မြန်မာနိုင်ငံနှင့်ပတ်သက်သောစာအုပ်စာတမ်းများ နိုင်ငံ တကာဈေးကွက်တွင်ကြိုကြား ကြိုကြား ထွက်ရှိ လာသည့် အနက်စစ်ရေး၊နိုင်ငံရေးနှင့် လူမျိုးစုများအရေးကို အလေးထားသုံးသပ်ကြသောစာအုပ်စာတမ်းများက အရေ အတွက်အများဆုံးဖြစ်ပြီး စီးပွားရေးနှင့်ဖွံ့ဖြိုးရေးသည်ဒုတိယ အရေအတွက်အများဆုံး ဖြစ်မည်ထင် ပါသည်။

women

မြန်မာတို့၏ လူမှုရေး၊ယဉ်ကျေးမှုအစရှိသည်တို့နှင့်ပတ်သက်ပြီး လူမှုရေးသိပ္ပံ အမြင်မှရေးသားထားသော စာအုပ်စာတမ်းများမှာမကြာသေးမီက အတော်အတန် ထွက်လာကြသော်လည်း အရေအတွက်မှာ နိုင်ငံရေး စာအုပ်များလောက်မများပေ။

ပြည်တွင်းတွင် သုတေသနမဖွံ့ဖြိုးသဖြင့် နိုင်ငံတကာတွင်ဖြန့်သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော စာအုပ်စာ တမ်း ရေးသားကြရာတွင် နှစ်အတော်ကြာ နိုင်ငံခြားသား ပညာရှင်များကသာ အများစုလွှမ်းမိုးခဲ့ကြသည်။

မြန်မာနိုင်ငံတွင်ယခုဖြစ်ပျက်နေသော နိုင်ငံရေး အပြောင်းအလဲ များ ကိုသုံးသပ်ကြရာ ယခင်အတိတ်၏ လွှမ်းမိုးမှုကိုချန်လှပ်ထား၍မရ သဖြင့်ဗြိတိသျှ တို့အုပ်ချုပ်မှုအောက် တွင်ကျရောက်ခဲ့သော ကာလများကိုလည်း တို့ကြထိကြပါသည်။ ထိုသို့ဆွေးနွေးကြရာတွင် ကိုလိုနီခေတ်မြန်မာအမျိုးသမီးများ၏ ဘဝအတွေ့ အကြုံနှင့် ပတ်သက်သော သုံးသပ်ချက်မှာ အတော် ရှားပါးသည် ဟုဆိုနိုင်သည်။

အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသောစာအုပ်များတွင်သာမကမြန်မာ ဘာသာဖြင့်ထွက်ရှိခဲ့သော စာအုပ်များတွင်ပင် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍကိုရေးသားကြရာ၌ လွတ်လပ်ရေးကြိုးပမ်းမှုအနေဖြင့် အမျိုးသားများ၏လှုပ်ရှားမှုသည် အဓိကဇာတ်အိမ်ဖြစ်ပြီးအမျိုးသမီးများကိုထိုလွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်သောဇာတ်ရံများနေရာမှ အခြေခံရေးသားထားခြင်းမျိုးဖြစ်ကြသည်။

အမျိုးသမီးများ၏ ပညာရေး၊လူမှုရေးတွင်တိုးတက်လာသော အခန်းကဏ္ဍကိုကောင်းစွာအသိအမှတ်ပြုသည့် တိုင်အောင် ပြောင်းလဲနေသောခေတ်ကို အမျိုးသမီးများကမည်သို့လက်ခံကြပုံ၊ခေတ်ကိုရင်ဘောင်တန်း လျှက်လိုက်ပါပြောင်းလဲကြပုံ၊ ထိုပြောင်းလဲမှုကို ပတ်ဝန်းကျင်ကအပေါင်းလက္ခဏာဖြင့်ဖြစ်စေ၊ အနှုတ် လက္ခဏာဖြင့်ဖြစ်စေ လက်ခံကြပုံ အစရှိသည့်လူမှုရေးစာမျက်နှာများကို စနစ်တကျလေ့လာထားခြင်း နည်းပါးသည်။
ထိုအထဲမှဟောင်းစပြုပြီးဖြစ်သော်လည်းကောင်းနေဆဲ လူသိနည်းနေဆဲဖြစ်သော စာအုပ်တစ်အုပ်ကို လက်လှမ်းမီသလောက်တင်ပြလိုက်ရပါသည်။
မြန်မာ အမျိုးသမီးများနှင့်ပတ်သက်သော ရှားပါးလှသည့် စာအုပ်စာတမ်းများမှ Chie Ikeya ရေးသားခဲ့သော ၂၀၁၁ခုနှစ်တွင်ထွက်ရှိခဲ့သည့် Refiguring Women, Colonialism, and Modernity in Burma မှာယခင် အမျိုးသမီးများအပေါ်သုံးသပ်ချက်နှင့်မတူ တမူခွဲထွက်သွားခဲ့သည်။ ယခင်နိုင်ငံခြားပညာရှင်များစွာတို့၏ ကိုလိုနီခေတ်မြန်မာနိုင်ငံအပေါ်ထားရှိသောမြင်နေကျအမြင်ကိုစိန်ခေါ်ခဲ့သောစာအုပ်တစ်အုပ်လည်းဖြစ်သည်။

