ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် ဘင်္ဂလား (Bengal) မှ ဘင်္ဂါလီစစ်သား အများအပြား ပါဝင်သည်။ ထိုစစ်သားတို့သည် စစ်မှုထမ်းသက် ပြီးဆုံးသောအခါ ဇာတိမြေသို့ မပြန်ကြတော့ဘဲ၊ ရေကြည်ရာ မြက်နုရာ မော်လမြိုင်တွင် ဆက်လက်နေထိုင်ပြီး ရရာအလုပ်ကို လုပ်ကိုင်ကြသည်။

၁၈၃၀ ပြည့်နှစ်ဝန်းကျင်တွင် မော်လမြိုင်ထောင်သို့ ဘင်္ဂါလီထောင်သား အများအပြား ပို့ဆောင်ထားရှိသည်။

လွတ်ရက်စေ့သော ဘင်္ဂါလီထောင်ထွက်တို့သည် မွေးရပ်မြေသို့ မပြန်တော့ဘဲ၊ မော်လမြိုင်နှင့် ဝန်းကျင်တွင် အလုပ်အားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် သစ်ထုတ်လုပ်ရေး လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခဲ့သည်။

shwe yoe

စီးပွားရေးလုပ်ငန်းများ ဖြောင့်ဖြူးလာသောအခါ အထက်မြန်မာနိုင်ငံမှ ဗမာများသာမက တရုတ်ပြည်၊ ယိုးဒယားပြည်နှင့် မလေးကျွန်းဆွယ်တို့မှ လူအများပြောင်းရွှေ့လာခြင်းကြောင့် မော်လမြိုင်လူဦးရေ အဆမတန် များပြားလာတော့သည်။

မော်လမြိုင်လူဦးရေသည် ၁၈၃၂ ခုတွင် (၁၅၇၀ဝ)ရှိရာမှ ၁၈၈၅ ခုတွင် (၂၃၆၈၃)အထိ တိုးပွားလာသည်။ ၁၈၆၅ ခုတွင်ကား မော်လမြိုင် လူဦးရေသည် (၇၀၃၄၇)ဖြစ်လာသည်။ ၁၈၈၅ ခုမှ ၁၈၆၅ ခု (၁၀)နှစ်အတွင်း မော်လမြိုင်လူဦးရေ (၃)ဆခန့် တိုးလာသည်ဟု ဆိုနိုင်သည်။

ဘက်ပေါင်းစုံမှ အခွင့်ကောင်းယူတတ်သော အင်္ဂလိပ်အစိုးရသည်၊ အခွန်ကောက်ယူရာတွင် လစ်ဟာကွက် မရှိစေဘဲ ထောင့်စေ့အောင် ကောက်ခံသည်ကို တွေ့ရသည်။ မြန်မာမင်းများ လက်ထက်က မကောက်ခံခဲ့သော လူခွန်ကို အရပ်ဒေသအလိုက် နှုန်းအမျိုးမျိုးဖြင့် ကောက်ခံခဲ့သည်။ 

အတည်တကျနေထိုင်ခြင်း မရှိသော တောင်ပေါ်ကရင်လူမျိုးများနှင့် ပင်လယ်ကမ်းခြေတလျှောက် လှည့်လည်သွားလာနေထိုင်သူ “ဆလုံ”လူမျိုးထံမှပင် မိသားစုခွန် ကောက်ခံခဲ့သည်။

ပြည်သူ ပြည်သားတို့၏ ကျန်းမာရေးထိခိုက်မည်ကိုလည်းကောင်း ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ “ဘယ်သူသေသေ ငတေမာရင်ပြီးရော”ဟူသော ထုံးကို နှလုံးမူ၍ ဘိန်းခန်းနှင့် အရက်ဆိုင်များကို အတိုင်းအဆမရှိ လိုင်စင်ချပေးသည်။

ဖော်ပြပါ အခွန်အမျိုးမျိုးနှင့် စီးပွားရေးလုပ်ငန်းများမှ အခွန်များကို ပိုမိုကောက်ခံလာနိုင်သဖြင့် အရှုံးငွေကို ထေမိရုံသာမက အမြတ်ငွေပင် ထွက်လာသည်။
၁၈၃၃ ခုတွင် အင်္ဂလိပ်အစိုးရသည် တနင်္သာရီတိုင်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်းမပြုတော့ဘဲ ဆက်လက်အုပ်ချုပ်သွားရန် ဆုံးဖြတ်လိုက်သည်။

