၁၈၂၆-ခုတွင် ကျိုက္ခမီခရိုင်အပါအဝင် တနင်္သာရီတိုင်းသည် ဗြိတိသျှနယ်ချဲ့ သမားတို့ လက်အောက် ကျရောက်သွားခဲ့သည်။ ဗြိတိသျှ အရင်းရှင်အစိုးရသည် မိမိတို့ လက်ဝယ်သို့ရောက်ရှိလာသော တနင်္သာရီတိုင်းမှ ကျိုက္ခမီခရိုင်တွင် အခွန်အမျိုးမျိုးကို လစ်ဟာမှု မရှိရလေအောင် အကွက်စေ့စေ့ ကောက်ခံခဲ့သည်ကို တွေ့ရသည်။

dsc_3804-copy

၁။ မြေခွန်
၂။ သစ်သီးခွန်
၃။ သစ်တောခွန်
၄။ သစ်တောထွက် ပစ္စည်းခွန်
၅။ ငါးဖမ်း လုပ်ငန်းခွန်
၆။ ဆားလုပ်ငန်းခွန်
၇။ လူခွန်
၈။ အမြတ်ခွန်
၉။ အကောက်ခွန်
၁၀။ ဆိပ်ကမ်းခွန်
၁၁။ တံဆိပ်ခေါင်းခွန်-နှင့်
၁၂။ ယစ်မျိုးခွန်တို့ ဖြစ်ကြသည်။

၁။ မြေခွန်
၁၈၂၆-ခုတွင်တနင်္သာရီတိုင်းသည် ဗြိတိသျှနယ်ချဲ့တို့ လက်အောက်ကျရောက်သွားသည်။ မြန်မာမင်းတို့၏ ပဒေသရာဇ်စနစ် ဇာတ်သိမ်းခန်း ရောက်လုဆဲ အချိန် ဖြစ်သည်။ ဗြိတိသျှ ကိုလိုနီနယ်ချဲ့သမားတို့၏ အရင်းရှင်စနစ် ဇာတ်လမ်းစချိန်ဖြစ်သည်။ အသွင်ကူးပြောင်းစချိန်ဖြစ်သည်။ နယ်ချဲ့ဗြိတိသျှတို့သည် အရင်းရှင်များပီပီ မိမိတို့၏ လက်အောက်ခံ ကိုလိုနီဖြစ်သော တနင်္သာရီတိုင်းမှ စီးပွားရေးအရ အမြတ်ထုတ်သွေးစုပ်ရန် ကြိုးပမ်းခဲ့ကြသည်။ တနင်္သာရီတိုင်းမှ ရရှိနိုင်သောအခွန်များအနက် မြေခွန်မှာ အများဆုံးဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှတို့သည် မြေခွန်တိုးတက်ရရှိစေရန် နည်းမျိုးစုံဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားသည်ကို တွေ့ရသည်။

    ၁၈၂၆-ခုတွင် ဗြိတိသျှတို့သည် မြန်မာမင်းများလက်ထက်က ကောက်ခံခဲ့သော အခွန်နှုန်းအတိုင်း မြေခွန်ကို ကောက်ခံသည်။ လယ်မြေမှထွက်သောစပါး၏(၁၀) ရာခိုင်နှုန်းကိုလည်းကောင်း၊ ဥယျာဉ်မြေမှ ထွက်သော စပါး၏(၅)ရာခိုင်နှုန်းကိုလည်းကောင်း မြေခွန်အဖြစ် ကောက်ခံသည်။ ထိုနှုန်းအတိုင်း မြေခွန်ကောက်ခံရာ တနင်္သာရီတစ်တိုင်းလုံးမှ မြေခွန်(၂)သိန်း (၅)သောင်းသာရရှိသည်။ ရရှိသောမြေခွန်မှာ အုပ်ချုပ်ရေးစရိတ်အတွက် "ဆင်ပါးစပ် နှမ်းပက်သကဲ့သို့ " ဖြစ်နေသည်။

၁၈၂၇-ခု သို့ ရောက်သောအခါ တနင်္သာရီတိုင်းသည် တည်ငြိမ်အေးချမ်းစပြုလာသည်။ ထိုအခါ မြေခွန်ကို သီးနှံထွက်နှုန်း၏ (၁၀)ရာခိုင်နှုန်းမှ (၂၀)ရာခိုင်နှုန်းသို့ နှစ်ဆတိုးမြင့် ကောက်ခံသည်။ မြေခွန်ကို သူကြီးများက တာဝန်ယူကောက်ခံပေးသည်။ သူကြီးများကို မိမိတို့ အုပ်ချုပ်ရသော နယ်မြေအကျယ်အဝန်းအလိုက် လစာ(၁၀)ကျပ်မှ (၁၅)ကျပ် အထိပေးသည်။ နောင်အခါ လစာပေးသော စနစ်ကို ဖျက်သိမ်း၍ ကောက်ခံရရှိသော ကောက်ပဲသီးနှံ၏ (၁၀)ရာခိုင်နှုန်းကို ကော်မရှင်ပေးသည်။

