မော်လမြိုင် အောက်တိုဘာ

ကုန်စည်ပစ္စည်း ၉ မျိုး၏ သုံးစွဲပုံနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဟု စားသုံးသူကာကွယ်ရေးဗဟိုကော်မတီက အောက်တိုဘာလ ၂၆ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။

စားသုံးသူကာကွယ်ရေးဥပဒေအရ အမိန့်ထုတ်ပြန်ခြင်းဖြစ်ပြီး ၆ လပြည့်လျှင် အရေးယူမှုများစတင်မည်ဟု မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်မှူး ဦးခင်အောင်သွင်ကပြောသည်။

“ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေသာ မြန်မာလိုပါပေမယ့် နိုင်ငံခြားကနေ တင်သွင်းတဲ့ ပစ္စည်းတွေမှာ မြန်မာလို ဖော်ပြထားတာမပါဘူး။ အင်္ဂလိပ်စာ မတတ်တဲ့သူတွေကျတော့ ရှောင်ရ၊ ဆောင်ရမယ့် အချက်တွေ မသိတော့ ဘေးထွက်ဆိုးကျိုးတွေများတယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ အမိန့််ထုတ်ပြန်လိုက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များမှာ မြန်မာလိုဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဈေးကွက်ဖြန့်ချိခွင့်ရမည်ဖြစ်၍ တရားဝင်တင်သွင်းသော ကုန်ပစ္စည်းနှင့် မှောင်ခိုကုန်ပစ္စည်းများကိုပါ ခွဲခြားနိုင်တော့မည်ဟု ဦးခင်အောင်သွင်ကဆက်ပြောသည်။

“တရားမဝင်တင်သွင်းတဲ့ ကုန်စည်တွေအပေါ် ထိန်းချုပ်လိုက်တဲ့ အနေအထားမျိုးဖြစ်တော့ နိုင်ငံတော်လည်း အခွန်အခတွေ မနစ်နာတော့ဘူးပေါ့” ဟု ၎င်းကပြောသည်။

အဆိုပါကုန်စည် ၉ မျိုးမှာ အစားအသောက်မျိုးစုံ၊ အိမ်သုံးပစ္စည်း၊ ကလေးအသုံးအဆောင်ပစ္စည်း၊ ဆက်သွယ်ရေးသုံးပစ္စည်း၊ ဆေးဝါးနှင့်ဖြည့်စွက်စာ၊ ဓါတုဗေဒပစ္စည်း၊ အလှကုန်၊ သွားတိုက်ဆေး ဆပ်ပြာစသည့်လူသုံးကုန်များ၊ စိုက်ပျိုးရေးနှင့် ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းများ ဖြစ်ကြောင်း အမိန့််ကြော်ငြာစာတွင် ပါရှိသည်။

သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုးများ ဟူသော အချက် ၄ ချက်ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဟု အမိန့်ထုတ်ပြန်ထားသည်။

အမိန့်ထုတ်ပြန်လိုက်သည့် ယနေ့မှစ၍ ၆ လကြာ အချိန်ပေးမည်ဖြစ်ပြီး လိုက်နာမှုမရှိသည့် လုပ်ငန်းရှင်များကို စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၉ အရ အပြင်းထန်ဆုံး အရေးယူမှုအနေဖြင့် လုပ်ငန်းလိုင်စင် အမြဲတမ်းပိတ်သိမ်းခြင်းအထိ ဆောင်ရွက်နိုင်ကြောင်း ဦးခင်အောင်သွင်ကဆိုသည်။

စန္ဒာဉာဏ်

Leave a Reply