ထိုအခါမှစ၍ မော်လမြိုင်တွင် ဌာနဆိုင်ရာရုံးများ၊ ဆေးရုံနှင့် ကျောင်းများကို အခိုင်အမာ ဆောက်လုပ်လေတော့သည်။ 

အဆိုပါ အဆောက်အဦများ ဆောက်လုပ်ရန် မြေနေရာရှာဖွေသောအခါ မြို့အလယ်ဗဟိုတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့၏ လူသေများ မြှုပ်နှံသင်္ဂြိုလ်ရာ သင်္ချိုင်းကြီးကို တွေ့ရသည်။

ထိုသင်္ချိုင်း၏ နယ်နိမိတ်မှာ အရှေ့ဘက်တွင် ဦးဇိနဘုရားတောင်ခြေ အနောက်ဘက်တွင် အထက်လမ်းမကြီး၊ တောင်ဘက်တွင် သံလွင်ဥယျာဉ်နှင့် မြောက်ဘက်တွင် ရုံးကြီးလမ်းတို့ရှိသည်။

ထိုသင်္ချိုင်းတွင် ပထမဆုံး ဆောက်လုပ်သော အဆောက်အဦမှာ ၁၈၄၄ ခုတွင် ဆောက်လုပ်သော တရားရုံးဖြစ်သည်။

၁၈၆၀ ပြည့်နှစ်တွင် ခရိုင်ဝန်ရုံး (ယခုရွေးကောက်ပွဲကော်မရှင်ရုံး)ကို တည်ဆောက်သည်။ 

၁၈၇၆ ခုတွင် အစိုးရအထက်တန်းကျောင်းကို ဆောက်လုပ်သည်။ ထိုစဉ်က ကျောင်းအုပ်ကြီးမှာ အဒမ် (C.A.G.E Adams)ဖြစ်သည်။ ယခုလက်ရှိ တီ(T) ပုံသဏ္ဍာန်နှစ်ထပ်အုတ်ကျောင်းဆောင်ကို ပညာရေးဝန်ကြီး ဒေါက်တာဘရင် (M.B, Ch.B)က ၁၉ နိုဝင်ဘာ ၁၉၂၈ ခုတွင် ဆောက်လုပ်ပြီးစီးသည်။

ဒေါက်တာဘရင်သည် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A – Young Men’s Buddhist Association) စတင်တည်ထောင်သူ (၃)ဦးအနက် (၁)ဦး ဖြစ်သည်။ မွန်ဘုရင်မျိုးနွယ်မှ ဆင်းသက်ပေါက်ဖွားလာသူ ဖြစ်သည်။

၁၈၇၇ ခုတွင် "ပေပျဉ်" ကျွန်းသစ်များဖြင့် ဆေးရုံကြီးကို အခိုင်အမာတည်ဆောက်သည်။ နှစ်ပေါင်း (၁၄၄)နှစ်အကြာ ၂၇ မေ ၁၉၉၁ ညနေ (၅)နာရီတွင် မီးလောင်ပျက်စီးသွားပြီ ဖြစ်သည်။

အထက်ဖော်ပြပါ သင်္ချ ိုင်းအတွင်း ရုံးများ၊ ကျောင်းနှင့် ဆေးရုံများ တည်ဆောက်သောအခါ သင်္ချိုင်းမြေကွယ်ပျောက်သွားသည်။ မြို့လူထုမှာ ကွယ်လွန်သူ၏ အလောင်းမြှုပ်နှံရန်၊ ဂူသွင်းရန်နှင့် မီးသဂြိုလ်ရန်အတွက် အခက်အခဲကြုံတွေ့လာသည်။

