၅ မတ် ၁၈၂၄ တွင် ပထမ အင်္ဂလိပ် မြန်မာစစ်ပွဲ စတင်ဖြစ်ပွားသည်။ စစ်ပွဲစတင်ချိန်မှ (၉)လခန့်အကြာ ဒီဇင်ဘာ ၁၈၂၄ တွင် တနင်္သာရီတိုင်း တစ်တိုင်းလုံး အင်္ဂလိပ်တို့လက်အောက်ကျရောက်သွားသည်။

၁ သြဂုတ် ၁၈၂၅ တွင် ပီနံဘုရင်ခံ ရောဘတ်ဖူလတန် (Rebert Fullerton)က မိန်းဂေး (A.D Maingy)အား တနင်္သာရီတိုင်း တောင်ပိုင်းဝန်ရှင်တော်မင်းကြီး (Commissioner) အဖြစ် ခန့်အပ်သည်။ တနင်္သာရီတိုင်း တောင်ပိုင်းတွင် မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့ပါဝင်သည်။ (ထိုစဉ်ရေးမြို့သည် ထားဝယ်ခရိုင်တွင် ပါဝင်သည်။) "မိန်းဂေး"သည် ၂၇ စက်တင်ဘာ ၁၈၂၅ တွင် မြိတ်မြို့သို့လည်းကောင်း၊ ၁၈ အောက်တိုဘာ ၁၈၂၅ တွင် ထားဝယ်မြို့သို့လည်းကောင်း ရောက်ရှိကာ အုပ်ချုပ်ရေးကိုစတင်သည်။<!--more-->

mlm histoery

မိန်းဂေးက တနင်္သာရီတိုင်း တောင်ပိုင်းကို အုပ်ချုပ်နေစဉ် တနင်္သာရီ မြောက်ပိုင်းဒေသဖြစ်သော ရေးမြို့ မြောက်ပိုင်းမှ သံလွင်မြစ်အရှေ့ဘက်ကမ်းအထိ ဒေသများကိုကား စစ်ဘက်မှ အုပ်ချုပ်လျက်ရှိသည်။ (ထိုဒေသ မြောက်ဘက်စွန်းတွင် မော်လမြိုင်တည်ရှိသည်။) ထိုစဉ်က ရန္တပိုစာချုပ် မချုပ်ရသေးချေ။

၂၄ ဖေဖော်ဝါရီ ၁၈၂၆ တွင် ရန္တပိုစာချုပ် ချုပ်ဆိုပြီးနောက် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်အမ်းဟတ် (Lord Amherst)က ကရောဖို့ (J.Crawfurd)အား တနင်္သာရီတိုင်း မြောက်ပိုင်းဝန်ရှင်တော် မင်းကြီးအဖြစ် ခန့်အပ်သည်။ ၆ ဧပြီ ၁၈၂၆ တွင် ကရောဖို့က ဘုရင်ခံချုပ် အမ်းဟတ်ကို ဂုဏ်ပြုသောအားဖြင့် ကျိုက္ခမီကို အမ်းဟတ်ဟု အမည်ပြောင်းသော အခမ်းအနားကျင်းပ၍ အမ်းဟတ်ကို တနင်္သာရီတိုင်းမြို့တော်အဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။ ကင်းဗဲနှင့် မိန်းဂေးတို့က တနင်္သာရီတိုင်းမြို့တော် သတ်မှတ်ရေးတွင် မော်လမြိုင်ကို ကျိုက္ခမီထက် ပိုမိုနှစ်သက်ကြသည်။

ဗိုလ်ချုပ်ကင်းဗဲ (Major – General Archibald Compbell)သည် ပထမ အင်္ဂလိပ် မြန်မာ စစ်ကာလအတွင်း ၁၀ မေ ၁၈၂၄ မှ စစ်ပွဲပြီးချိန်အထိ စစ်သည် (၁၁၅၀ဝ)ကို ဦးဆောင်ကာ၊ မြန်မာပြည် စစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ရန ္တပိုစာချုပ် ချုပ်ဆိုရာတွင် အင်္ဂလိပ်တို့ဘက်မှ ဦးဆောင်လက်မှတ်ရေးထိုး ခဲ့သူဖြစ်သည်။ စာချုပ် ချုပ်ဆိုပြီးချိန်တွင် ဘုရင်ခံချုပ် "အမ်းဟတ်"က "ကင်းဗဲ"အား တနင်္သာရီတိုင်း၏ အကြီးတန်းဝန်ရှင်တော်မင်းကြီး (Senior Commissioner) အဖြစ် ခန့်အပ်ခဲ့သည်။ "မိန်းဂေး"နှင့် "ကရောဖို့" (၂)ဦးစလုံးသည် "ကင်းဗဲ"၏ လက်အောက်ခံများ ဖြစ်ကြသည်။

