”ကိုလိုနီခေတ် မော်လမြိုင်အုပ်ချုပ်ရေး”

(က) ဝန်ရှင်တော်မင်းကြီးများ

ဝန်ရှင်တော်မင်းကြီး မိန်းဂေးသည် မေ ၁၈၂၉ တွင် မိမိ၏ဌာနကို ကျိုက္ခမီမှ မော်လမြိုင်သို့ပြောင်းရွှေ့သည်။ ထို့အချိန်မှစ၍ မော်လမြိုင်မြိဳ႕သစ်သည် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်လာသည်။မင်းတုန်းမင်းသည် မန္တလေးမြို့ကို ၁၈၅၉ ခုတွင် တည်ထောင်သဖြင့် မော်လမြိုင်က
မႏၱလေးထက်မြို့သက်နှစ် (၃ဝ) ကြီးသည်။

$_12-- copy

မော်လမြိုင်တနင်္သာရီတိုင်းမြို့တော်ဖြစ်လာချိန်တွင် တနင်္သာရီတိုင်း၌ ခရိုင်ရှိသည်။ ကျိုက္ခမီခရိုင်၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ဖြစ်ကြသည်။ ၁၈၉၅ ခုတွင် အသစ်ပေါ်ထွန်းလာသော သထုံခရိုင်သည် တနင်္သာရီတိုင်းတွင် ပါဝင်လာသဖြင့် တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်(၄) ခရိုင်တို့မှာ မော်လမြိုင်ခရိုင်၊ ကျိုက္ခမီခရိုင်၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ဖြစ်လာကြသည်။

မော်လမြိုင်ကို ဗဟိုပြုသော တနင်္သာရီတိုင်း၏ ဒေသဆိုင်ရာ ဝန်ထမ်းများ အနက် ဝန်ရှင်တော်မင်းကြီးမှာ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ မိမိရုံးစိုက်ရာဒေသ၌ တရားစီရင်ရသည့်ပြင်၊ တိုင်းအတွင်းရှိခရိုင်မြို့နယ် မြို့သို့ လှည့်လည်၍ တရားစစ်ဆေးစီရင်ခြင်း၊ ထောင်များ၊ ဆေးရုံများနှင့် အခြားဌာနဆိုင်ရာရုံးများကို သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ရသည်။ ဌာနဆိုင်ရာမှတ်တမ်းများကိုလည်း စစ်ဆေးရသည်။ ဟာကွက်၊ ပျော့ကွက်များကို ထောက်ပြ၍ ပြုပြင်သင့်သည်များကို ညွှန်ကြားရသည်။

မိန်းဂေးမှ အစပြု၍ နှစ်ပေါင်း (၅ဝ)ကျော် (၆ဝ)အတွင်း မော်လမြိုင်တွင် ဝန်ရှင်တော်မင်းကြီး အဖြစ် တာဝန်ထမ်းဆောင်သွားသူ (၁) ဒါဇင်ရှိသည်။

၁။ မိန်းဂေး (A.D. Maingy)
၂။ ဘလန်ဒယ် (E.A Blundell)
၃။ ဗိုလ်မှူး ဘရော့ဖို့ (Major Broadfoot)
၄။ ဗိုလ်ချုပ် ဒါရန် (General H.M. Durand)
၅။ကော်ဗင် (Colvin)
၆။ ဗိုလ်မှူး ဘိုဂေး (Major Bogle)
၇။ ဗိုလ်ကြီး ဖယ်ရာ ( Captain A.P.Phayre)
၈။ ဒု- ဗိုလ်မှူးကြီး ဖိုက် ( LT:Col:Fytehe)
၉။ ဒု – ဗိုလ်မှူးကြီး ဘရောင်း ( LT:Ckl:Brown)
၁ဝ။ ဒု – ဗိုလ်မှူးကြီး အာဒါ့ (Lt:Col:Ardagh)
၁၁။ ဒု – ဗိုလ်မှူးကြီး ဒပ် (Lt:Col:Duff) နှင့်
၁၂။ ဟောက်တန် (B. Houhgton I.C.S) တို့ဖြစ်ကြသည်။