ယခင်ကပညာရှင်အချို့၏အဆိုအရ အုပ်ချုပ်သူဗြိတိသျှအစိုးရနှင့်အတူအခြားယူရေးရှားများ၊ မြန်မာစီးပွားရေး တံခါးအပွင့်တွင် ဝင်ရောက်လာသော အိန္ဒ္ဒိယနှင့်တရုတ်များ အပါအဝင်မြန်မာ့စီးပွားရေး နိုင်ငံရေးတွင် အပေါ်စီးနေရာယူထားသော နိုင်ငံခြားသားများကတစ်ဖက် တောသူတောင်သားမြန်မာအမျိုးသား များက တစ်ဖက် အလွှာမှာနှစ်ခြမ်းဟက်တက် စေ့မရ အောင်ကွဲလျှက်ရှိပြီးမြန်မာများသည်ခေတ်ရေစီးတွင် အောက်ကျနောက်ကျကျန်နေခဲ့ရသည်ဟူသောအဆိုကို Ikeya ကလက်မခံခဲ့ပေ။

ထိုကာလတွင်မြန်မာများသည် အနည်းနှင့်အများဆိုသလိုခေတ်ရေစီး၏ အရွေ့ကိုလက်ခံကြရလျှက် ခေတ်နှင့် အမီလိ်ုက်ပြီးပြောင်းလဲ လာကြသည်ဟုစာရေးသူကဆိုသည်။ အထူးသဖြင့် ကုန်သွယ်ရေး ပိုမိုဖွံ့ဖြိုးလာ သည်နှင့်အတူ အမျိုးသမီးတို့၏ ဆင်ယင်ထုံးဖွဲ့မှုခေတ်ဆန် လာခြင်း၊အမျိုးသမီးတို့၏ တွေးခေါ်ပုံအသစ်များ ပေါ်ပေါက်လာခြင်းနှင့်အတူမီးဖိုချောင်ကိုကျော်ပြီး နိုင်ငံရေးအထိခြေဆန့်လာကြခြင်း၊ ကာလပေါ် ကုန်ပစ္စည်းများကိုတောရောမြို့ပါ တမက်တမောသုံးတတ်လာခြင်းတို့ကိုစာရေးသူက ခေတ်နှင့် ရင်ဘောင် တန်းခြင်းဟုသုံးသပ်သည်။

ပြင်ပကမ္ဘာနှင့်ပိုမိုဆက်စပ်လာခဲ့သောခေတ်ကိုဖန်တီးရာတွင် အုပ်ချုပ်သူ ဥရောသားများကသာဖန်တီးပြီး ဒေသခံများကထိုခေတ်၏ အပြုခံများဖြစ်သည်ဆိုသောအယူအဆကိုIkeyaကငြင်းချက်ထုတ်သူဖြစ်သည်။
ဥပမာပညာရေးလောက၊စာနယ်ဇင်းလောကနှင့်ပြည်ရေးပြည်ရာမှအစကိစ္စအဝ၀ကိုထုတ်ဖော်ဆွေးနွေးကြ သော ဓလေ့များ ပေါ်ပေါက်လာခြင်းတွင်ဗြိတိသျှတို့၏ ကမကထပြုမှုများဖြင့်စတင်ခဲ့ကြသော်လည်း ခေတ်ကာလကို ပုံဖော်ကြသူများတွင်ဗြိတိသျှတို့ချည်းမဖြစ်နိုင်ပေ။
ခေတ်မီလာခြင်းModernity ကိုပွေ့ဖက်ကြရာဝယ် မြန်မာအမျိုးသမီးအမျိုးသားတို့သည် ( Agents of modernity)ဖြစ်ခဲ့ခြင်းများကို စာရေးသူက ထိုခေတ်ကထုတ်ဝေခဲ့သော စာနယ်ဇင်းများကိုအခြေခံကာ ရေးသားထားပါသည်။