  ၁၈၂၈-ခုသို့ရောက်သောအခါ အစိုးရ အသုံးစရိတ် လိုငွေပြနေသဖြင့် မြေခွန်ကို သီးနှံထွက်နှုန်း၏ (၂၅)ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံသည်။ တိုင်းရင်းသားလယ်သမားတို့မှာ မိမိလယ်မှစပါး(၄)တင်း ထွက်လျှင် (၁)တင်းကျ မြေခွန်ပေးဆောင်ရသဖြင့် အခွန်ဒဏ်၏ ဖိစီးမှုကို အလူးအလဲ ခံရသည်။ ၁၈၃၆-ခုသို့ရောက်သောအခါ ကပ်ရောဂါ ကျရောက်သဖြင့် ကျွဲကောင်ရေ(၁)သောင်း (၂)ထောင် သေဆုံးပြန်ရာ "နူရာဝဲစွဲ လဲရာဖိထောင်း" ဟူသကဲ့သို့ ထပ်ဆင့်ဒုက္ခကို ကြုံတွေ့ရပြန်သည်။

 ၁၈၄၂-၄၃ ခု ဝန်ရှင်တော်မင်းကြီး ဘရောဖို့ (G. Broadfoot) လက်ထက်တွင် စိုက်ပျိုးမြေ အကျယ်အဝန်းအလိုက် မြေခွန်ကို ငွေကြေးဖြင့် ကောက်ခံသည်။ တနင်္သာရီတိုင်း တောင်ပိုင်းတွင် လယ်(၁)ဧကအတွက် မြေခွန် (၁)ကျပ်မှ (၃)ကျပ်အထိ ကောက်ခံသည်။ ကျိုက္ခမီခရိုင်သည် တနင်္သာရီတောင်ပိုင်းထက် စပါးထွက်ပိုကောင်းသဖြင့် လယ်(၁)ဧကလျှင် (၂)ကျပ်မှ (၅)ကျပ်အထိ မြေခွန်ကောက်သည်။ ဤသို့မြေခွန်ကို သီးနှံအစား ငွေကြေးဖြင့် ပြောင်းလဲကောက်ခံသော်လည်း မြေခွန်က အစိုးရအသုံးစရိတ်ကို အပြည့်အဝ ဖြည့်စွမ်းမပေးနိုင်ခဲ့ချေ။

  ၁၈၄၇-ခု ဝန်ရှင်တော်မင်းကြီး ဖယ်ယာ (A.P. Phayre) လက်ထက်တွင် ကွင်း(Kwin) စနစ်ဖြင့် အခွန်စည်းကြပ်သည်။ ဤစနစ်သည် မြေအကျယ်အဝန်းကို သိနိုင်ရုံမက  မြေကောင်းမြေညံ့ကိုပါ ခွဲခြားသိနိုင်သဖြင့် မြေခွန်သတ်မှတ်ရာတွင် နှုန်းအမျိုးအစားခွဲခြားရန် လွယ်ကူသည်။ တောင်ယာနှင့် အထွေထွေ စိုက်ပျိုးခင်းများအတွက် မြေခွန်(၁)ဧကလျှင် (၁)ကျပ်မှ (၂)ကျပ်အထိ ကောက်ခံသည်။ 

    မြေခွန်ကောက်ခံသောအခါ စိုက်ပျိုးရေးဖြစ်ထွန်းသောမြေများအပေါ်တွင်သာမက စိုက်ပျိုးရေးမဖြစ်ထွန်းသော မြေများအပေါ်တွင်လည်း ကောက်ခံသည်။ ဒုတိယ အမျိုးအစားမြေပေါ်တွင် မြေခွန်ကို (၁)ဧကလျှင် (၂)ပဲမျှသာ လျော့ပေါ့ကောက်ခံသည်။ ထိုစနစ်ကို ၁၈၅၆-ခု တိုင်အောင် ကျင့်သုံးသည်။

 စိုက်ပျိုး၍ မရသော တောရိုင်းမြေများကို တနင်္သာရီတိုင်း၏ "ဒေသန္တရ ဥပဒေအမှတ်-၁၁" (Rule x1 of the Local Rule of the Province) အရ ၊ မြေအမျိုးအစားအလိုက် (၁) နှစ်မှ (၁၂) နှစ်အထိ အခွန် ကင်းလွတ်ခွင့် ပေးသည်။ ၁၈၆၆-၆၇ ခုမှ ၁၈၆၈-၆၉ခုအထိ (၃)နှစ်အတွင်း ကျိုက္ခမီခရိုင်မှ အခွန်ကင်းလွတ်ခွင့်ရသော မြေအကျယ်အဝန်းမှာ အောက်ပါဇယားအတိုင်းဖြစ်သည်။