အထက်ဖော်ပြပါ ပုဂ္ဂိုလ် (၁၂) ဦး၏ ထူးခြားသော အကျင့်စရိုက်များကို တစ်ဦးပြီးတစ်ဦးဖော်ပြရလျှင် 
''မိန်းဂေး''သည် ၁၈၂၉ ခုတွင် မော်လမြိုင်မြို့ကို တနင်္သာရီတိုင်းမြို့တော်အဖြစ် စတင်တည်ထောင်ခဲ့သူဖြစ်သည်။ မွန်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျသည်။ ထိုအမျိုးသမီးသည် စီပွားရေးသောင်းကျန်းသူတစ်ဦးဖြစ်ပြီး၊ တစ်မြို့လုံး လိုလိုငွေတိုးချထားသည်။ ကာလအတန်ကြာသော် မင်းကြီးဇနီးမောင်နှံက မြီရှင်၊ မြို့သူမြို့သားများက မြီစားဖြစ်လာလေတော့သည်။

''ဘလန်ဒယ်''သည် ထားဝယ်အရေးပိုင် (ခရိုင်ဝန်) အဖြစ် အမှုထမ်းခဲ့သည်။ ၁၈၃၄ ခုတွင် မိန်းဂေးအနားယူသွားသောအခါ ဝန်ရှင်တော်မင်းကြီးဖြစ်လာသည်။ ၁၈၄၃ ခုတွင် ပီနံဘုရင်ခံဖြစ်သွားသည်။  ဘလန်ဒယ် လက်ထက်တွင် တနင်္သာရီတိုင်းသည်  ဘင်္ဂလားအစိုးရ လက်အောက်ခံဖြစ်လာသည်။

''ဗိုလ်မှူး ဘရော့ဖို့''သည် ၁၈၄၃ ခုတွင် ဝန်ရှင်တော်မင်းကြီး ဖြစ်လာသည်။ ၁၈၄၃ ခုတွင် အရပ်ဘက်မှ စစ်ဘက်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။  အိန္ဒိယပြန် ပန်ဂျပ်ပြည်နယ်တွင် ဖြစ်ပွားသော ပထမဆစ် စစ်ပွဲ (First Sikh War) အတွင်း ဖာရို့ရှား (Ferozeshah) တိုက်ပွဲ၌ ကျဆုံးသည်။

"ဗိုလ်ချုပ်ဒါရန်"သည် " ဘရောဖို့" ကို ဆက်ခံသူဖြစ်သည်။ ၁၈၄၅ ခုတွင် မော်လမြိုင်မြို့မြေများကို ဂရန်ချထားပေးရေးအတွက် အစပျိုးခဲ့သူဖြစ်သည်။  မော်လမြိုင်ထောင်ပိုင် အမှုတွင် အရပ်ဘက် တရားရုံးတွင် စစ်ဆေးခြင်းမပြုစေဘဲ စစ်ခုံရုံးသို့ လွှဲပြောင်းပေးခဲ့ရာ အာဏာအလွဲသုံးစားပြုရာကျသဖြင့်  အလုပ်ဖြုတ်ခံရသည်။

''ကော်ဗင်" ၁၈၄၆ ခုတွင် ဝန်ရှင်တော်မင်းကြီး ဖြစ်လာသည်။ ကော်ဗင် လက်ထက်တွင် မော်လမြိုင်မြို့တွင်းလမ်းများမှာ လိပ်သည်းကျောက်များဖြင့် ဖြစ်ကတတ်ဆန်းခင်းထားသဖြင့် သွားရေးလာရေးခက်ခဲသည်။ ခရီးနီးဝေးသွားလာရာတွင် မြင်းလှည်း (Gharry)ဖြင့်သာ သွားလာကြသည်။  မြင်းလှည်းအရေအတွက်များလာသည်နှင့်အမျှ ယာဉ်စည်းကမ်းဖောက်ဖျက်မှုများလာသည်။ ထိုအခါ ''ကော်ဗင်" က ဘီးခွန်ကောက်ရန်အဆိုပြုသည်။ မကြာမီမှာပင် ဘီးခွန်ကောက်ရေးနှင့် ပတ်သက်၍ "ကော်ဗင်" ၏ ဆန္ဒပြည့်ဝသွားသည်။ ရရှိသောဘီးခွန်ကို လမ်းပြင်ရာတွင် အလေအလွင့်မရှိစေဘဲ (အိတ်ထဲမထည့်ဘဲ) သုံးစွဲစေသည်။

