Advertisements

ကိုလိုနီခေတ်မော်လမြိုင်စီးပွားရေးတွင် အရက်ချက်လုပ်ရောင်းဝယ်ဖောက်ကားသောလုပ်ငန်းမှာ လည်း အရေးပါသည်။

ပဒေသရာဇ်ခေတ်မြန်မာမင်းများလက်ထက်တွင် အရက်သေစာသောက်စားခြင်းကို မင်းမိန့်ဖြင့် တားမြစ်ခဲ့ကြသည်။ ထိုသို့တားမြစ်ခြင်းမှာ အကြောင်းခဲ့မဟုတ်ချေ။ မိမိတို့အရင်စိုးစံသွားသော မင်းများ လက်ထက်တွင် မင်းနှင့်မင်းသားအချို့တို့သည် အရက်သေစာသောက်စားမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြပုံကို သမိုင်းအထောက်အထားတွေ့ကြသောကြောင့် ဖြစ်သည်။

အင်းဝခေတ်တွင် ဘုရင်မင်းခေါင်ကြီးနှင့် မိဖုရားရှင်မိနောက်တို့၏ သားတော် မင်းရဲကျော်စွာသည် ရဲစွမ်းသတ္တိပြည့်စုံသူဖြစ်သည်။ (၁၃) နှစ်သားအရွယ်မှစ၍ တိုက်ပွဲအလီလီတွင် ဗိုလ်ချုပ်အဖြစ် ဦးဆောင် တိုက်ပွဲဝင်ခဲ့သည်။ အောင်ပွဲအကြိမ်ကြိမ်ရခဲ့သည်။ အသက် (၂၅) နှစ်အရွယ် ၁၃ မတ် ၁၄၁၅ တွင် ဖြစ်ပွားသော ဒလတိုက်ပွဲတွင်ကား အရက်အလွန်အကျွံသောက်၍ တိုက်ပွဲဝင်သဖြင့် တိုက်ကွက်လွဲမှား၍ ကျဆုံးရသည်။

တောင်ငူခေတ်တွင် မင်းကြီးညိုနှင့် “ငနွယ်ကုန်း“ (ယခုနေပြည်တော်တပ်ကုန်း) သူ၊ ရာဇဒေဝီတို့၏ သားတော် မင်းတရားရွှေထီးသည် သက်တော် ၃၅ နှစ်တိတိအရွယ် ၁ မေ ၁၅၅ဝ တွင် ကျိုက်ကသာနယ် တောတွင်းစခန်းရှိ သလွန်ထက်၌ အရက်အမူးလွန်၍ အိပ်မောကျနေစဉ် ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။ (ထိုစခန်းသည် မော်လမြိုင်-ရန်ကုန်သွား ကားလမ်းပေါ်ရှိ “ဘဲလေးစားသောက်ဆိုင်နှင့် ၇ မိုင်ခန့်အကွာတွင်ရှိမည်ဟု မှန်းဆရသည်။

ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်သူ “ဘုရင့်နောင်“ မင်းတရားကြီးနှင့် တတိယမြန်မာ နိုင်ငံတော်တည်ထောင်သူ “အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ“ တို့သည် အရက်သေစာ သောက်စားခြင်းကို မင်းမိန့်ဖြင့် တားမြစ်ခဲ့သည်။ ကိုယ့်ကျင့်တရားနှင့် ကျန်းမာရေး စီးပွားရေး ထိခိုက် မည်စိုးရိမ်၍ ဖြစ်သည်။

ကိုလိုနီခေတ်တွင်ကား နယ်ချဲ့ အရင်းရှင် အင်္ဂလိပ်အစိုးရသည် မော်လမြိုင်တွင် အရက်ချက်စက်ရုံ တည်ထောင်ထုတ်လုပ်၍ လိုင်စင်ဖြင့် ရောင်းချခွင့်ပြုခဲ့သည်။ အခွန်တော်လည်း ရစေ တိုင်းရင်းသားတို့ အရက်ကျွန်ဖြစ်၍ စိတ်ပိုင်းရုပ်ပိုင်းအရ အင်္ဂလိပ်နယ်ချဲ့ အစိုးရကို တော်လှန်ဆန့်ကျင်နိုင်စွမ်းလည်း ကျဆင်းစေဟူသော တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောဖြင့် မော်လမြိုင်နှင့် ဝန်းကျင်မြို့များတွင် အရက်ဆိုင်များဖွင့်၍ လိုင်စင်ဖြင့် ရောင်းချစေသည်။ ဤသို့ဖြင့် မော်လမြိုင် ၊ မုဒုံ၊ ရေးနှင့် ထားဝယ်မြို့ များတွင် လိုင်စင်ရအရက်ဆိုင်များ ပေါ်ပေါက်ခဲ့သည်။

