Advertisements

မော်လမြိုင်အစိုးရအထက်တန်းကျောင်း မဂ္ဂဇင်း (The Goverment High School Magazine) ပထမတွဲ – အမှတ် – ၁ ကို ၁၂၉၄-ခု တပေါင်းလ၊ မတ် ၁၉၃၃ တွင် အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာအယ်ဒီတာမှာ ဦးဘဘွား (B.A, M.Ed) ဖြစ်၍ မြန်မာဘာသာအတိုင်ပင်ခံတည်းဖြတ်သူမှာ ဆရာဦးဖေဖြစ်သည်။ ထိုမဂ္ဂဇင်းကို ဖတ်ရှု့လေ့လာခြင်းအားဖြင့် လွန်ခဲ့သော (၈၅) နှစ်က မော်လမြိုင်အစိုးရအထက်တန်းကျောင်း၏ အခြေအနေအရပ်ရပ်ကို သိနိုင်သည်။

၁၉၃၂-၃၃ -ခု ပညာသင်နှစ်တွင်း ကျောင်းအုပ်ကြီး မစ္စတာအီဗာ (Mr.W.H.Eva) ပညာဝန်ရာထူးသို့ တိုးမြှင့်ခံရသဖြင့် ပြောင်းရွှေ့သွားရာ မစ္စတာဘတ်ထရက် (Mr.E.W.Buttress) ကျောင်းအုပ်ကြီးအဖြစ်အစားဝင်ရောက်လာသည်။

ဒုတိယကျောင်းအုပ်ကြီး မစ္စတာဒတ် (Mr.M.K.Dutt) ပြောင်းရွှေ့သွားသဖြင့် ဦးဘဘွား (B.A, M.Ed) အစားဝင်ရောက်လာသည်။
အထက်တန်းပြဆရာ မစ္စတာတန်လှိုင်ဟုတ် (Mr.Tan Hline Hoke) ရာထူးတိုး၍ ရေနံချောင်းသို့ ပြောင်းရွှေ့သွားရာ၊ မစ္စတာတန်ဂွမ်လျောင် (Mr.Tan Gwan Leong B.A) အစားဝင်ရောက်လာသည်။ မစ္စတာဂွမ်လျောင်၏ ဘဝခရီးကား၊ ၁၉ဝ၅-ခုတွင် ပဲနွယ်ကုန်းမြို့၌ ဖွားမြင်သည်။ မိဘနှစ်ပါးမှာ ဦးအောင်ညွှန့်နှင့် ဒေါ်ချောတို့ဖြစ်ကြသည်။ ရန်ကုန်အစိုးရအထက်တန်းကျောင်း၌ ပညာသင်ယူစဉ် (၇) တန်းနှင့် (၁ဝ) တန်းတို့တွင် စကောလားရှစ်ရရှိသည်။ ၁၉၂၆-ခုတွင် ဘီ.အေ အောင်သည်။ ၁၉၃၂-ခုတွင် မော်လမြိုင်အစိုးရအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ၊ ၁၉၃၅-ခုတွင် စစ်တွေအစိုးရအထက်တန်းကျောင်းတွင် ဒုတိယကျောင်းအုပ်လုပ်ခဲ့သည်။

ထိုနှစ်မှာပင် “ဦးပန်းနွယ်“ ကလောင်အမည်ဖြင့် ဆောင်းပါးများရေးခဲ့သည်။ ၁၉၄၇-ခုတွင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရပြီး မြန်မာစာကထိက တာဝန်ယူသည်။ ၁၉၅ဝ ပြည့်နှစ်တွင် ပြင်သစ်စာပေအတွက် နိုင်ငံခြားပညာတော်သင်အဖြစ်သွားရောက်ခဲ့သည်။ ၁၉၅၃-ခုတွင် မြန်မာပြည်သို့ ပြန်ရောက်၍ ပညာရေးအရာရှိ အဖြစ်တာဝန်ထမ်းဆောင်သည်။ ထို့နောက် ကရင်ပြည်နယ်ပညာဝန်အဖြစ် ဆောင်ရွက်ပြီး ၁၉၅၈-ခုတွင် အငြိမ်းစားယူ၍ ရှေ့နေလိုက်သည်။ “ဖြူးစာပေနှင့် ကလေးစာပေရိပ်မြုံ“ တွင် စာအုပ် (၁၅) အုပ်ရေးသားပြုစုခဲ့သည်။ ဒေါက်တာဂွမ်လျောင်ခေါ် ဒေါက်တာမောင်ဖြူသည် ၉ အောက်တိုဘာ ၁၉၇ဝ ပြည့်နှစ်တွင် ရန်ကုန်ကမ္ဘာအေးဘုရားလမ်း နေအိမ်၌ ကွယ်လွန်သည်။