ကရောဖို့က ကျိုက္ခမီတဖြစ်လဲ "အမ်းဟတ်"ကို တနင်္သာရီတိုင်း၏ မြို့တော်သတ်မှတ်သောအခါ ကင်းဗဲသည် မိမိတပ်များကို မော်လမြိုင်မှ ကျိုက္ခမီသို့ ပြောင်းရွှေ့ခြင်းမပြုချေ။ မော်လမြိုင်မြို့ဟောင်းနယ်နိမိတ်အတွင်း တပ်မြို့ (Comtonment)တည်ထောင်ကာ မိမိလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များနှင့် အခြေချနေထိုင်ခဲ့သည်။

၂၄ ဖေဖော်ဝါရီ ၁၈၂၆ တွင် ရန္တပိုစာချုပ် ချုပ်ဆိုပြီးနောက် တနင်္သာရီတိုင်းသည် အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီဘဝသို့ရောက်သွားသည်။ ကိုလိုနီခေတ်ဦးဖြစ်သော ၁၈၂၆ ခု နှစ်ဆန်းပိုင်းမှ ၁၈၂၉ ခု နှစ်ဆန်းပိုင်းအထိ (၃)နှစ်ကြာကာလအတွင်း တနင်္သာရီတိုင်း အုပ်ချုပ်ရေးသည် တည်ငြိမ်မှုမရှိချေ။ ပုံစံအမျိုးမျိုးဖြင့် အကွဲကွဲအပြားပြားဖြစ်နေသည်ကို အထက်တွင် ဖော်ပြပြီးဖြစ်သည်။

ဥပမာ တနင်္သာရီတိုင်းဟူသော "ဂူ"ကြီးတွင် "ခြင်္သေ့"ဟူသော အကြီးအကဲ (၃)ဦး (၃)ကောင် ခိုအောင်းလျက်ရှိသည်ဟု ဆိုနိုင်သည်။
ပထမခြင်္သေ့ဖြစ်သော ဝန်ရှင်တော်မင်းကြီး"မိန်းဂေး"က တနင်္သာရီတိုင်း တောင်ပိုင်း မြိတ်နှင့် ထားဝယ်ခရိုင်များကို အုပ်ချုပ်လျက်ရှိသည်။
ဒုတိယ ခြင်္သေ့ဖြစ်သော ဝန်ရှင်တော်မင်းကြီး "ကရောဖို့"က ကျိုက္ခမီကို ဗဟိုပြု၍ တနင်္သာရီတိုင်း မြောက်ပိုင်းကို အုပ်ချုပ်လျက်ရှိသည်။
တတိယ ခြင်္သေ့ဖြစ်သော အကြီးတန်းဝန်ရှင်တော်မင်းကြီး ဗိုလ်ချုပ် "ကင်းဗဲ"က မော်လမြိုင်မြို့ဟောင်း နယ်နိမိတ်အတွင်း တပ်မြို့တည်ထောင်ကာ စီမံအုပ်ချုပ်လျက်ရှိသည်။

သြဂုတ် ၁၈၂၆ တွင် ကရောဖို့ အင်းဝသို့ အင်္ဂလိပ်သံအဖြစ် ပြောင်းရွှေ့သွားသောအခါ တနင်္သာရီတိုင်းတွင် ခြင်္သေ့ (၂)ကောင်သာ ကျန်တော့သည်။ ကရောဖို့ ပြောင်းသွားသောအခါ မိန်းဂေးသည် မိမိအုပ်ချုပ်သောနယ်နှင့် ကရောဖို့ အုပ်ချုပ်ခဲ့သော နယ်ပူးပေါင်းကာ ကျိုက္ခမီတွင် ရုံးထိုင်အုပ်ချုပ်သည်။
၁၈၂၆ ခု နှစ်ဆန်းပိုင်းတွင် "ကင်းဗဲ" အနားယူသွားပြန်ရာ တနင်္သာရီတိုင်းဟူသော ဂူကြီးတွင် မိန်းဂေး ဟူသော ခြင်္သေ့ (၁)ကောင်သာ ကျန်တော့သည်။

မေ ၁၈၂၉ တွင် မိန်းဂေးသည် မိမိဌာနချုပ်ကို ကျိုက္ခမီမှ မော်လမြိုင်မြိုင်သို့ ပြောင်းရွှေ့သည်။ ထိုအချိန်မှစ၍ မော်လမြိုင်သည် တနင်္သာရီ တစ်တိုင်းလုံး၏ မြို့တော်ဖြစ်လာသည်။