၁၈၆ဝ ခုတွင် မော်လမြိုင်မြို့ မုပွန်နတ်ကျွန်းရပ် “ချောင်းဝချောင်း“ ၏ မြောက်ဘက် အောက်လမ်း မကြီး၏ အရှေ့ဘက်တွင် အရက်ချက်စက်ရုံတစ်ရုံကို စတင်တည်ဆောက်သည်။ ထိုစက်ရုံ၏ အနောက်
မြောက်ဘက်တွင် ခေတ်စမ်းစာရေးဆရာကြီး သိပ္ပံမောင်ဝ (ဥိးစိန်တင်) ဖွားမြင်ရာအိမ်ရှိသည်။

ထိုအရက်ချက်စက်ရုံ၏ ပိုင်ရှင်မှာ အင်္ဂလိပ်လူမျိုးဒေါ်ဆင် (George Evans Lidiard Dawson) ဖြစ်သည်။ စက်ရုံမန်နေဂျာနှင့် အရက်ချက်လုပ်သူမှာ ပြင်သစ်လူမျိုးလိမ္မော်ဇင် (Joseph Edmon Limouzin) ဖြစ်သည်။ ဖီးနစ်အရင်ချက်စက်ရုံ (Phoenix Distillery) ဟု ထင်ရှားခဲ့သည်။
၂၁ ဇွန် ၁၈၆၃ တွင် ဒေါ်ဆင်က ဖီးနစ်အရက်ချက်စက်ရုံကို လိမ္မော်ဇင်ထံ ကျပ် (၄ဝဝဝဝ) ဖြင့် ရောင်းချလိုက်သည်။

ဒုတိယပိုင်ရှင်လိမ္မော်ဇင်သည် “ဖီးနစ်“ အမည်ဖြင့်ပင် စက်ရုံကို ဆက်လက်လည်ပတ်သည်။ လိမ္မော်ဇင်သည် “ဖီးနစ်“ စက်ရုံကို (၂၁) နှစ်လုပ်ကိုင်ပြီးနောက် ၁၈၈၄ – ခုတွင် စက်ရုံကို တရုတ်လူ မျိုးလျောင်ချိုင် (Leong Chye) ထံရောက်းချလိုက်သည်။

လျောင်ချိုင်ကို တရုတ်ပြည်ကန်တုံ(Canton) မြို့၌ ၁၈၄၂-ခုတွင် ဖွားမြင်သည်။ ဖခင်မှာ လျောင် အဆီး (Leong Ahsee) ခေါ် ဖွန်ဟောင်း (Foon Hong) ဖြစ်သည်။ အသက် (၁၆) နှစ်အရွယ် ၁၈၅၈-ခုတွင် မော်လမြိုင်သို့ ထွက်ခွာလာခဲ့သည်။ လျောင်ချိုင်မော်လမြိုင်သို့ ရောက်စဉ်က တစ်မြို့လုံးကို ထူထပ်သော သစ်တောကြီးဖုံးလွှမ်းလျက်ရှိသည်။ ထိုစဉ်က မော်လမြိုင်တွင် ကျောက်ခင်းလမ်းဟူ၍ အရှေ့တပ်မြေလမ်း (East Cantoment Road) ၊ အထက်လမ်းမကြီးနှင့် အောက်လမ်းမကြီးဟူ၍ လမ်းသုံးသွယ်သာရှိသေးသည်။ ကျန်လမ်းများမှာ မြေလမ်းများသာဖြစ်သည်။

လျောင်ချိုင်မော်လမြိုင်သို့ရောက်ရှိစဉ်က တစ်ကောင်ကြွက်တစ်မျက်နှာမဟုတ်ချေ။ ရိပ်လီ (Yeik Lee) ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်နေသူ ဦးလေးတစ်ယောက်ရှိနေသည်။ ရိပ်လီရောင်းဝယ် ရေးလုပ်ငန်းတွင် ကျရာတာဝန်ကို မခိုမကပ်လုပ်ကိုင်ရာ (၃) နှစ်ကြာသောအခါ ငွေကျပ် (၂ဝဝဝ) စုဆောင်းမိသည်။ ထိုကျပ် (၂ဝဝဝ) ကို အရင်းအနှီးပြု၍ ရောင်းဝယ်ရေးကို ဇွဲနပဲကြီးစွာ လုပ်ကိုင်ရာ စီးပွားရေးလာဘ်မြင်ပြီး ကံဉာဏ်ဝီရိယရှိသူဖြစ်သည့် အလျောက် မကြာမီမှာပင် အရင်းအနှီး အတော်အ တန်စုဆောင်းမိလာသည်။