ကိုလိုနီခေတ်ဦးမော်လမြိုင်တွင် နေထိုင်သူအများစုမှာ မွန်စစ်ရှောင်ဒုက္ခသည်များဖြစ်ကြသည်။ မီးလောင်လွယ်သော၊ မဒမ တိုင်ထူ ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခြမ်းခင်းအိမ်များဖြင့် နေထိုင်ကြသည်။

"ကော်ဗင်" လက်ထက် ၁၈၄၆ ခုတွင် မီးအကြီးအကျယ်လောင်၍ မြို့၏ (၄)ပုံ (၃) ပုံပြာကျသွားသည်။ မီးလောင်ပြီးနောက် ငွေကြေးတတ်နိုင်သူအချို့က အိမ်များပြန်လည်တည်ဆောက်ရာတွင် အုတ်ကျွတ်မိုးအိမ်များကိုသာဆောက်လုပ်ခွင့်ပြုရန်အကြံပြုတင်ပြလာကြသည်။ "ကော်ဗင်" က ထိုအကြံပြုချက်များသည် ဆင်းရဲသားများကို "နူရာဝဲစွဲလဲရာသူခိုးထောင်း" ဖြစ်စေသဖြင့်၊ လက်မခံပယ်ချသည်။ မြို့လယ်ရှိ အိမ်များကိုသာ အုတ်ကျွတ်မိုးစေပြီး အစိုးရက ငွေကြေးနှင့် ဆောက်လုပ်ရေးပစ္စည်းအတန်အသင့် ထောက်ပံ့ရန် အမိန့်ပေးသည်။ မီးဘေးကာကွယ်ရေးအတွက် မီးသတ်အင်ဂျင် (၃) လုံးဝယ်ယူပေးသည့်ပြင် မီးသတ်ရာတွင် ရေလွယ်လင့်တကူရရှိစေရန် သစ်သားရေစည်ကြီးများကို နေရာအနှံ့ ချထားပေးသည်။

("ကော်ဗင်"သည် သံသရာခရီးတစ်လျှောက်ဘဝမျိုးစုံကျင်လည်၍ တစ်ခုသောဘဝတွင် မြန်မာနိုင်ငံ၌ လူဝင်စားလာဖြစ်ပြီး မြို့ရွာ စိုပြည်လှပရေးအတွက် လုပ်ပိုင်ခွင့်ရှိသူတစ်ဦးဖြစ်လာပါစေဟု ဆုတောင်းရပေသတည်း)