၁၉၃၂-၃၃ ခုတွင် ပညသင်နှစ်တွင် ကျောင်းသားဦးရေ (၄ဝဝ) ကျော်ကျော်ရှိသည်။ အတန်းတစ်တန်းလျှင် ကျောင်းသားဦးရေ (၂၅) ဦးသာရှိသည်။ ထို့ကြောင့် ဆရာဖြစ်သူက မိမိတပည့်များ သဘောပေါက်နားလည်အောင် စိတ်ရှည်လက်ရှည်၊ နိုင်နိုင်နင်းနင်းသင်ကြားပို့ချပေးနိုင်သည်။ ကျောင်းသားများကလည်း လေးလေးစားစားသင်ယူသည်။ ထို့ကြောင့် ထိုခေတ်က ကျူရှင်နှင့် ဝိုင်းများမလိုအပ်ချေ။ ရှိလည်းမရှိချေ။

ကျောင်းတက်ချိန်စတင်လျှင် ကျောင်းသင်ခန်းစာများကို သင်ကြားပို့ချခြင်းမပြုသေးချေ။ ကျောင်းသားများ စိတ်သဘောထားဖြူစင်၍ ကိုယ်ကျင့်တရားကောင်းမွန်စေရန်၊ ဗုဒ္ဓဘာသာဝင်ကျောင်းသားများကိုသာမက ခရစ်ယန်နှင့် မွတ်စလင်ကျောင်းသားများကိုပါ သက်ဆိုင်ရာဘာသာအလိုက် တတ်သိနားလည်ကျွန်းကျင်သော ဆရာများက ဘာသာရေးနှင့် ပတ်သက်၍ ဟောကြားပေးသည်။

ထိုပညာသင်နှစ်တွင် ကျန်းမာရေးချို့တဲ့သူ ဆရာဦးရေများသည်။ ဆရာ (၃) ဦး ရက်ရှည်ဆေးခွင့်ယူသည်ကို တွေ့ရသည်။ ကျောင်းသားများ ကျန်းမာရေးအတွက် ကျောင်းဆရာဝန်ဒေါက်တာခင်ကြီး (L.R.C.P, M.R.C.S) က ဆေးစစ်ပေးသည်။ လိုအပ်သော ဆေးများတိုက်ကျွေးထိုးနှံပေးသည်။ ရောဂါကြီးလျှင် မိဘများထံ အကြောင်းကြားပေးသည်။

ကျောင်းသားများ ကိုယ်ခန္ဓာတောင့်တင်း၍ ကျန်းမာသန်စွမ်းစေရန် ဘေ့ဘော (Base Ball) ၊ ဘတ်စကက်ဘော၊ ဘောလုံး၊ တင်းနစ်နှင့် ခြင်းခတ်ပြိုင်ပွဲများကို ရာသီလိုက် ကျင်းပပေးသည်။ နှစ်ပတ်လည်ပြေးခုန်ပစ်ပြိုင်ပွဲများကို နှစ်စဉ်ဖေဖော်ဝါရီလတွင် ကျင်းပသည်။ အစိုးရအထက်တန်းကျောင်း ဘော်ဒါဆောင်ရှေ့ရှိ ကွင်းပြင်သည် ကျယ်ကျယ်ဝန်းဝန်းရှိသည်။