ကိုလိုနီခေတ် အကြောင်းကိုရေးသားကြသောစာအများစုတွင် မြန်မာတိုင်းရင်းသားတို့၏ အောက်ကျနောက် ကျဖြစ်ပုံကိုသာ ကိုထင်ရှားစေခြင်းက မြန်မာခေတ်သားခေတ်သမီးများ၏ ခေတ်ကိုတည်ဆောက်ပုံအား မှေးမှိန်နေစေသော အချက်ဖြစ်သည်ဟု စာရေးသူကဆိုပါသည်။ ယနေ့ထက် ပိုပြီး Cosmopolitan ခေါ်မျိုးနွယ်စုံလင်ခဲ့သော ဖွံ့ဖြိုးမှုပုံစံတစ်ခုတွင် မြန်မာအမျိုးသား၊အမျိုးသမီးတို့ ကိုယ်တိုင်က ခေတ်ကိုပုံဖော်သူများဖြစ်သည်။ ခေတ်၏အသိုက်အဝိုင်း ( Institutions)ကိုတည်ဆောက်သူများ အဖြစ် စာရေးသူကတင်ပြသွားခဲ့သည်။

အခန်း ၆ ခန်းပါရှိသော ဤစာအုပ်တွင် စာမြည်းအဖြစ်တင်ပြရသော် အခန်း (၁)နှင့် (၂)တို့၌ အင်္ဂလိပ်တို့စတင်အုပ်ချုပ်ခဲ့စဉ် ကာလ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပြင်ပမှ အနောက်တိုင်းဓလေ့များ ဝင်ရောက်လာခြင်းနှင့် အတူအုပ်ချုပ်ရေး၊စီးပွားရေး၊ ပညာရေးစနစ်၊လူမှုရေးစနစ်အပြောင်းအလဲများကို ရေးသားထားသည်။ ယခင်ဘုန်းတော်ကြီးကျောင်းတွင် ပေးသောရိုးရာပညာရေးစနစ်တဖြည်းဖြည်းလူကြိုက်နည်းလာပုံ၊ လူကျောင်း ခေါ် အင်္ဂလိပ်ကျောင်း၊ မြန်မာကျောင်း နှင့်အင်္ဂလိပ်-မြန်မာကျောင်းများက တဖြည်းဖြည်းနေရာ ယူလာပုံ၊ ဖြင့် မြန်မာနိုင်ငံ၏ကိုလိုနီခေတ်ဦး ပညာရေးအပြောင်းအလဲကိုလည်းကောင်း၊ ယခင်သေစာရှင်စာတတ်ရုံ ဟူ၍မိန်းကလေးများကိုသဘော ထားကြရာမှ လူကျောင်းများတွင်မိန်းကလေးများ တစစများပြားလာပုံ၊ သတင်းစာပေါ်ပေါက်လာပြီးနောက် အမျိုးသမီးကော်လံများပေါ်လာပုံ အချက်အလက်များစွာစုဆောင်းလျှက် ဝေဝေဆာဆာတင်ပြထားသည်။

ကိုယ်တိုင်ကအမျိုးသမီးဖြစ်သည့်အပြင် စာအုပ်အမှာတွင်ရေးသားထားသည့်အတိုင်း ဂျပန်အမည်ဖြင့်ဖခင်Osamu Ikeya နှင့် မြန်မာအမည်ဖြင့် မိခင် ဒေါ်မြကေသီတို့မှမွေးဖွားခဲ့သော Ms. Ikeya မှာဘာသာစကား ကျွမ်းကျင်မှုကြောင့်လည်းကိုလိုနီခေတ်တွင်ထွက်ရှိခဲ့သော မြန်မာစာနယ်ဇင်းများကို အခြေခံကာ ပြောင်းလဲလာသောခေတ်ထဲမှာပြောင်းလဲနေသော မြန်မာအမျိုးသမီးတို့၏ အကြောင်းကိုရေး သားနိုင်ခဲ့ခြင်းဖြစ်မည်ဟုယူဆရသည်။

