ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သည့် ဒေသအလိုက် အာဏာသက်ရောက်သည့် ဥပဒေများနေရာတွင် တစ်နိုင်ငံလုံး တစ်ပြေးညီလွှမ်းခြုံနိုင်မည့် လက်နက်ဥပဒေသစ်တစ်ရပ်ကို ရေးဆွဲနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

စားဝတ်နေရေးနှင့် လုံခြုံရေးအတွက် လက်နက်ကိုင်ဆောင်သွားလာသည့် လယ်သမားနှင့် အရပ်သားများ လက်နက်ဥပဒေများဖြင့် ဖမ်းဆီးခံနေရသည်ကို လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်တွင် ယနေ့ မေးခွန်းထုတ်ခဲ့ပြီးနောက် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ ကျော်က ပြဋ္ဌာန်းခဲ့သည့် “၁၈၇၈ ခုနှစ်၊ လက်နက်များဥပဒေ” သည် အင်္ဂလိပ်အစိုးရက ၎င်းတို့အား ပုန်ကန်ခြင်းမပြုနိုင်ရန်အတွက် ရည်ရွယ်ရေးဆွဲထားသည့် ဥပဒေဟု ထောက်ပြခဲ့ပြီး ခေတ်မမီတော့ဟု စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းမြင့်က လွှတ်တော်ကို ပြောသည်။

လက်နက်များဥပဒေတွင် သုံးလက်မထက်ပိုသော မောင်းချဓားများ၊ အိမ်တွင်းမှု၊ လယ်ယာ၊ စက်မှုလုပ်ငန်း သုံးရန် မရည်ရွယ်သည့် လက်နက်ကိုင်၊ အရိုးခိုင်မြဲစွာတပ်ထားပြီး အရိုးအသွား ငါးလက်မထက် ပိုရှည်သော ဓားများ၊ သေနတ်၊လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လှံစွပ်၊ လေးနှင့်မြား၊ အမြောက်၊ လက်နက်အစိတ်အပိုင်း၊ လက်နက်ထုတ်လုပ်သော စက်ပစ္စည်းများကို လက်နက်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

စဉ့်ကူးမြို့နယ်အတွင်း ၂၀၁၆ မှ ၂၀၁၉ ဇွန်လအထိ လက်နက်မှု ၁၇၁ မှုရှိခဲ့ပြီး ယင်းတို့ထဲမှ ခုနစ်မှုသာ ကျေးရွာနှင့်ပွဲလမ်းသဘင်အတွင်း လက်နက်ကိုင်ဆောင်သွားလာခြင်း နှင့် လက်နက်ဖြင့် ရမ်းကားမှုတို့ ဖြစ်ခဲ့ကြောင်း၊ ကျန်အမှုအများစုမှာ ထန်းတက်သမားများ၊ မျှစ်ချိုး၊ ဝါးခုတ်လုပ်ကိုင်နေသူများ၊ လုံခြုံရေးအန္တရာယ်ကြောင့် ကားနှင့်ဆိုင်ကယ်များပေါ်တွင် လက်နက်တင်ဆောင်မိသည့် ရပ်ဝေးခရီးသွားများ၊ ရွှေကဲ့သို့သောလုပ်ကွက်များတွင် လုပ်ကိုင် စားသောက်သူများ၊ အိမ်သုံး၊ လယ်ယာသုံးအတွက် ဝယ်ယူသုံးစွဲသူများပါ အရေးယူခံနေရသည်ကို တွေ့ရကြောင်း ၎င်းက ထောက်ပြခဲ့သည်။

“လူကောင်းသူကောင်းများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ဒဏ်အပြစ်ပေးခံရခြင်းများကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့နေရပါတယ်” ဟု စဉ့်ကူးအမတ် ဒေါက်တာဦးဇော်ဝင်းမြင့်က ဆိုသည်။

နမူနာအားဖြင့် ၎င်း၏မဲဆန္ဒနယ်ရှိ ညောင်ဝန်းကျေးရွာတွင် နေထိုင်သည့် မိရိုးဖလာ ပန်းပဲလုပ်ငန်း လုပ်ကိုင်စားသောက်သူတစ်ဦး ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်ကိုလည်း ဒေါက်တာဇော်ဝင်းမြင့်က ရည်ညွန်းပြောဆိုခဲ့သည်။

အဆိုပါပန်းပဲဆရာမှာ သူ၏ရွာနှင့် သုံးမိုင်ခန့်ဝေးသော ကျေးရွာတစ်ခုမှ လာရောက်အပ်နှံထားသည့် လယ်ယာသုံး ကိုင်းခုတ်ဓား၊ ထင်းခုတ်ဓား၊ မီးဖိုချောင်သုံးဓားများ သွားရောက်ပို့ဆောင်စဉ် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်း ခံလိုက်ရပြီး ထောင်ဒဏ်နှစ်လ ချမှတ်ခံခဲ့ရကြောင်း ၎င်းက ပြောသည်။