ကျောင်းသားများ စာပေအရေးအသားစနစ်တကျတတ်ကျွမ်းစေရန်နှင့် လေယူလေသိမ်း၊ ဟန်ပန်အမူအယာကောင်းကောင်းဖြင့် ပီပီသသပြတ်ပြတ်သားသား ဌာန်ကရိုဏ်းကျကျပြောတတ်စေရန် “စာပေနှင့် နှုတ်မှုပညာအသင်း“ (Literary and Debating Society) ကိုလည်း ဖွဲ့စည်းပေးထားသည်။

အစိုးရအထက်တန်းကျောင်းတွင် အားကစားနှင့် ကာယဆရာ “စောစံနု“ ဦးဆောင်သော ကင်းထောက်အဖွဲ့လည်းရှိသည်။
ဖေဖော်ဝါရီ ၁၉၃၃ တွင် တနင်္သာရီတိုင်းပညာဝန် ဦးစံရွှေ (M.A, Bar-at-Law, F.R.G.S) က ကျောင်းကို လာရောက်စစ်ဆေးသည်။ အဆိုပါ ဦးစံရွှေသည် ၁ဝ အောက်တိုဘာ ၁၉၄၇ တွင် စတင်တည်ထောင်သော ရန်ကုန်မြို့ရှိ သက်ကြီးတက္ကသိုလ် (The University For Adult Education) တွင် ကျောင်းအုပ်ကြီးဖြစ်လာသည်။ ဦးစံရွှေသည် ကျောင်းအုပ်ကြီးတာဝန်ကိုသာမက မော်ကွန်းထိန်း၊ ငွေစာရင်းမှူး၊ ပထဝီဝင်ပါမောက္ခနှင့် ခေတ္တအင်္ဂလိပ်စာပါမောက္ခတာဝန်များကိုပါ ပူးတွဲထမ်းဆောင်ခဲ့သည်။ ဦးစံရွှေကို မိဘနှစ်ပါးဖြစ်ကြသော ဦးစံလှအောင်နှင့် ဒေါ်သုနန္ဒာတို့က ၂၆ ဧပြီ ၁၈၈၂ တွင် စစ်တွေမြို့၌ ဖွားမြင်သည်။ အသက် (၉ဝ) အရွယ် ၁၇ စက်တင်ဘာ ၁၉၇၂ တွင် ကွယ်လွန်သည်။

၁၉၃၃ – ခု ကျောင်းမဂ္ဂဇင်းကော်မတီနှင့် မဂ္ဂဇင်းတွင်ပါဝင်သော အကြောင်းအရာအရေးအသားများကို ဆက်လက်ဖော်ပြရသော်-
မဂ္ဂဇင်းကော်မတီတွင် အင်္ဂလိပ်အယ်ဒီတာအဖြစ် ဦးဘဘွား၊ မြန်မာစာအယ်ဒီတာအဖြစ် ဦးဖေတို့ဖြစ်ကြ၍ အကြံပေးအဖြစ် ဆရာ ဆရာမ (၈) ဦးပါဝင်သည်။ မဂ္ဂဇင်းအတွင်းရေးမှူးမှာ (၁ဝ) တန်းကျောင်းသား “မောင်စိုးတင်“ ဖြစ်သည်။ အလုပ်မန်နေဂျာ (Business Managers) များတွင် ဆရာ (၅) ဦးနှင့် ကျောင်းသား (၁) ဦးပါဝင်သည်။ အတန်းကိုယ်စားလှယ်များတွင် (၁ဝ) တန်းမှ (၆) ဦး၊ (၉) တန်းမှ (၆) ဦး၊ (၈) တန်းမှ (၆) ဦးကျောင်းသားများပါဝင်သည်။