အောက်ဖော်ပြပါ စာအုပ်အဖွင့်အခန်းတွင် မြန်မာနိုင်ငံတွင်သုတေသနဆောင်ရွက်ရန် မလွယ်ကူပုံကိုဖော်ပြသွား သည်။ သူ၏ခက်ခဲသောသုတေသနမှ ရလဒ်အဖြစ်တိုးတက်လာသည့် မြန်မာအမျိုးသမီး၏ခေတ်မီခြင်း- ခေတ်ဆန်ခြင်း နှင့်ပတ်သက်သောအတွေးအမြင်များနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက၄င်းတို့၏ခေတ်မီခြင်းကို အကောင်း အဆိုးဝေဖန်ကြခြင်းကြောင့် လူကြီးနှင့်လူငယ်ကြား၊တောနှင့်မြို့ကြား၊အသစ်နှင့်အဟောင်းတို့ကြား ဖြစ်ပေါ်ခဲ့သော ယဉ်ကျေးမှုရန်ပွဲကလေးများလည်းစိတ်ဝင်စားဖွယ်ပါဝင်သည်။

ဥပမာ-အမျိုးသမီးတို့၏ ဖက်ရှင်ကို ခေတ်၏ပြယုသ်တစ်ခုအဖြစ် စာရေးသူကသုံးသပ်ထားခဲ့ပြီး ထိုဖက်ရှင်ကိုပတ်ဝန်းကျင်က တုံ့ပြန်ကြရာတွင်အင်းကျီပါးနှင့်အမောက်ကိုပင် ဘိုအနံ့အသက်မကင်းသော၊ အနောက်၏ လွှမ်းမိုးမှုပါသော၊ အမျိုးကိုမချစ်သောဖက်ရှင်များအဖြစ် တုံ့ပြန်ခဲ့သူများရှိခဲ့သလို အမျိုးသမီးများ၏တန်း တူအခွင့်အရေးဟူ သောဆွေးနွေးချက်များ လည်း စတင်ပေါ်ပေါက်လာ သောကာလဖြစ်ရာ ဆံပင်အမောက်ထားရေးမထားရေးသည်ပင် Public Sphereခေါ် ခေတ်ပြိုင်တို့၏ အများဖတ်သည့် မီဒီယာစာမျက်နှာပေါ် တင်ကာအကြီးအကျယ် ဆွေးနွေး လာခဲ့သည့် ကိစ္စတစ်ခုဖြစ် နေခဲ့ကြောင်းတွေ့ရသည်။
စာအုပ်၏အဖွင့်နှင့်အပိတ်တွင်မြန်မာများ၏ ပြင်ပယဉ်ကျေးမှု ဝင်ရောက်လာခြင်းကိုတုံ့ပြန်ကြရာတွင် ပဋိပက္ခဆန်ဆန်တိုးတိုက်မှုများရှိသလို ညင်သာစွာလက်ခံမှု များလည်းရှိခဲ့သည်ကိုဂျာနယ်ကျော် မမလေး၏နာမည်ကျော်ဝတ္ထုနှစ်အုပ်ဖြစ်သော မုန်းရွေ့မဟူနှင့်သွေး တို့၏ခြားနားပုံများဖြင့်တင်ပြသွားခဲ့သည်။

ထိုကာလတွင်ပင်ခေတ်ရေစီးကိုတော်လှန်သူ၊ခေတ်ကို လိ်ုက်လျောသူ၊ခေတ်၏ပြောင်း လဲခြင်းရေစီးဖြင့်တိုးတက်လိုသူစ သည့် အမျိုးသမီးများ၏ ပုံရိပ်များသည် ယနေ့အချိန်အထိပင် ရှင်သန်နေသည့်နှယ်။လွှမ်းမိုးနေသည့်နှယ်။ တနည်းအားဖြင့် ဤစာအုပ်မှာ မြန်မာနိုင်ငံ၏ Feminism ခေါ်အမျိုးသမီးများအင်အားရှိရေးဝါဒ ခေါင်းထောင်လာသည့်အချိန်ကို ခြယ်မှုန်းထားခြင်းဖြစ်ရာ ထိုခေတ်၏ကောင်းမွေဆိုးမွေကိုသုံးသပ်လိုသူတို့အတွက် လက်မလွှတ်ရမည့်စာအုပ်တစ်အုပ်လည်းဖြစ်သည်။