မော်လမြိုင်တိုင်းမြို့တော် ဖြစ်လာချိန်သည် အင်္ဂလိပ်တို့က တနင်္သာရီတိုင်းကို ဆက်လက်သိမ်းပိုက်ရန် သင့်မသင်ချိန်ဆနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ထို့ကြောင့် ဝန်ရှင်တော်မင်းကြီးရုံး အပါအဝင် အခြားဌာနဆိုင်ရာ အဆောက်အဦများကို တပ်မြို့အတွင်း တည်ဆောက်ရာ၌ အခိုင်အမာ မဆောက်လုပ်သေးဘဲ (၂)နှစ် (၃)နှစ်ခံ အပေါစားပစ္စည်းများဖြင့်သာ ဆောက်လုပ်သည်။

ထိုစဉ်က တနင်္သာရီတိုင်းတွင် မြေလွတ် မြေရိုင်းပေါကြွယ်ဝပြီး လူနေကြဲသည်။ လယ်သမား များများစားစား မရှိသဖြင့် စိုက်ပျိုးရေးကောင်းစွာ မလုပ်နိုင်ချေ။ စိုက်ပျိုးရေးမှ အခွန်မရတော့ချေ။ သစ်တောကြီးများ ဖုံးလွှမ်းလျက်ရှိသော်လည်း သစ်ထုတ်လုပ်ရေး မလုပ်နိုင်သဖြင့် သစ်လုပ်ငန်းမှလည်း အခွန်မရပြန်ချေ။ လုံလောက်သော အခွန်မရသော်လည်း ကာကွယ်စရိတ်နှင့် အုပ်ချုပ်ရေးစရိတ်တို့ကား မှန်မှန်ကုန်ကျလျက်ရှိရာ နှစ်စဉ် ရူပီ (၁)သိန်းခွဲခန့် စိုက်ထုတ်သုံးစွဲနေရသည်။

ထိုအခါ အင်္ဂလိပ်အာဏာပိုင်များသည် တနင်္သာရီတိုင်းကို မြန်မာဘုရင်ထံ ပြန်ပေးရန် သို့မဟုတ် ယိုးဒယားထံ ရောင်းချရန် ဆွေးနွေးပြောဆိုလာကြသည်။ အချို့က တနင်္သာရီတိုင်းကို လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ထားရှိလိုကြသည်။ ၁၈၂၉ ခုတွင် ဘာနေ (Henry Burney) အား တနင်္သာရီတိုင်း ကိစ္စနှင့် ပတ်သက်၍ မြန်မာဘုရင် ဘကြီးတော် (စစ်ကိုင်းမင်း)နှင့် ဆွေးနွေးစေသည်။ "ဘာနေ"က တနင်္သာရီတိုင်းနှင့် ဟိုင်းကြီးကျွန်း (Neqrais) အပါအဝင် ပုသိမ်မြို့ အနီးတဝိုက်ရှိဒေသများကို လဲလှယ်ရန် အကြံပြုသည်။ သို့သော်စစ်ကိုင်းမင်းက တနင်္သာရီတိုင်းတွင် အင်္ဂလိပ်တို့ စီးပွားရေးအရ အရှုံးပေါ်နေသည်ကို သိရှိပြီးဖြစ်သည့်အတွက် မည်သည့် အစားပေးခြင်းမျှ မပြုဘဲ၊ တနင်္သာရီတိုင်းကို ပြန်လိုချင်ကြောင်း မိန့်ကြားသည်။ ထို့ကြောင့် ဆွေးနွေးပွဲမှ ပြေလည်မှုမရဘဲ ပြီးဆုံးသွားသည်။

၂၅ သြဂုတ် ၁၈၃၀ တွင် ဘာနေက တန်ရာတန်ဖိုးမရပါက တနင်္သာရီတိုင်းကို မြန်မာဘုရင်ထံ ပြန်လည်ပေးအပ်မည် မဟုတ်ကြောင်း ယတိပြတ် ပြောကြားခဲ့သည်။

ဤသို့ဖြင့် အင်္ဂလိပ်အာဏာပိုင်တို့သည် တနင်္သာရီတိုင်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်းတို့အတွက် ကြိုးပမ်းအားထုတ်မှုများကို ရပ်ဆိုင်းလိုက်သည်။ တနင်္သာရီတိုင်းမှ အခွန်ပိုမိုရရှိနိုင်ရေးအတွက် တိုင်းအတွင်း လူဦးရေတိုးပွားလာအောင် ဆောင်ရွက်သော နည်းကို ကျင့်သုံးလာကြောင်းတွေ့ရသည်။

ဆက်လက်ဖော်ပြပါမည် –

Leave a Reply