ထိုအခါ မော်လမြိုင်မှ ထားဝယ်နှင့် မြိတ်မြို့များသို့ ပြေးဆွဲသော ထားဝယ် (Tavoy) နှင့် ဘာမထီ (Defiance) အမည်ရှိသော သင်္ဘောနှစ်စီးကို ဝယ်ယူကာ ကုန်ပစ္စည်းရော ခရီးသည်ပါ တင်ပို့သယ် ဆောင်ရာ အမြတ်အစွန်းရရှိသည်။ ထိုစဉ်က တနင်္သာရီကမ်းရိုးတန်းတွင် အင်္ဂလိပ်အရင်းရှင်များပိုင်သော ဗြိတိသျှအိန္ဒိယရေကြောင်း ကုမ္ပဏီလီမိတက် (British India Steam Nawigation Co.Ltd=B.I.S.N) မှ သင်္ဘောများပြေးဆွဲလျက်ရှိသည်။ လောင်ချိုင်သည် အဆိုပါ ကုမ္ပဏီနှင့် ယှဉ်ပြိုင်ပြေးဆွဲလျှင် ရေရှည်တွင် မိမိအရေးနိမ့်မည်ဖြစ်ကြောင်း တွက်ဆမိသဖြင့် မိမိပိုင်သင်္ဘောနှစ်စီးကို ဈေးကောင်းရချိန်တွင် ရောင်း ချလိုက်သည်။

(ကော့နှပ်ရွာမှ မွန်သူဌေး ဦးနာအောက်ကား အမြော်အမြင်နည်းပါးသဖြင့် မိမိပိုင်သင်္ဘော (၇) စီးနှင့် နိုင်ငံခြားသားပိုင် ဧရာဝတီသင်္ဘောကုမ္ပဏီပိုင်သင်္ဘောများ ယှဉ်ပြိုင်ပြေးဆွဲရာ အရှုံးဖြင့် နဂုံးချုပ်သွားသည်ကို တွေ့ရသည်။)

လျောင်ချိုင်သည် သင်္ဘောနှစ်စီးကို ရောင်းချပြီးနောက် သစ်လုပ်ငန်းဘက်သို့ ခြေဦးလှည့်သည်။ သစ်စက်ကြီးတစ်လုံးကို တည်ထောင်ပြီးူ (၁၆) နှစ်ကြာသစ်လုပ်ငန်းကို လုပ်ကိုင်သည်။ သစ်လုပ်ငန်းကို ငြီးငွေ့လာသဖြင့် သစ်စက်ကြီးကို ရောင်းချလိုက်သည်။

၁၈၇၇- ခုတွင် အမှတ် (၁၅၆) အောက်လမ်းမကြီးတွင် ကုန်တိုက်ကြီးတစ်တိုက်ကို ဆောက် လုပ်သည်။ အရက်၊ ဝိုင်နှင့် နိုင်ငံခြားပစ္စည်းမျိုးစုံကို ရောင်းချသည်။ တစ်ချိန်တည်းမှာပင် ဆန်စက်တစ်လုံးကို တည်ထောင်ကာ စပါးများဝယ်ယူကြိတ်ခွဲသည်။ မကြာမီထိုဆန်စက်ကို ဒစ်မင်း ဘရားသားကုမ္ပဏီ (Dichmann Brothers & Co.) သို့ ရောင်းချလိုက်သည်။ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းကိုကား ဆက်လက်လုပ်ကိုင်သည်။ ထို့ပြင် သားရေကုန်ကြမ်းများဝယ်ယူကာ မိမိပိုင်သားရေနယ် စက်ရုံမှ သားရေကုန်ချောများ ထုတ်လုပ်သည်။

မော်လမြိုင်မြို့ပေါ်တွင် လျောင်ချိုင်ပိုင်သော တိုက်အိမ်များစွာရှိသည်။ တိုက်အိမ်အချို့ကို ဥရော ပတိုက်သားများကိုလည်းကောင်း၊ အချို့ကို အစိုးရအရာရှိများကိုလည်းကောင်း ငှားရမ်းသည်။ တောင်ရိုး တန်းရှိ တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီးနေထိုင်ခဲ့သော တိုက်အိမ်၏ မူလပိုင်ရှင်မှာ လျောင်ချိုင်ဖြစ် သည်။ လျောင်ချိုင်သည် မိမိကွယ်လွန်ခါနီးတွင် ထိုတိုက်အိမ်ကို အစိုးရထံ ရောင်းချသွားခဲ့သည်။