ကိုလိုနီခေတ်၏ နယ်ချဲ့ကိုမုန်းတီးခြင်းနှင့်အတူ နိုင်ငံခြားသားနှင့်ဆက်ဆံသော အမျိုးသမီးများအပေါ်အသိုင်း အဝိုင်းက စက်ဆုပ်ရွံရှာပုံများနှင့်အတူ အင်းကျီပါးဝတ်သောလုံမပျိုကိုနောင်ကျဉ်စေရန် အင်းကျီကိုဓါး ဖြင့်ခွဲကြသောရဟန်း ပျိုများ၏ အကြောင်းကိုဖတ်ရသောအခါ တက်ခေတ်သမီးများလွတ်လပ်လိုပုံနှင့် လောကီရေးရာတွင်သြဇာလွှမ်းမိုး လိုသောရဟန်းများကြောင့်ဖြစ်ရသော ပဋိပက္ခမှာထိုစဉ်ကပင် အတော်ပြင်းထန်ခဲ့လျှက် ထိုခေတ်နှင့်ယခုကာလထူးမခြားနားပုံကို စာဖတ်သူတို့သိရှိနိုင်ကြမည်။

မြန်မာလူ့အဖွဲ့အစည်း၏ ပဋိပက္ခတစ်ခုပုံစံမပြောင်းဘဲ ရာစုတစ်ခုနီးပါးတည်ရှိနေသည်ကို စိတ်ပျက် လက်ပျက်ပြုံးကောင်း လည်းပြုံးကြလိမ့်မည်။ မူလစာရေးသူ၏အမှာတွင်ပါရှိသော သုတေသန အတွေ့အကြုံကိုဆက်လက်ဖတ် ရှုကြပါစို့။

“ကျွန်မ ၂၀ဝ၂ခုနှစ်လောက်မှာ မြန်မာပြည်နဲ့ပတ်သက်တဲ့သုတေသနကိုစခဲ့တဲ့အချိန်တုန်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းကာလ ဂျပန်လက်အောက်ကျရောက်ခဲ့တဲ့ ခေတ်ကိုလေ့လာဖို့ရည်ရွယ်ခဲ့တယ်။ အဲဒီကာလမှာအနောက်နိ်ုင်ငံ တစ်ခု မဟုတ်ဘဲ ဂျပန်ပြည်က ခေတ်မီ တိုးတက်လာတာ၊အာရှရဲ့ဘုရင့်အာဏာ စက်တစ်ခု ကျယ်ပြန့်လာတာကို မြန်မာပြည်ကလူတွေအနေနဲ့ ဘယ်ပုံဘယ်နည်း အမျိုးမျိုးရှုမြင် ခဲ့ကြတယ်ဆိုတာ ကိုသုတေသနပြုဖို့ စဉ်းစားခဲ့တယ်။ သုတေသနမှာဖြစ်တတ်တဲ့ထုံးစံတစ်ခုအတိုင်း နောက်တော့ ကျွန်မဟာ ရည်ရွယ်တဲ့ အကြောင်းအရာကိုဆက်မလုပ်ဖြစ်ပဲ အခြားအကြောင်းအရာတစ်ခု ကိုရွေးချယ်မိရက်သားဖြစ်ခဲ့တယ်။

ဂျပန်တွေမြန်မာနိုင်ငံကိုသိမ်းစဉ်က ဖြစ်ပျက်ခဲ့တဲ့အချက်အလက်တွေအတော်များများကိုစုဆောင်းထားတဲ့ တပ်မတော်စစ်သမိုင်းပြတိုက်နဲ့ရှေးဟောင်းသုတေသနဌာနကိုလေ့လာခွင့်ရဖို့ စောင့်ဆိုင်းနေရတုန်းမှာပဲ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှာသိမ်းထားတဲ့ ၁၉၁၀ကနေ ၁၉၄၈ခုနှစ်အထိ မြန်မာပြည်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ အင်္ဂလိပ်စာနယ်ဇင်းတွေ၊ မြန်မာစာနယ်ဇင်းတွေကိုလှန် လှောကြည့်မိပါ တယ်စာစောင် တွေထဲကခေတ်ရဲ့ သမီးပျိုမြန်မာအမျိုးသမီးတွေရဲ့ ရုပ်ပုံတွေ၊ သူတို့အကြောင်းရေးသားထားတာတွေဟာ မျက်နှာမလွှဲနိုင်အောင်ပါပဲ။