ခရိုင် နှစ် ဧက
ကျိုက္ခမီ ၁၈၆၆-၆၇ ၂၄၉၂
၁၈၆၇-၆၈ ၁၄၀၈
၁၈၆၈-၆၉ ၉၇၈
လယ်မြေအများစုသည် လယ်ပိုင်ရှင်ကလေးများ လက်ဝယ်တွင်ရှိသည်။ အစိုးရထံမှ မြေဌား၍ မိသားစုတစ်စုလျှင် (၁၀)ဧကမှ (၁၅)ဧကအထိ လုပ်ကိုင်ကြသည်။ တစ်ခါတစ်ရံ လူဌား၍ လုပ်ကိုင်ကြသည်။ လူဌားခအဖြစ် တစ်လလျှင်(၆)ကျပ်မှ (၈)ကျပ်အထိ တန်ဖိုးရှိသော စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ပေးရသည်။

  ကျိုက္ခမီခရိုင်တွင် နှစ်စဉ်ဇွန်ဇူလိုင်လများတွင် စတင်ပျိုးကြဲ စိုက်ပျိုး၍ ဒီဇင်ဘာ ဇန်နဝါရီလများတွင် ရိတ်သိမ်းသည်။ စပါးရိတ်သိမ်းချိန်တွင် အစိုးရအရာရှိများသည် အခွန်ပလပ်ရန် လျှောက်ထားမှုများ မှန်မမှန် သိရှိရန် ကွင်းဆင်းစစ်ဆေးသည်။ ကျေးရွာမှ ငါးဦးကော်မတီခန့်၍ စစ်ဆေးခိုင်းသည်များလည်း ရှိသည်။

   ကျိုက္ခမီခရိုင် ဘီလူးကျွန်းတွင် စပါး(၁) တင်းစိုက်လျှင် တင်း (၉၀)ခန့်ထွက်သည်။ ကျန်ဒေသများတွင်မူ တင်း(၆၀)ခန့်သာထွက်သည်။ ဝန်ရှင်တော်မင်းကြီး မိန်းဝေး (A.D Maingy) က ဗြိတ်ခရိုင်တွင် စပါး(၁)တင်းစိုက်လျှင် တင်း(၃၀)ခန့်သာထွက်သဖြင့် အားမလိုအားမရ ဖြစ်သည်။ထို့ကြောင့် ဗြိတ်သားများအနေဖြင့် ဘီလူးကျွန်းမှ မွန်တို့၏ စိုက်ပျိုးနည်းကို အတုယူသင့်ကြောင်း အစီရင်ခံခဲ့သည်။ ၁၈၂၈ ခုတွင် မိန်းဂေးသည် စပါး တင်း(၁၀ဝ)လျှင် (၅၅)ကျပ် တန်ဖိုးသတ်မှတ်ခဲ့သည်။ ၁၈၃၂-ခု ရောက်သောအခါ စပါးဈေးမှာ တင်း(၁၀ဝ)လျှင် (၂၃)ကျပ်သို့ ဈေးနှုန်းကျသွားသည်။ 

   ဝန်ရှင်တော်မင်းကြီး ဘလန်ဒယ် (E.A Blaundll) လက်ထက်တွင် ဆားငန်ရေဝင်သောကြောင့် လည်းကောင်း၊ ရေတိုက်စားသောကြောင့်လည်းကောင်း၊ ရာသီဥတု ဖေါက်ပြန်သောကြောင့်လည်းကောင်း၊ စိုက်ပျိုးချိန်တွင် လယ်သမားနာမကျန်းဖြစ်နေ၍ လည်းကောင်း၊ သီးနှံမအောင်လျှင် အခွန်လျှော်ပစ်သည်။ 

