ကျွန်းသစ်ကို ဘုရင်ပိုင်သည့် အစဉ်အလာသည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်၊ ၁၇၅၂- ခုတွင် စတင်ပေါ်ပေါက်ခဲ့သည်။ နန်းတက်သည့် နှစ်မှာပင် အမိန့်တော်တစ်ရပ် ထုတ်ပြန်သည်ကို အထောက်အထားပြု၍ ကျွန်းသစ်၏ တန်ဖိုးကို သိရှိကြောင်း ထင်ရှားသည်။ အနောက်နိုင်ငံသားများ သင်္ဘောတည်ဆောက်ရာတွင်လည်းကောင်း၊ နိုင်ငံတကာနိုင်ငံရေးစီးပွားရေးတွင်လည်းကောင်း၊ ကျွန်းသစ်၏ အရေးပါပုံကို သိရှိပြီး ဖြစ်ကြောင်း ပေါ်လွင်သည်။ ထိုခေတ်က ဗဟုသုတရှိသော ဘုရင်နှင့် မှူးမတ်များကို ချီးမွမ်းရမည်ဖြစ်သည်။

မြန်မာဘုရင်များထုတ်ယူသော ကျွန်းသစ်လုံးများတွင် “တော်“ တံဆိပ်ရိုက်နှိပ်ရသည်။ ၁၉၆ဝ ပြည့်နှစ်တွင် ပျဉ်းမနားသစ်တောခရိုင်အတွင်း၌ “တော်“ တံဆိပ်ပါသော သစ်လုံးများကို တွေ့ရသည်။ သမိုင်းဝင်တော်သစ်လုံးများကို စောင့်ရှောက်ထိန်းသိမ်းထားပြီး၊ နောင်လာနောက်သားများကြည့်ရှုနိုင်ရန်အတွက် ပျဉ်းမနားသစ်တောရုံး၊ မန္တလေးသစ်တောရုံး၊ မေမြို့သစ်တောကျောင်းနှင့် ရန်ကုန်သစ်လုပ်ငန်းအဖွဲ့ရုံးများ၌ ပြသထားရန် စီစဉ်ခဲ့သည်။ အစီအစဉ်ကို လက်တွေ့အကောင်ဖော်ခဲ့သည်။ မဖော်ခဲ့သည်ကို မသိရချေ။

ကျွန်းသစ်၏ ဂုဏ်သတ္တိကို အတော်အသင့်တင်ပြပြီး ဖြစ်သည်။ ကျွန်းပင်သည် ထွားထွားကြိုင်းကြိုင်း၊ ခိုင်ခိုင်မာမာဖြစ်လာပြီး၊ အသုံးပြုနိုင်သော အချိန်အထိ တစ်နည်းအားဖြင့် ရင့်မာပြီး အရွယ်ရောက်သည့်အချိန်အထိ နှစ်ပေါင်း ၆ဝ မှ ၈ဝ အထိကြာသည်။ နေ့စဉ်ရွှေဥ ၁ လုံး ၁ လုံးကို မှန်မှန်ဥပေးနေသည့် သစ်လုပ်ငန်းကို သတ်စားသကဲ့သို့ မဖြစ်ရန်မှာ၊ နောင်လာနောက်သားတို့၏ အကျိုးကို မျှော်ကိုးတတ်သူတို့၏ တာဝန်ဖြစ်ပေသည်။