အဲဒါတွေကိုမြင်လိုက်တဲ့အခိုက်မှာကျွန်မမှာမေးခွန်းတွေအများကြီးပေါ်လာပါတယ်။ အထူးသဖြင့် ဗြိတိသျှတွေအုပ်ချုပ်ခဲ့တဲ့ခေတ်ကြီးထဲမှာဒီလောက်အရေးကြီးတဲ့အကြောင်းအရာတစ်ခုဟာ ဘာလို့ သမိုင်းပညာရှင်တွေ သတိတရ မလေ့လာဖြစ်သေးဘဲကျန်နေရတာလဲဆိုတာပါ။ ဒီမေးခွန်းရဲ့နောက်မှာတော့ ကိုလိုနီခေတ်ရဲ့ခေတ်မီ ဆန်းသစ်မှုတွေနဲ့ခေတ်ရဲ့လူသားတွေဘယ်လိုအပြန်အလှန်ဆက်ဆံကြတယ် ဆိုတာကို ဆက်တွေးမိပြန် ပါတယ်။

၂၀ ရာစုအစောပိုင်း မှ တရစပ်ပြောင်းလဲနေတဲ့ ဗြိတိသျှကိုလိုနီလက်အောက်က မြန်မာလူ့အဖွဲ့အစည်း၊ ပညာရေး၊ စာတတ်အောင်သင်ယူပုံဓလေ့၊ အရောင်းအဝယ်ဈေးကွက် အစရှိသဖြင့်အခြေအနေတွေဟာ အမျိုးသမီးတွေ ရဲ့ဘဝကိုဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာရယ် အမျိုးသမီးတွေအပေါ် သူ့အသိုင်း အဝိုင်းကပြောင်းလဲလာ တဲ့အမြင် စတာတွေကိုသိချင်လာခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်မရဲ့မြန်မာပြည်လေ့လာရေးခရီးစဉ်ကာလ ကို ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်ထဲမှာပဲ ကိုလိုနီခေတ်စာနယ်ဇင်းတွေကိုဖတ်ရှုရင်းကုန်ဆုံးခဲ့ပါတော့တယ်။ ဒီအချိန်ဟာ သုတေသီတစ်ယောက်အနေနဲ့ အမှန်ကန်ဆုံးရွေးချယ်မှုတစ်ခုကိုကျွန်မလုပ်ဖြစ်ခဲ့တဲ့အချိန်ပါပဲ။

တပ်မတော်စစ်သမိုင်းပြတိုက်နဲ့ရှေးဟောင်းသုတေသနဌာနကို ကျွန်မကိုစာရွက်စာတမ်းများလေ့လာ ခွင့်ရဖို့ အစိုးရဆီကအကြောင်းပြန်စာကိုကျွန်မလုံးဝမရခဲ့တဲ့အတွက်ကြောင့်ဆိုတာထက်စာရင်အခြားပညာ ရှင်များမလေ့လာရသေးတဲ့ မြန်မာဘာသာနဲ့ထုတ်ဝေထားတဲ့ စာစောင်အမျိုးမျိုးကိုကျွန်မအာရုံကျသွားခဲ့ တာကြောင့်ပဲဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ကိုလိုနီခေတ်ကို လေ့လာခဲ့တဲ့ ယခင်ပြည်ပမှာထုတ်ဝေခဲ့တဲ့ သုတေသနများဟာ အများအားဖြင့်အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်စာပေများကိုပဲ အဓိကကိုးကားကြရပါတယ်။ ဂရိတ်ဗြိတိန် မှာရှိတဲ့စာကြည့်တိုက်တွေ – အထူးသဖြင့် ဗြိတိသျှစာကြည့်တိုက် မော်ကွန်းတိုက်ကြီးတွေမှာ စနစ်တကျစုဆောင်းသိမ်းဆည်းထားကြတဲ့အတွက်လည်း ကိုးကားဖို့ရာအဆင်ပြေပါတယ်။

မြန်မာနိုင်ငံပြင်ပမှာရှိတဲ့ စာအုပ်စာတမ်းတွေကိုပဲကိုးကားပြီး သုတေသသနလုပ်နိုင်ကြတာကလည်း မြန်မာလိုရေးသားထားတဲ့ စာအုပ်စာတမ်းအများဆုံးရှိရာမြန်မာနိုင်ငံမှာ သုတေသနလုပ်ဖို့ဆိုတာက တော်တော်ကရိကထများတာလည်းပါပါတယ်။ မြန်မာနိုင်ငံစစ်အစိုးဟာ သုတေသနလုပ်လို့ အဆင်မပြေအောင် ခက်ခဲကြပ်တည်းမှုဖန်တီးထားပါတယ်။