အင်္ဂလိပ်စာအပိုင်း (English Section) တွင်
၁ဝ – တန်းကျောင်းသား မောင်အုန်းဆွေရေးသားသော
An Exciting Event.
၈ – တန်းကျောင်းသား မောင်သိန်းဟံ ရေးသားသော
Reaping of Paddy
၁ဝ – တန်းကျောင်းသား မောင်ရွှေမောင် ရေးသားသော
The advantages and disadvantages of life ma school Hostel.
၉ – တန်းကျောင်းသား မောင်မိုးမြင့် ရေးသားသော
Our Master.
၁ဝ – တန်းကျောင်းသား မောင်ညွှန့်ဝေ ရေးသားသော
A Moonlight Night
၁ဝ – တန်းကျောင်းသား မောင်ချန်ထွန်း ရေးသားသော
An Autobiography of aRupee
၁ဝ – တန်းကျောင်းသား မောင်တင် ရေးသားသော
My eccentric Friend
၇ – တန်းကျောင်းသား မောင်ကျော်သိန်း ရေးသားသော
What Science Does
၇ – တန်းကျောင်းသား မောင်မောင်ကြီး ရေးသားသော
A day at Amherst – နှင့် အမည်ဖော်ပြခြင်းမရှိသော ၉ – တန်းကျောင်းသားတစ်ဦးရေးသော Love – letter of a Seience student အစရှိသော ဆောင်းပါးနှင့် အစမ်းစာ – အင်္ဂလိပ်စာအရေးအသားတို့သည် မျက်မှောက်ခေတ်တက္ကသိုလ်ကျောင်းသားအများစုထက် အဆင့်မြင့်သည်။

ကဗျာခန်းတွင် သတ္တမတန်းကျောင်းသား “မောင်ပါ“ က အောက်ဖော်ပြပါ တေးထပ်ကို စီကုံးရေးဖွဲ့သည်။
အထွေထွေဖြိုးဝေတင့်သမို့၊ တန်ခိုအခြေလွင့်လို့ ကျောင်းဝေလှိုင်၊
စိုး သလေပလ္လင့်သို့ မော်ရွှေမြိုင်မှာ၊ ကျက်သရေကြိုင်စွာ ဂုဏ်တောက်လင်း၊
ရ ဝေပထဗျ ဆောင်ခန်းဘွေတွင်၊ မှောင်မသန်းပေထိန်ထွန်းပါတဲ့ အခင်း၊
အ နယ်နယ်အမြို့မြို့ မြန်ပြည်မှာ၊ စံမမီစရာဂုဏ်သတင်း၊
ထက် မြက်ပညာ အစုံလင်းလို့၊ မြို့တောအတွင်း ကျက်သရေဆောင်၊
တန်း ပထမ စန်းနေအသွင့်သို့၊ လျှမ်းဝေမြင့် သမိုးများတကာ့ ထွတ်ထိပ်ခေါင်၊
ကျောင်း တော်ကြီးဟု သရေပြောင်တယ်၊ သပြေတောင်ဝယ် မော်ပေသပမို့၊
တော် မြေနဂရရွှေမြိုင်အလယ်တွင်၊ မချို့စတိုင်ကြွယ်လွင်၊
ကြီး မဟာပေမို့ တန်ခိုးကြွယ်ဆင်သည်၊ အစိုးရသခင်ကျောင်းတော်ကြီးပေမို့လေး။
ရည်ရွယ်ဘွယ်အခန်းတွင်
“အစ်ကိုခေတ်“
သား။ ဆရာမက ကျွန်တော့ကို မချစ်တော့ဘူးတဲ့၊ မောင်ခင်ကိုမှ ချစ်တယ်တဲ့။
အမေ။ ဘဖြစ်လို့တဲ့လဲ။
သား။. နင့်မှာ အစ်ကိုမှ မရှိဘဲတဲ့၊ မောင်ခင်မှာ အစ်ကိုရှိတယ်တဲ့။
“ကျောက်ပြားပေါ်မှာ“
ဆရာသည် ပုဂံရာဇဝင်တွင် ပါသော မြစေတီကျောက်စာအကြောင်းသင်ကြားနေစဉ် မောင်ငွေသည် နားမထောင်ဘဲ ဆော့နေသည်ကို တွေ့၍-
ဆရာ။ ဟေ့မောင်ငွေ၊ မြစေတီကျောက်စာဘယ်မှာရှိသလဲ။
မောင်ငွေ။ ကျောက်ပြားပေါ်မှာပါ ဆရာ။

Written by အံ့ကျော်

Advertisements
<

Leave a Reply