လိုင်စင်မရှိဘဲ အထက်ပါလက်နက်တစ်မျိုးမျိုးကို လိုင်စင်မဲ့ဖြစ်စေ၊ လိုင်စင်ရှိသော်လည်း ပြဋ္ဌာန်းချက်နှင့်မညီဘဲဖြစ်စေ ကိုင်ဆောင်သွားလာလျှင် သုံးနှစ်အထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု လက်နက်များဥပဒေတွင် ပြဋ္ဌာန်းထားသည်။

“ဒါမျိုးတွေက ကျွန်တော်တို့မြို့နယ်မှာတင်မဟုတ်ဘဲ မြန်မာနိုင်ငံအနှံ့အပြား အထူးသဖြင့် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့ တောင်သူလယ်သမားတွေရှိတဲ့ နီးစပ်တဲ့အရပ်ဒေသတွေမှာ အကျိုးဆက်တွေ ခံစားနေကြရပါတယ်” ဟု ဦးဇော်ဝင်းမြင့်က ထောက်ပြသည်။

မိုင်းရှူးမဲဆန္ဒနယ်အမတ် ဦးစိုင်းထွန်းအေးကလည်း ၁၈၇၈မှ ၁၉၂၄ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သည့် လက်နက်များဥပဒေ၊ ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဉ်းဥပဒေ၊ ရှမ်းပြည်လက်နက်အမိန့်တို့မှာ ရှမ်းပြည်နယ်အတွင်း အာဏာသက်ရောက်နေသဖြင့် ရိုးရာဓလေ့အရ ကိုင်ဆောင်သည့် ဓားများ၊ တူမီးသေနတ်များပါ ကိုင်ဆောင်၍မရသည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု ထောက်ပြသည်။

“ကိုလိုနီအစိုရရဲ့ နိုင်ငံရေးရည်ရွယ်ချက်အရ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဖြစ်တယ်။ အဲ့ဒီတော့ လက်နက်နဲ့ပတ်သက်တဲ့ ဥပဒေတွေကို ခေတ်နဲ့လျော်ညီအောင် ပြုပြင်ဖို့လိုပါတယ်။ ခုခေတ်ကာလမှာ ဒီလိုဥပဒေတွေနဲ့ ဖိနှိပ်တာတွေ မရှိသင့်တော့ဘူး” ဟု ၎င်းက ပြောသည်။

ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၏ ပြန်လည်ဖြေကြားမှုတွင်မူ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် လက်နက်နှင့်သက်ဆိုင်သော ဥပဒေများမှာ လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိသည့်အကြောင်း ပါဝင်သည်။

သို့သော် “မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရန် လက်နက်ဥပဒေအသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိပါတယ်” ဟု ၎င်းက ထည့်သွင်းအသိပေးခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်သူများအား ဖမ်းဆီးစစ်ဆေး အရေးယူနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ၊ ၁၈၉၅ ခုနှစ် ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဉ်းဥပဒေ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်၊ ၁၉၄၈ ခုနှစ် ချင်းပြည်နယ်လက်နက်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေ၊ ၁၉၅၁ ခုနှစ် လက်နက်ယာယီပြင်ဆင်ချက်တို့ကို မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကျင့်သုံးနေဆဲဖြစ်သည်။

လက်ရှိဥပဒေတွင် လက်နက်နှင့်ပတ်သက်၍ ခြုံငုံပြဋ္ဌာန်းချက်များကြောင့် တိုင်းရင်းသားတို့၏ရိုးရာဓလေ့ပါ အသုံးအဆောင်များကို သုံးစွဲရုံဖြင့်ပင် အရေးယူခံရမှုများရှိနေကြောင်း၊ ဥပဒေသစ်ရေးဆွဲရာတွင် လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်းရှိ တိုင်းရင်းသားများ၊ သာမန်တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံဆွေးနွေးသင့်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာ M ကောန်လက Myanmar Now ကို ပြောသည်။

“တောင်ယာခုတ်တာကအစ ဓားပဲကိုင်တယ်၊ ချင်းလည်းအတူတူပဲ၊ ရှမ်းလည်းအတူတူပဲ၊ တိုင်းရင်းသားအများစုပဲ။ ဒါ့အပြင် အမဲလိုက်ဖို့ ဒူးလေးတွေ၊ တူမီးတွေ ကိုင်ကြပါတယ်၊ အဲဒီတော့ အခုလက်နက်ဥပဒေနဲ့ ငြိနေတယ်၊ ဘယ်လိုလုပ်မလဲ အဲဒါ ညှိနှိုင်းဖို့လိုပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ဉာဏ်လှိုင်လင်း

Leave a Reply