၁၉၆၂ခုနှစ်မှာ အာဏာသိမ်းပြီးတိုင်းပြည်ကိုအုပ်ချုပ်လာတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီအစိုးရအပါအဝင်အစိုးရအစဉ်အဆက်ဟာ ပြည်တွင်းပြည်ပကသုတေသသီတွေ မြန်မာနိုင်ငံကိုလေ့လာကြတဲ့အခါ မျက်စိဒေါင့်ထောက်ကြည့်လေ့ရှိပါ တယ်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းအကြောင်းအရာတွေ ကိုလေ့လာဖို့ဆိုရင်ပိုတောင်ခက်ခဲပါ သေး တယ်။
သမိုင်းဆိုင်ရာ အချက်အလက်တွေစုဆောင်းထားတဲ့ဌာန တွေဟာ ဝန်ကြီးဌာနတွေရဲ့ လက်အောက် မှာပဲရှိနေတာကြောင့် ဒါတွေကိုကြည့်ခွင့်ရဖို့စာရေးလျှောက်ထားကြတဲ့ ပညာရှင်တွေဟာ ရစ်ချင်သလိုရစ်တဲ့ ကြိုးနီစနစ်နဲဲ့ဗြူရိုကရေစီ အဟန့်အတားအမျိုးမျိုးကို မလွှဲမရှောင်သာ ရင်ဆိုင်ကြရပါတယ်။ အစိုးရဟာသုတေသီတွေကိုခွင့်ပြုခဲလှတယ်။အချို့လျှောက်လွှာတွေဆိုရင် ဝန်ကြီးဌာနက အကြောင်း ပြန်တာကိုလုံးဝပြန်မကြားခဲ့ကြရပါဘူး။

ကံကောင်းထောက်မလို့ အစိုးရကလက်ခံပြီး သုတေသန လုပ်ခွင့်ပေးလိုက်တဲ့ပညာရှင်အချို့ကတော့ ပရိသတ်အကြိုက် ခေတ်ကိုထင်ဟပ်တဲ့ သတင်းစာ၊မဂ္ဂဇင်း ၊ကာတွန်းနဲ့ ကြော်ငြာတွေကိုတွေ့ခွင့်ရကြတယ်။ စာကြည့်တိုက်မှုးတွေဟာ စာကြည့်တိုက်တွေ အပေါ်စေတနာရှိပေမယ့် သိပ်နှမြောစရာကောင်းတာကတော့ ဒါတွေကို လေပေးပေးစက်တပ်ဆင်တဲ့ အခန်းတွေမှာထည့်ပြီး စနစ်တကျသိမ်းဆည်းထားတာမျိုးမဟုတ်သလို မိုက်ကရိုဖလင်နဲ့ရိုက်ပြီးတော့ လည်းထိန်းသိမ်းမထား နိုင်သေးဘူး။ စာရွက်စာတမ်းတွေဟာ ဆုတ်ဖြဲခံထားရတဲ့အပိုင်းတွေရှိသလို ပျောက်နေတဲ့ကတ်တလောက်တွေလည်းရှိတယ်။ အစရှာမရနိုင်အောင်ပျက်စီးနေတဲ့အပိုင်းတွေလည်းရှိပြီး မြန်မြန်ကုန်သွားမှာလည်း သေချာသလောက်ပဲ။ ကျွန်မရဲ့သုတေသနထဲမှာဖော်ပြထားတဲ့ စာအုပ်စာတမ်း အတော်များများကိုတော့စာကြည့်တိုက်ပြင်ပ က စာအုပ်အဟောင်းဆိုင်နဲ့၊ စာအုပ်စုဆောင်းသူတွေရဲ့လက်ထဲ မှာတွေ့နိုင်ဖွယ်ရာရှိပါတယ်။