ထိုအခါ ဦးဇိနဘုရား ရင်ပြင်တော်ရှိ ချမ်းသာကြီးဘုရား ဒါယကာ သမာဓိမြို့ဝန် ဦးရွှေရိုး (အေတီအမ်) (A.T.M - အမှုထမ်းကောင်းတံဆိပ်တော်ရမင်း) က မိမိပိုင် မြေနီကုန်းရှိ ရာဘာခြံကြီးကို သုသာန်အဖြစ် အသုံးပြုခွင့်ပေးသည်။ မြို့သူ/မြို့သားများက မိမိတို့ ဆွေမျိုးသားချင်းတို့၏ ရုပ်အလောင်းများကို ဦးရွှေရိုးထံ ခွင့်တောင်း၍ မြေနီကုန်းသုသာန်တွင် သင်္ဂြီဳလ်ရသည်။

ဦးရွှေရိုး ကွယ်လွန်သော် မြေးဖြစ်သူ ဦးဘသက် (ဦးဇိနဘုရားဂေါပကလူကြီး)က မြေနီကုန်းသုသာန်ကို ဆက်လက်ထိန်းသိမ်းသည်။ 

ဦးဘသက်ထံ ခွင့်တောင်း၍ သင်္ဂြီုလ်ရသည်။ (ဤနေရာတွင် ထူးခြားချက်တစ်ခုကို ကြားညှပ်တင်ပြလိုသည်။ ဓာတ်မီးသူဌေး ဦးအုံးဖေနှင့် ဦးဘသက်တို့မှာ ခင်မင်ရင်းနှီးသူများ ဖြစ်ကြသည်။ ဦးအုံးဖေက မြေနီကုန်းသုသာန် နယ်မြေအတွင်းရှိ “ကျွန်းပင်ကုန်းသင်္ချီုင်းမြေကွက်”ကို မိမိ၏ မိသားစုသင်္ဂြိဳလ်ရန် မြေကွက်အဖြစ် သတ်မှတ်ပေးရန် ခွင့်ပန်သည်။ ဦးဘသက်က လိုက်လျောသည်။ ဦးအုံးဖေက မိမိ မိသားစု သင်္ဂြိုင်းမြေကွက်ကို စောင့်ရှောက်ရန် သုဘရာဇာကြီး “ဦးသာဇီ”အား တာဝန်ပေးသည်။ ဦးအုံးဖေက ဦးသာဇီ မိသားစုအတွက် လစဉ် ဆန်အလုံးအလောက် ထောက်ပံ့သည်။)

၁၈ မတ် ၂၀ဝ၀ ပြည့်နှစ်တွင် မော်လမြိုင်ဘက်ကမ်း၌ ပန္နက်ချအခမ်းအနားကျင်းပပြီး သံလွင်တံတား (မော်လမြိုင်)တည်ဆောက်ရေးလုပ်ငန်းကို စတင်သည်။ သံလွင်တံတား (မော်လမြိုင်)ဖွင့်ပွဲ အခမ်းအနားကို ၅ ဖေဖော်ဝါရီ ၂၀ဝ၅ နံနက် (၇)နာရီတွင် မော်လမြိုင်ဘက်ကမ်း၌ ကျင်းပသည်။

တံတားဆောက်လုပ်ပြီနောက် အလျား(၂၉၀)ပေ၊ အနံ(၁၁၀)ပေရှိသော မော်လမြိုင်ဘူတာကြီးကို မြေနီကုန်းသင်္ချီင်းအတွင်းဆောက်လုပ်ရာ ၁၇ ဧပြီ ၂၀ဝ၆ တွင် ပြီးစီးသည်။ မကြာမီမှာပင် မြေနီကုန်းသုသာန်အတွင်း ဟိုတယ်များ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ ယာဉ်ရပ်နားစခန်းများ အလျှိုအလျှို ပေါ်ပေါက်လာသည်။

မည်သည့် ပုဂ္ဂိုလ်က မည်သို့မည်ပုံခွင့်ပြု၍ မည်သူများက မည်သည့်နည်းဖြင့် ဆောက်လုပ်ခွင့်ရသည်ကို ပွင့်လင်းမြင်သာမှု မရှိသဖြင့် အတိအကျ မသိရချေ။

မြေနီကုန်း၏ မူလပိုင်ရှင်ဖြစ်သော ဦးရွှေရိုး၏ ကျန်ရစ်သူမိသားစုများမှာကား မြေနီကုန်းမှ အလျား(၁)လက်မ၊ အနံ(၁)လက်မ မရှိသော မြေကွက်ကလေးပင် မရခဲ့ကြချေ။

Leave a Reply