝ၄) ဦး အထိ တိုးပွားလာသည်။ (၁ဝ၄) ဦးအနက် (၁၂) ဦးမှာ ကျောင်းသူများဖြစ်ကြသည်။ ကျောင်းသားအများစုသည် မွန်စစ်ရှောင်ဒုက္ခသည်များ၏ ရင်သွေးများဖြစ်ကြသည်။ စစ်ရှောင်ဒုက္ခသည်များသည် မိဘဘိုးဘွားအစဉ်အဆက် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများဖြစ်ကြသည်။ မိမိတို့သားသမီးမျးအခြားဘာသာသို့ ကူးပြောင်းသွားမည်ကို လွန်စွာစိုးရိမ်သည်။

အရှိန်အဟုန်ကောင်းကောင်းဖြင့် တိုးတက်ဖွံ့ဖြိုးဘာသော မော်လမြိုင် အစိုးရကျောင်းသည် ကျောင်းဖွင့်၍ (၁) နှစ်ကျော်အကြာ ၁၈၃၆ – ခုတွင် ကျောင်းပိတ်လိုက်ရသည်။ ကျောင်းပိတ်ရသည့်အကြောင်းရင်းသည် ရှုပ်ထွေးသိမ်မွေ့သည်။

ကုန်းဘောင်မင်းဆက် (၆) ဆက်မြောက် ဘိုးတော်ဘုရား (ဗဒုံမင်း) လက်ထက်တွင် လောင်ရင်ဖန်း (Lao Yin Phan) အမည်ရှိ တရုတ်လူငယ်တစ်ဦး စီးပွားရှာရန် မြန်မာနိုင်ငံသို့ စွန့်စားထွက်ခွာလာသည်။ မြန်မာပြည်သို့ ရောက်ပြီး ကာလအတန်ကြာသော် ငွေကြေးအသင့်အတင့် စုဆောင်းမိသည်။ “မင်းကွန်း“ ဇာတိဖြစ်သူ မြို့ဝန်တစ်ဦး၏ သမီးနှင့်အကြောင်းပါရာသားသမီး (၄) ဦးဖွားမြင်သည်။ ၁။ မကြင် ၂။အဗောင် (Lao Coon Ah Vaung) ၃။ မောင်ရွှေလှိုင်နှင့် ၄။ မောင်စံတို့ဖြစ်ကြသည်။

၁၈၂၉ – ခုတွင် မော်လမြိုင်သည် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်လာပြီး စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာသည်။ ထိုအခါ “လောင်ရင်ဖန်း“ မိသားစုသည် မော်လမြိုင်သို့ ပြောင်းရွှေ့လာပြီး စီးပွားရှာသည်။ သားဖြစ်သူ “အဗောင်“ ကို အစိုးရကျောင်းတွင် တက်ရောက်ပညာသင်ယူစေသည်။

တရုတ်ဗမာကပြားဖြစ်သူ အဗောင်သည် ပညာပါရမီပါသူဖြစ်၍ ဉာဏ်ပညာထက်မြက်သည် ကျောင်းအုပ်ကြီးဖြစ်သူ မစ္စတာဘဲနက်က ဉာဏ်ကောင်း၍ စာတော်သော အဗောင်ကို ချစ်ခင်မြှောက်စားသည်။ ကျောင်းအုပ်ကြီးက ဒေသခံတိုင်းရင်းသား ကျောင်းသားများအား အဗောင်ကဲ့သို့ စာတော်အောင်ကြိုးစားရန် အကြိမ်ကြိမ်တိုက်တွန်းသည်။ ဒေသခံတိုင်းရင်းသားကျောင်းသားများသည် စစ်ရှောင်ဒုက္ခသည်များ၏ သားသမီးများဖြစ်၍ ပညာသင်ယူခွင့်မရခဲ့ကြချေ။ ထိုကြောင့် ပညာအခြေခံအားနည်းသည်။ တိုင်းရင်းသားကျောင်းသားများသည် ကျောင်းအုပ်ကြီးက မိမိတို့နှင့် အဗောင်ကို နှိုင်းယှဉ်ပြောကြား ဖန်များသောအခါ ကျောင်းအုပ်ကြီးအပေါ် အမြင်မကြည်ဖြစ်လာသည်။ အဗောင်အပေါ်မနာလို မရှုစိတ်ဖြစ်လာသည်။ အမြင်ကပ်လာသည်။ ကျောင်းနေချင်စိတ်ကုန်ခန်းလာသည်။

မကြာမီမှာပင် အဗောင်သည် နှစ်ခြင်းမင်္ဂလာခံယူသည်။ မြို့ကအရပ်က မကျေမနပ်ဖြစ်ပြီး ရုတ်ရုတ်သဲသဲဖြစ်သည်။ မိမိတို့သားသမီးများ ဘာသာပြောင်းမည်ကို စိုးရိမ်သော မိဘများနှင့် ကျောင်းမနေချင်သော ကျောင်းသားများက ကျောင်းကို သပိတ်မှောက်ကြသည်။ ဤသပိတ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ကျောင်းသားသပိတ်ဖြစ်သည်။

မြန်မာ့ပညာရေးသမိုင်းတွင် ကျောင်းနှင့် တက္ကသိုလ်စတင်ဖွင့်လှစ်သောအခါ သပိတ်ပါပူးတွဲပါလာသည်ကို ထူးခြားစွာတွေ့ရသည်။

Written by အံ့ကျော်

Advertisements
<

Leave a Reply