ဒီလိုအခက်အခဲတွေကြောင့် မြန်မာပြည်အကြောင်းကိုသုတေသနလုပ်ရ တဲ့အခါ အတိတ်သမိုင်း အပိုင်းပိုင်း အစစဖြစ်နေတာခြေရာပြန်ကောက်ရတာမျိုးပါ။ အချက်အလက်ရဖို့ နေရာအများကြီးကိုသိဖို့ လိုအပ်သလို ဟိုတစဒီတစ အဖြစ်အပျက်တွေကို အထာက်အထားရှာပြီးဆက်စပ်ကြရပါတယ်။ ဒါကြောင့်လည်း ကိုလိုနီခေတ်မြန်မာပြည်ကိုလေ့လာကြတဲ့ ပညာရှင်အများစုဟာ မြန်မာနိုင်ငံပြင်ပမှာ စနစ်တကျ စုဆောင်းပြီးသား ရှိနေတဲ့၊အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်စာတမ်းတွေနဲ့ မြန်မာပြည်ကိုရောက်ခဲ့ကြတဲ့ သာသနာပြုများ၊ ဗြိတိသျှအစိုးရရဲ့ အစီရင်ခံစာများကိုသာ အားပြုရေးသားကြရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကိုသုံးသပ်မှုတော်များများဟာ မြန်မာနိုင်ငံက သူပုန်ထမှုများ၊ သာသနာပြုလုပ်ငန်းများနဲ့ ကိုလိုနီလက်အောက်ကလွတ်မြောက်အောင်ကြိုးပမ်းမှုများကို ဥရောပသားများနဲ့ အမေရိကန်များရဲ့ရှုထောင့်က ရေးထားတာတွေကိုသာ ထင်ဟပ်နေတာဟာအံ့သြစရာတော့မရှိလှပါဘူး။”

ဤစာအုပ်တွင်စာရေးသူသည်သုတေသနလုပ်ထုံးများတွင် သမိုင်းကိုလေ့လာသည့် လုပ်ထုံးများအပြင် မီဒီယာကိုလူ့အဖွဲ့အစည်း ကိုထင်ဟပ်သည့်ကြေးမုံတစ်ချပ်အဖြစ်လေ့လာရာ တွင်တွင်တွင်ကျယ်ကျယ် သုံးလေ့ရှိသောContent Analysis ခေါ် စာနယ်ဇင်းရေးသားမှုများ၊ရုပ်ပုံများကိုအသုံးပြုကာ ခေတ်ကို ထိထိမိမိဆန်းစစ်ထားသောကြောင့် တစ်အုပ်လုံးမဖြစ်မနေသိမ်းကြုံးဘာသာပြန်သင့်သော စာအုပ်ကောင်း တစ်ခုပေ။

သို့သော် မြန်မာအမျိုးသမီးများ ၏ခေတ်အလိုက်လွတ်လပ်မှု၊တိုးတက်မှုကိုချီးကျူးမှုများသည် အမှန်ကိုထင် ဟပ်သင့် သလောက်ထင်ဟပ်သော်လည်း အမျိူးသမီးများအခန်းကဏ္ဍကို ခေတ်ကိုရှေ့ဆောင်သူ agent of modernity ဟူသောရှုထောင့်မှကဲ၍သုံးသပ်သွားသည့်အတွက် မြန်မာတို့၏ အမျိုးသားကြီးစိုးသောနိုင်ငံရေး၊ လူမှုရေး၊စီးပွားရေးနယ်ပယ်တွင်မြန်မာအမျိုးသမီးများမှာ သြဇာအာဏာအတော်အတန်ရှိ သည်ဟုယူဆ စရာဖြစ်သည်။

ကိုလိုနီခေတ်နိုင်ငံခြားသားများက မြန်မာအမျိုးသမီး များအပေါ်အပြင်ပန်းကြည့်ကာ အတော်အတန်လွတ်လပ် မှုရှိပါပေသည်ဟု သုံးသပ်သွားသော လေ့လာချက်များကို အားကိုးခြင်းကြောင့် တကယ့်အရှိတွင်ဖြစ်ပျက်နေ သော ကိုယ့်ဝမ်းနာကိုယ်သာသိနိုင်သော အထိန်းချုပ်ခံ အမျိုးသမီးများ၏အသံကိုမဟပ်မိခြင်းစာအုပ်၏ သေးငယ်သော ချို့ယွင်းချက်ဖြစ်သည်။ မြန်မာလူ့ဘောင်တွင် အရွယ်စုံအမျိုးသမီးများရင်ဆိုင်ရသော ခြေချုပ်လက်ချုပ်မိစေသည့်ကြိုးကလေးများမှာလည်းညင်သာလွန်းသောကြောင့်နိုင်ငံခြားသား သုတေသီများအနေဖြင့် မြင်နိုင်ရန်လည်းခက်ခဲနိုင်သေးသည်။မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ လက်ရှိအမျိုး သမီးများလှုပ်ရှားမှုဖွံ့ဖြိုးလာသည့် ကာလအတွက် အသုံးဝင်မည့် အချက်အလက်များဖြင့်ပြည့်နှက် နေသောစာအုပ်တစ်အုပ်ပင်။

Leave a Reply