"ဘိုဂေး" သည် "ကော်ဗင်"ကို ဆက်ခံသည့် တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီးဖြစ်သည်။ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲကာလ အာသံစစ်မျက်နှာ၌ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ရခိုင်တိုင်းတွင် ဝန်ရှင်တော်မင်းကြီးတာဝန်ကို ကာလအတန်ကြာထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၈၄၉ ခုတွင် တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီး မော်လမြိုင်သို့ ပြောင်းရွှေ့လာသည်။ ဇွန် ၁၈၄၉ တွင် မော်လမြိုင်မြို့တွင်းရှိ မြေလွတ်ဧက (၇ဝ) ကို လေလံတင်ပြီး မိမိကိုယ်တိုင်လေလံဆွဲသည်။ အဆိုပါမြေကွက်အထက်ပိုင်း တောင်ရိုးတန်းပေါ်တွင် သံလွင်ဂေဟာ (Salween House)ကို ဆောက်လုပ်ပြီး အောက်ပိုင်းရှိမြေကွက်ကို ပုဂ္ဂလိက ပိုင်ပန်းခြံအဖြစ် ပြုပြင်သည်။ ထိုပန်းခြံတွင် အလှမွေးမြူထားသော သမင်ဒရယ်ကလေးများ ခုံပေါက်မြူးထူးနေကြသည်ကိုလည်းကောင်း၊  လည်တိုင်မော့မော့ ငေးမျှော်နေကြသည်ကို လည်ကောင်း၊ လွန်ခဲ့သောနှစ်ပေါင်း (၁၇ဝ)ခန့်က တွေ့မြင်ခဲ့ရသည်။ အဆိုပါ ပန်းခြံသည် ယခုသံလွင်ဥယျာဉ်ဖြစ်ပေသတည်း။

"ဘိုဂေး"သည် ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲကာလအတွင်း ဧပြီ ၁၈၅၂ တွင် ဖြစ်ပွားသော ရွှေတိဂုံကုန်းတော်တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသည်။ မကြာမီမော်လမြိုင်သို့ ပြန်လာပြီး ၁၈၅၄ ခုအထိ တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီး တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၈၅၂ ခုတွင် "ဘိုဂေး" ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲပါဝင် တိုက်ခိုက်နေစဉ် တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီး အဖြစ်" ဖယ်ရာ" ခေတ္တတာဝန်ထမ်းဆောင်ရသည်။ ထိုနှစ်မှာပင် သက်ဆိုင်ရာက "ဖယ်ရာ"အား ပဲခူးတိုင်းဝန်ရှင်တော်မင်းကြီးအဖြစ်ခန့်အပ်သည်။ ထိုအခါ "ဘိုဂေး"က မိမိထက်လုပ်သက်နု၍ မိမိထက် အတွေ့အကြုံနည်းသော "ဖယ်ရာ" အား မိမိထက်အဆင့်မြင့်သော ရာထူးတွင် ခန့်အပ်သဖြင့် ပူညံပူညံ ဆူပူပြောဆို၍ ကန့်ကွက်သည်။ ထိုအခါအထက်လူကြီးများက နှစ်သိမ့်သောအားဖြင့် "ဘိုဂေး" ၏ လစာကို "ဖယ်ရာ"၏ လစာနှင့် တန်းတူပေးသည်။ ထို့ပြင် "ဘိုဂေး"အားဆာဘွဲ့ကိုပါချီးမြှင့်ပေးအပ်သည်။

သံလွင်ဂေဟာသည် အဆင့်ဆင့်လက်ပြောင်းလာရာ ဧပြီ ၁၈၇၆ သို့ရောက်သောအခါ မော်လမြိုင် မြူနီစီပါယ်အဖွဲ့သို့ ရောင်းချလိုက်သည်။ ၁၈၈၁ ခုတွင် သံလွင်ဥယျာဉ် အထက်ပိုင်း (သံလွင်ဂေဟာအပါအဝင်) ကို ဝယ်ယူသည်။ ထိုအခါ သံလွင်ဂေဟာသည် ဝန်ရှင်တော်မင်းကြီးနေအိမ်နှင့် ရုံးဖြစ်လာသည်။ ၁၈၈၅ ခု ခန့်တွင် အစိုးရသည် တရုတ်သူဌေးကြီး လောင်ချိုင်၏ တောင်ရိုးတန်းအိမ်ကို ဝန်ရှင်တော်မင်းကြီးနေထိုင်ရန် ဝယ်ယူပြန်သည်။