  ၁၈၆၇-၆၈ ခုတွင် ကျိုက္ခမီခရိုင်မှ မြေခွန် (၁၉၆၁၂) ကျပ် (၅)ပဲ (၃)ပိုင် လျှော်ပစ်သည်။ ဤငွေအနက် (၅၁)ကျပ် (၁)ပဲ (၃)ပိုင်မှာ ဥယျာဉ်မြေခွန်မှ လျှော်ပစ်ခြင်းဖြစ်၍ ကျန်ငွေမှာ စပါးစိုက်လယ်ခွန်မှ လျှော်ပစ်ခြင်းဖြစ်သည်။ ထိုနှစ် ကျိုက္ခမီခရိုင်တွင် မိုးနှောင်းရာသီ၌ မိုးပြတ်သွားသဖြင့် စပါးများပျက်စီးသွားသည့်အတွက် အခွန်လျှော်ရခြင်းဖြစ်သည်။ ဥယျာဉ်မြေအတွက် မြေခွန်လျှော်ရခြင်းမှာ မော်လမြိုင်နှင့် အနီးဝန်းကျင်တွင် ဘာသာရေးအဆောက်အဦများတည်ဆောက်ခြင်း၊ သုသာန်သစ်များ တိုးချဲ့ဖေါ်ထုတ်ခြင်းနှင့် မြစ်ရေတိုက်စားခြင်းတို့ကြောင့် ဥယျာဉ်မြေများ လျော့နည်းထိခိုက်သွားသောကြောင့် ဖြစ်သည်။

  ၁၈၇၀-၇၁ ခု ကျိုက္ခမီခရိုင်တွင် ဘီလူးကျွန်း၊ ဇယား(ကမာဝက်) ၊ ဝါကရူ၊ ရေးနှင့် လမိုင်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး စပါးနှင့် သီးနှံများ ပျက်စီးသည်။ ထို့ကြောင့် မြေခွန်များလျှော်ပစ်ရသည်။ စပါးစိုက်လယ်အတွက် (၅၄၀၈)ကျပ် ၊ (၁)ပဲ၊ (၁)ပိုင်နှင့် ဥယျာဉ်မြေအတွက် (၅၂)ကျပ်၊ (၆)ပဲ၊ (၄)ပိုင်ဖြစ်သည်။

   ဗြိတိသျှအစိုးရသည် မြေခွန်ပိုမို ရရှိရေးအတွက် ကျိုက္ခမီခရိုင်အပါအဝင် တနင်္သာရီတိုင်း၌ စိုက်ပျိုးမြေတိုးပွားရေးအတွက် နည်းမျိုးစုံဖြင့် ဆောင်ရွက်မှုကြောင့် တနင်္သာရီတိုင်းတွင် စိုက်ပျိုးဧကများစွာ တိုးပွားလာသည်ကို တွေ့ရသည်။

    ၁၈၂၆-ခုတွင် တနင်္သာရီတိုင်း၌ စိုက်ပျိုးမြေဧက (၇၀ဝ၀)ခန့်သာ ရှိခဲ့သော်လည်း ၁၈၅၂-ခု သို့ရောက်သောအခါ စိုက်ပျိုးမြေဧက (၃)သိန်းကျော်အထိရှိလာသည်။ ကျိုက္ခမီခရိုင်၌ ၁၈၆၉-၇၀ ခု တွင် စိုက်ပျိုးမြေ (၃၁၈) စတုရန်းမိုင်ရှိရာမှ ၁၈၇၃-၇၄ ခုတွင် (၄၀၁) စတုရန်းမိုင်သို့လည်းကောင်း၊ ၁၈၇၅-၇၆ ခုတွင် (၄၆၁) စတုရန်းမိုင်သို့လည်းကောင်း တိုးချဲ့လာနိုင်သည်ကို တွေ့ရသည်။ ( ၁ စတုရန်းမိုင်= ၆၄၀ ဧက )

   ထိုသို့ စိုက်ပျိုးမြေ တိုးချဲ့နိုင်ခြင်းမှာ အိန္ဒိယနိုင်ငံသားများကို မြန်မာနိုင်ငံသို့ "တံခါးမရှိ ဓားမရှိ " ဝင်ရောက်ခွင့်ပြု၍ စိုက်ပျိုးရေးတွင် လုပ်ပိုင်ခွင့် ပေးခြင်းသည် အဓိက အကြောင်းရင်းဖြစ်သည်။ အိန္ဒိယမှ ပြောင်းရွှေ့လာသူများသည် မြန်မာနိုင်ငံသို့ရောက်ပြီး ( ၂) နှစ်အတွင်း စိုက်ပျိုးရေးလုပ်ကိုင်ပါက ပထမနှစ်တွင် အခွန်ထမ်းဆောင်ရန် မလိုပေ။ ဒုတိယနှစ်တွင် တစ်ဝက်ထမ်းဆောင်စေပြီး နောက်ပိုင်းတွင် အခြားသူများကဲ့သို့ ပေးဆောင်စေသည်။ မျိုးမတူ ဇာတ်ခြားသည့်  တိုင်းတစ်ပါးသားများကို မြန်မာ့မြေပေါ်တွင် မည်မျှအခွင့်အရေးပေးထားကြောင်း သိသာထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။

Written by – အံ့ကျော်

Leave a Reply