လျောင်ချိုင်၏ ဘဝတစ်သက်တာတွင် မိမိဇာတိမွေးရပ်ဖြစ်သော တရုတ်ပြည်ကန်တုံမြို့သို့ (၃) ခေါက်ပြန်ခဲ့သည်။ ဒုတိယအခေါက်တွင် တရုတ်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျသည်။ ထိုဇနီးသည် သားသမီးမထွန်းကားဘဲ လျောင်ချိုင်ထက်စော၍ ကွယ်လွန်သည်။ ၁၈၆၂-ခုတွင် မော်လမြိုင်၌ ထပ်မံအိမ် ထောင်ပြုသည်။ ဒုတိယဇနီးက သား(၄) ဦး၊ သမီး (၂) ဦး ထွန်းကားသည်။ သား(၂)ဦးသာ အဖတ် တင်သည်။ ထိုဇနီးသည်လည်း လျောင်ချိုင်ထက်စော၍ ဇွန် ၁၉၁၆ တွင် ကွယ်လွန်သည်။ လျောင်ချိုင်၏ သားသမီးများအကြောင်းကို စောင့်စည်းအပ်သော ဝတ္တရားရှိသည့်အတွက် အသေးစိတ်မဖော်ပြတော့ပြီ။

၁၈၈၄-ခုတွင် လျောင်ချိုင်က ဖီးနစ်အရက်ချက်စက်ရုံကို ဝယ်ယူခဲ့ကြောင်း ဖော်ပြပြီးဖြစ်သည်။ လျောင်ချိုင်သည် မိမိပိုင်ဖြစ်လာသော (၆.၆၉၄) ဧက ကျယ်ဝန်းသော စက်ရုံဝင်းအတွင်း အလုပ်သမား များအရိပ်ရစေရန်နှင့် အုန်းပင်၊ သရက်ပင်၊ မိန္ဒဲပင်နှင့် သစ်ဆိမ့်ပင်များကို စိုက်ပျိုးပေးသည်။ အလုပ်သမား များကလည်း သင်္ဘောပင်၊ ငှက်ပျောပင်၊ ပေါက်ပန်းဖြူပင်များစိုက်ပျိုးရန် တိုက်တွန်းသည်။ အလျား ပေ(၄ဝ) အနံပေ (၂ဝ) ရှိသော ကန်စွန်းခင်းမှာ အလုပ်သမားမိသားစုအတွက် ဟင်းတစ်ခွက်ကို ဖြည့်ဆည်း ပေးသည်။

မုပွန်နတ်ကျွန်းပိုင် ဘိုးဘိုးကြီးသည် “ဘိုးမင်းလှစည်သူ“ ဖြစ်သည်။ ဘိုးမင်းလှစည်သူ၏ နတ်ကွန်း သည် အရက်ချက်စက်ရုံဝင်းအတွင်း၌ရှိသည်။ ထိုနတ်ကွန်းဘေးတွင် “ဦးမင်းကျော်“ ၊ “မြင်းဖြူရှင်“ နှင့် “ကိုဒွေးနတ်“ တို့၏ နတ်ကွန်းများရှိသည်။ ဦးမင်းကျော်နတ်ကွန်းကို အရက်ချက်စက်ရုံဝင်းအတွင်း၌ သာရှိခြင်းသည် နတ်မှန်နေရာမှန်ထားသည်ဟု ဆိုနိုင်သည်။

လျောင်ချိုင်လက်ထက်တွင် စက်ရုံကို ပိုမိုကောင်းမွန်အောင် ပြုပြင်တိုးချဲ့သည်။ ကုန်ကြမ်းပစ္စည်း သိုလှောင်ရန် ဂိုဒေါင်များကို မီးဘေးရာသီဥတုဘေးတို့မှ ကင်းဝေးပြီးလုံလုံခြုံခြုံရှိစေရန် ဂရုပြု၍ တည် ဆောက်သည်။ အလုပ်သမားတန်းလျားများကို မိသားစုချောင်ချောင်ချိချိနေနိုင်ရန် ဆောက်လုပ်ပေးသည်။ ရုံးဆောက်အဦကို ခန့်ခန့်ညားညားတည်ဆောက်၍ ဧည့်ခန်းကို သားသားနားနားပြင်ဆင်ထားသည်။

အရက်ချက်ရန် ကုန်ကြမ်း“တင်လဲရည်“ ကို ဂျာဗားကျွန်းမှ မှာယူအသုံးပြုသည်။ ပြည်တွင်းထွက် ထန်းလျက်နှင့် ကြံသကာများကိုလည်း အသုံးပြုသည်။ တစ်နှစ်ပတ်လုံးစက်ရုံလည်ပတ်နိုင်အောင် ကုန် ကြမ်းများကို ဖူလောင်ဆောင် သိုလှောင်ထားသည်။

လျောင်ချိုင်သည မိမိ၏ စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အရက်ချက်လုပ်ငန်းကို ၁၈၈၄ ခုမှ ဖေဖော်ဝါရီ ၁၉၁၉ အထိ (၃၅) နှစ်ကာလပတ်လုံး ပုံမှန်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

Written by အံ့ကျော်

Advertisements
<

Leave a Reply