ဖယ်ရာသည် ၁၈၁၂ ခုတွင် မွေးဖွားသူဖြစ်သည်။ အသက် (၂၃) နှစ်အရွယ်  ၁၈၃၅ ခုတွင် တနင်္သာရီတိုင်းသို့ ရောက်လာ၍ အမှတ်(၇) ဘင်္ဂလားခြေလျင်တပ်ရင်းတွင် အရာရှိအဖြစ်စတင်အမှုထမ်းသည်။ ဒေသဆိုင်ရာ မွန်တပ်ဖွဲ့တွင်လည်း ခေတ္တတာဝန်ထမ်းဆောင်ခဲ့သည်။ မကြာမီအရပ်ဘက်အုပ်ချုပ်ရေးသို့ ပြောင်းရွှေ့အမှုထမ်းသည်။ မော်လမြိုင်တွင် "ဘိုဂေး"မရှိခိုက်ဝန်ရှင်တော်မင်းကြီး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဒုတိယအင်္ဂလိပ်မြန်မာစစ်အပြီး အောက်မြန်မာပြည်ကို လက်ဝယ်ပိုင်ပိုင်ရ သွားသောအခါ ဗြိတိသျှတို့သည် ရခိုင်၊ တနင်္သာရီနှင့် ပဲခူးနယ်တို့ကို ၁၈၆၂ ခုတွင် ဗြိတိသျှ မြန်မာပြည် (Britisg Burma) ဟု ခေါ်တွင်လျက် မဟာဝန်ရှင်တော်မင်းကြီး (Chief Commissioner) တစ်ဦးခန့်ထား၍ ဗြိတိသျှအုပ်ချုပ်ရေးကို အခြေချသည်။ ပထမဆုံးမဟာဝန်ရှင်တော်မင်းကြီးမှာ "ဖယ်ရာ"ဖြစ်သည်။ နောင်အခါ ဖယ်ရာ သည်ဆာဘွဲ့ရပြီး ဆာအာသာဖယ်ရာ (Sir Arthur Phayre) ဖြစ်လာသည်။ ရန်ကုန်မြို့လယ်ရှိ လမ်း(၁)လမ်းကို ဖယ်ရာအား ဂုဏ်ပြုသောအားဖြင့် ဖယ်ရာလမ်းဟု အမည်ပေးခဲ့သည်။ ယခု ပန်းဆိုးတန်းလမ်းဖြစ်သည်။

ဖယ်ရာအား ဆက်ခံသည့် တနင်္သာရီတိုင်း ဝန်ရှင်တော်မင်းကြီးမှာ "ဖိုက်"ဖြစ်သည်။ နောင်အခါ မဟာဝန်ရှင်တော်မင်းကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသည်။ ဗိုလ်ချုပ်ဆာအဲလဗတ်ဖိုက် (Generae Sir Albert Fythce) ဖြစ်လာသည်။ မျက်မှောက်ခေတ် ဗန္ဓုလပန်းခြံနေရာတွင် ကိုလိုနီခေတ်ဦးက ဖိုက်စကွဲယာ (fytche Square) ပန်းခြံရှိခဲ့သည်။ မဟာဝန်ရှင်တော်မင်းကြီး ဖိုက်ကို ဂုဏ်ပြုသောအားဖြင့် မှည့်ခေါ်ခဲ့သော ပန်းခြံအမည်ဖြစ်သည်။ ထိုပန်းခြံအတွင်း ဝိတိုရိယဘုရင်မ (Queen Victoria) ရုပ်တုရှိသဖြင့် ဘုရင်မပန်းခြံဟုလည်း ခေါ်ကြသည်။ ဂျပန်ခေတ်တွင် ဘုရင်မရုပ်တုဖယ်ရှားခံရသည်။ ယခုအခါ ထိုရုပ်တုနေရာတွင် လွတ်လပ်ရေးကျောက်တိုင်ကြီး ငွားငွားစွင့်စွင့် ပေါ်ပေါက်လျက်ရှိသည်။ ၇ မေ ၁၉၄၀ တွင် ရန်ကုန်မြူနီစီပါယ်အဖွဲ့ အစည်းအဝေးတွင် "လွယ်အိတ်ကြီး ဦးဘလှိုင်" က ဘုရင်မပန်းခြံအား ဗန္ဓုလပန်းခြံဟု အမည်ပြောင်းခေါ်ဆိုရန် အဆိုတင်သွင်းရာ ဦးရန်အောင်က ထောက်ခံသည်။ ထို့နောက် မဲခွဲဆုံးဖြတ်ရာ (၁၁)မဲ (၈)မဲ ဖြင့် အဆိုဘက်မှ အနိုင်ရသဖြင့် ဘုရင်မပန်းခြံကို ဗန္ဓုလပန်းခြံဟု အမည်ပြောင်းခဲ့သည်။