ရန္တပိုစာချုပ်ချုပ်ဆိုပြီး ၁ နှစ်အကြာ ၁၈၂၇ ခုတွင် အရှေ့အိန္ဒိယကုမ္ပဏီက အိန္ဒိယနိုင်ငံကာလကတ္တားမြို့ရှိ ရုက္ခဗေဒဥယျာဉ်မှူး ဒေါက်တာဝေါလစ် (Dr.Wallich) အား မော်လမြိုင်သို့ စေလွှတ်သည်။ “ဝေါလစ်“ သည် သစ်တောကြီးများအတွင်း ဆင်ဖြင့်လှည့်လည်ရင်း၊ သစ်ပင်များကို ရေတွက်သတ်မှတ်သည်။ အလျား ၂ မိုင် အနံကိုက် ၈ဝ ရှိသော တောတန်းတစ်ခုတွင် ရေတွက်ကြည့်ရာ၊ လုံးပတ် ၁ ပေ ၄ လက်မနှင့် အထက်တွင်ရှိသော ကျွန်းပင်ပျမ်းမျှ ၂၅ဝ ကို တွေ့ရသည်။ “ဝေါလစ်“ ၏ အစီရင်ခံစာတွင် မိမိမြင်ဘူးသည့် သစ်တောများအနက် မြန်မာ့ကျွန်းတောများသည် ပြိုင်စံမရှိကြောင်း အရွယ်ရောက်ပြီး အိုမင်းနေသည့် ကျွန်းပင်များကို ခုတ်ရန်၊ ကျွန်းခင်းများ ပျိုးထောင်ရန်၊ ကျွန်းပင်ကို နှောင်ယှက်နေသော အခြားသစ်မျိုးတို့ကို သုတ်သင်ရှင်းလင်းရန်နှင့် ကျွန်းသစ်ကို အစိုးရကိစ္စအတွက်သာ အသုံးပြုရန် ပါရှိသည်။ ထို့ပြင် “ဝေါလစ်“ က မော်လမြိုင်သစ်တောအတွင်း ကျွန်းသစ်အမြောက်အများရှိသော်လည်း ကျွန်းပင်များကို အတားအဆီးမရှိ၊ ခုတ်ချင်တိုင်းခုတ်ထုတ်ချင်တိုင်းထုတ်ခွင့်ပြုလျှင် ကျွန်းပင်များ ပြုန်းတီးနိုင်ကြောင်း၊ ထို့ပြင် ခုတ်၍ မကုန်သော သစ်တောဟူ၍မရှိ။ လူတို့လိုအင်ှဆန္ဒရှိသမျှဍ သစ်အမြောက်အမြားကို အစဉ်မပြတ် ဖြည့်စွမ်းပေးနိုင်သော သစ်တောဟူ၍လည်း မရှိဟု ဖြည့်စွက်အစီရင်ခံသည်။ အပြန်ခရီးတွင် ကျွန်းသစ်များကို သယ်ဆောင်ယူငင်သွားရာ စရိတ်ကျေရုံသာမက အမြတ်ပင် ထွက်သေးသည်။

၁၈၃၉ ခုတွင် အရှေ့အိန္ဒိယကုမ္ပဏီက မော်လမြိုင်သစ်တောများမည်မျှ ကြွယ်ဝသည်ကို ပိုမိုသိရှိရန်၊ ဒေါက်တာဟယ်ဖာ (Dr.Helfer) အားထပ်မံစေလွှတ်သည်။ “ဟယ်ဖာ“၏ တွက်ချက်ပုံမှာ သိပ္ပံနည်းကျသည်ဟု မဆိုနိုင်စေကာမူ၊ စိတ်ဝင်စားဖွယ် ကောင်းသည်။ “ဟယ်ဖာ“ က တနင်္သာရီတိုင်းသစ်တောကို ၂၂ဝဝဝ စတုရန်း မိုင်ရှိမည်ဟု သတ်မှတ်လိုက်သည်။ စတုရန်းကိုက် ၁ဝဝ လျှင် ကျွန်းပင် ၁ ပင်ရှိသည်ဟုထားလျှင် စတုရန်း ၁ မိုင်တွင် ကျွန်းပင်ပေါင်း ၂၉ဝ၄ဝ ရှိမည်။ ထိုကြောင့် စတုရန်းမိုင် ၂၂ဝဝဝ တွင် ကျွန်းပင်ပေါင်း ၆၄၈၈၈ဝဝဝ ရှိမည်ဟူ၍ ဖြစ်သည်။ “အင်ပင်“ များကိုပါ ရောနှောတွက်ချက်ဟန်တူသည်။

မေ ၁၈၂၉ တွင် မော်လမြိုင်သည် တနင်္သာရီတိုင်း တစ်တိုင်းလုံး၏ မြို့တော်ဖြစ်လာသည်။ မေ ၂ဝ၁၉ တွင် မော်လမြိုင်မြို့သက်သည် နှစ် ၁၉ဝ ပြည့်မည်ဖြစ်သည်။ ထိုစဉ်က တနင်္သာရီတိုင်း၏ ဝန်ရှင်တော်မင်းကြီးမှာ မိန်းဂေး (A.D.Maingy) ဖြစ်သည်။ မိန်းဂေးသည် ကျွန်းသစ်၏ သဘာဝနှင့် တန်ဖိုးကို လုံးဝနားမလည်ချေ။ မိန်းဂေးလက်ထက်တွင် သစ်လုပ်ငန်းတွင် ကျွမ်းကျင်သော အရာရှိတစ်ဦးမျှမရှိချေ။ သစ်တောဌာနထားရှိရန်လည်း အစီအစဉ်မရှိချေ။