၁၈၇၅ ခုတွင် တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီးဖြစ်လာသူမှာ ဒုဗိုလ်မှူးကြီးဘရောင်း ဖြစ်သည်။ လက်အောက်ခံအရာရှိများက "ကြင်နာတရားကင်းမဲ့သည့် ဥယျာဉ်မှူးကြီး"ဟု ကွယ်ရာတွင် အမည်ပေးခဲ့ရသူ ဖြစ်သည်။ "ဘရောင်း" မိမိဥယျာဉ်အတွင်း ခုတ်ထွင်ရှင်းလင်းသောအခါ ဓားအပို(၂)လက် (၃)လက်ကို အနီးအနားတွင် ချထားသည်။ မိမိထံလာရောက်တွေ့ဆုံသော လက်အောက်ခံအရာရှိများကို တစ်ယောက်လျှင် ဓား(၁)လက်စီပေး၍ မိမိနှင့် အတူ ခုတ်ထွင်ရှင်းလင်းစေသည်။ ၁၈၇၆ ခု၊ နှစ်ဦးပိုင်းတွင် "ဘရောင်း"တာဝန်မှ အနားယူသွားသည်။

၁၈၇၆ ခု၊ နှစ်ဦးပိုင်းတွင် ဒုဗိုလ်မှူးကြီး "အာဒါး" တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီးဖြစ်လာသည်။ "အာဒါး" သည် တပ်မြို့အတွင်း စတင်နေထိုင်ပြီး နောင်အခါ တောင်ခြေလမ်း (Colvin Road)သို့ ပြောင်းရွှေ့နေထိုင်သည်။ ၁၈၇၀ ပြည့်နှစ်က အာဒါးသည် ခေတ္တမဟာဝန်ရှင်တော် မင်းကြီးဖြစ်ခဲ့သည်။

အာဒါး အနားယူသွားသောအခါ ဒုဗိုလ်မှူးကြီး "ဒပ်" တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီးဖြစ်လာသည်။ ၁၈၇၉ ခုတွင် "ဒပ်"သည် ထားဝယ်စုရပ်တွင် နေထိုင်ခဲ့သည်။

"ဟောက်" အမည်ရှိ လူထူးလူဆန်းတစ်ဦးသည် တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီးဖြစ်ခဲ့သည်။ "ဟောက်တန်"သည် နားအေးပါးအေး နေထိုင်လိုသူဖြစ်သည်။ အထူးသဖြင့် တရားသူကြီးအဖြစ် အမှုစစ်ဆေးကြားနာနေစဉ်၊ အခြားမည်သည့်အသံကိုမှ မကြားလိုချေ။ ကျီးအားသံကို မကြားလိုသဖြင့် ရုံးလုလင် (Peon) နှစ်ဦးက ရုံးဝန်းကျင်ရှိ ကျီးများကို ရုံးချိန်မတိုင်မီ မောင်းထုတ် ရသည်။ တစ်နေ့သော် "ဟောက်တန်" သည် ယမ်းပုံမီးကျ ဒေါသထွက်ပြီး ဝတ်လုံတော်ရ ဒါဝု (A.J Darwood)နှင့် ရန်ဖြစ်ကြသည်။ ရန်ဖြစ်ရသည့် အကြောင်းရင်းမှာ ဒါဝုက ရုံးအတွင်း ချောင်းဆိုးမိသောကြောင့် ဖြစ်သည်။

1 comment:

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.