မိန်းဂေးသည် အခွန်ရရှိရေးကိုသာ ပဓာနထားသူဖြစ်သဖြင့် နာမည်ပျက်မရှိသော ကုမ္ပဏီကြီးများကို ၉၉ နှစ်စသဖြင့် နှစ်ရှည်လုပ်ကိုင်ခွင့်ပေးလိုက်သည်။ မိန်းဂေးက ထိုသို့လုပ်ကိုင်ခွင့်ပေးလိုက်လျှင် ကုန်သည်ကြီးများသည် မိမိတို့ ပိုင်သစ်တောဟု သဘောထားပြီး စောင့်ရှောက်ကြလိမ့်မည်၊ မိမိတို့၏ အကျိုးဖြစ်၍ မခုတ်သင့်သော အပင်များကို မခုတ်ဘဲ သစ်တောများကို ထိန်းသိမ်းကြလိမ့်မည်ဟု အကောင်းမြင်ခဲ့သည်။ သို့သော် မိန်းဂေးသည် ကုန်သည်ကြီးများ၏ အမြင်ကျဉ်းမှုနှင့် လောဘကြီးမှုကိုကား ထည့်မတွက်မိခဲ့ချေ။

မိန်းဂေးသည် “ဝေါလစ်“ ၏ အကြံပေးချက်ကို လက်မခံဘဲ လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ပေးလိုက်သည်။ နယ်မြေကို တိတိကျကျသတ်မှတ်မှုမရှိသည့်အတွက် သစ်လုပ်ငန်းရှင်များအကြားအငြင်းပွားလာသောအခါ အငှားသဘောတူစာချုပ်ချုပ်စေပြီး သစ်ထုတ်လုပ်ခွင့်ပေးပြန်သည်။ ထိုစာချုပ်များအရ သံလွင်မြစ်ဝှမ်းတစ်လျှောက်တွင် အကွက်များသတ်မှတ်ပေးပြီး လုပ်ကိုင်စေသည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် သစ်ထုတ်လုပ်ခွင့်ရထားသူများ၏ သဘောအတိုင်းလုပ်ကိုင်ခွင့်ရှိသည်။ သစ်ထုတ်လုပ်သူများအပေါ်ချမှတ်ထားသော စည်းကမ်းများမှာ လျောရဲလွန်းသဖြင့် သစ်တောများ ပျက်စီးကုန်တော့မည့် အန္တရာယ်ကို မြင်တွေ့လာရသောအခါ သက်ဆိုင်ရာအာဏာပိုင်တို့က စည်းကမ်းကိုအ နည်းငယ်တင်းကျပ်လိုက်သည်။ သို့သော် လုပ်ကိုင်ခွင့်ရထားသူများက မလိုက်နာတော့ချေ။

မော်လမြိုင်တည်ထောင်ပြီး နှစ်ပေါင်း ၂ဝ ခန့်ကြာသော်အခါ သစ်လုပ်ငန်းကို အကြောင်းပြု၍ မော်လမြိုင်သည် ရွာကြီးတစ်ရွာအဆင့်မှ စည်ကားသော မြို့ကြီးတစ်မြို့အဖြစ်သို့ ရောက်ရှိလာသည်။ မြို့လူထုနယ်လူထုကလည်း လယ်ယာကိုင်းကျွန်း လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ခြင်းမပြုတော့ဘဲ သစ်လုပ်ငန်းကိုသာ သဲကြီးမဲကြီးလုပ်ကိုင်လာကြသည်။

မော်လမြိုင်ြမို့နယ် လူထုသည် သစ်လုပ်ငန်းတိုးတက်ဖွံ့ဖြိုးလာသည်နှင့်သမျှ ငွေစရွှင်လာသည်။ ဖောဖောသီသီ သုံးစွဲလာနိုင်သည်။ သစ်ထုတ်လုပ်ရေးတွင် “ဆင်“ ၏ လုပ်အားမှာ အရေးပါသော အခန်းမှ ပါဝင်သည်။ “သင်းသတ်ပြီး“ ပင်ထောင်သစ်လုံးများကို မြစ်ကမ်းချောင်းကမ်းများရှိ သစ်ပုံများရှိရာသို့ ဆင်ဖြင့် အောင်း၍ (ဆင်၏ဦးခေါင်းဖြစ်သစ်လုံးကို တွင်း၍) ရွှေယူရသည်။ ဆင်ဦးစီး၏ လစာမှာ ၂ဝ ကျပ်ဖြစ်၍ ဆင်ပဲချိတ် အလုပ်သမား၏ လစာမှာ ၁၅ ကျပ်ဖြစ်သည်။

အထက်ပါအတိုင်းကျွန်းသစ်များကို စည်းမဲ့ကမ်းမဲ့ထုတ်လုပ်ကြရာ သစ်စတင်ထုတ်လုပ်သည်မှ နှစ် ၂ဝ ခန့်အကြာ ၁၈၅ဝ ပြည့်နျစ်သို့ရောက်သောအခါ သံလွင်မြစ်ဝဲယာရှိ ထုတ်လုပ်ရန် လွယ်ကူသော ကျွန်းတောများပြုန်းကုန်ပါလေတော့သည်။

တိုင်းတစ်ပါးသား အရင်းရှင်ကုမ္ပဏီကြီးများ သံလွင်မြစ်တစ်ကြောမှ ထုတ်ယူကြသော သစ်များမှာ ၁၈၂၉ ခုတွင် တန်ချိန် ၇၂ဝ၉ ၊ ၁၈၄ဝ ခု ကျော်လွန်သော နှစ်များတွင် နှစ်စဉ် ပျမ်းမျှ ၁၆ဝဝဝ တန်ထုတ်ယူသည်။ မကြာမီမှာပင် ၅ ဆ ၁ဝ ဆတိုး၍ ထုတ်ယူလာသည်။

သစ်လုပ်ငန်းခေတ်ထချိန် (Boom) ဖြစ်ချိန်တွင် မော်လမြိုင်၌ သစ်သူဌေး (သစ်ခေါင်းကြီး) စုစုပေါင်း ၃၅ ဦးရှိသည်။ ဥရောပတိုက်သား ၄ ဦး၊တရုတ် ၃ ဦး၊ မဂို ၂ ဦးတို့နှင့် တိုင်းရင်းသား ၂၆ ဦးတို့ဖြစ်ကြသည်။ ဥရောပတိုက်သား ၄ ဦးတို့မှာ
၁။ ဂျွန်းစတုံး (Co.Johnstone)
၂။ တစ်ဘာရီ (J.W. Tisbury)
၃။ လီနိမ်း (Adam Lenaine)နှင့်
၄။ အေဗီတစ် (L.A. Arietich) တို့ဖြစ်ကြသည်။

တရုတ် ၃ ဦးတို့မှာ-
၁။ အဖောင် (Avong , l.c)
၂။ အယောင် (Ahyow) နှင့်
၃။ အဟို (Ah-Hoe) တို့ဖြစ်ကြသည်။

မဂို ၂ ဦးတို့မှာ
၁။ အလီ (Yacob Ally)နှင့်
၂။ အစ္စမေး (Aga Meera Ismael) တို့ဖြစ်ကြသည်။

တိုင်းရင်းသား ၂၆ ဦးတို့မှာ-
၁။ မောင်ကျီးညို (Maung Quyai Nyo)
၂။ မောင်ချစ်စိုး(Maung Chit Tsoo)
၃။ ကိုငပေ (Ko Nga Pay)
၄။ ကိုစိန်ဘီး (Ko Tsain Beem)
၅။ မောင်တာရာ (Maung Tayak)
၆။ ကိုတူ (KO Tau)
၇။ ကိုတုတ် (Ko Toke)
၈။ ကိုနိုး (Ko Noe)
၉။ မောင်ပေါ်ယာ (Maung Phaw Yah)
၁ဝ။ မောင်ပေါက်စီ (Maung Potsee)
၁၁။ ကိုပိုက် (Ko Bike)
၁၂။ ကိုပိန် (Ko Bain)
၁၃။ ကိုပွား (Ko Bwah)
၁၄။ မောင်ဖဲ (Maung Phai)
၁၅။ မောင်ဖော်လူ (Maung Phaw Loo)
၁၆။ ကိုမိုး (Ko Moe)
၁၇။ ကိုမောင်ကလေး (Ko Maung Glay- ဒိုင်းဝန်ကွင်း)
၁၈။ ကိုမောင်ကလေး (Ko Maung Glay-ဖိုးစောကုန်း)
၁၉။ ကိုရုတ်ကီး (Youk Kee)
၂ဝ။ ကိုရှင်ကလေး (Ko Shin Galy)
၂၁။ ကိုရှင်ကြီး (Ko Shin Ghyee)
၂၂။ ကိုရွှေဂန် (Ko Shoay Gan)
၂၃။ မောင်လွှာ (Maung Hlwah)
၂၄။ ကိုရွှေဆေအာင် (Ko Shoay Oung)
၂၅။ မောင်လှေး (Maung Hlay)နှင့်
၂၆။ ကိုအောင် (Ko Oung) တို့ဖြစ်ကြသည်။

Leave a Reply