ဦးကြည်စိုး (မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်)

ဖြေကြားသူ။ ။ ဦးကြည်စိုး (မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်)

အခုမှသာ ဟင်းတစ်မည်လျော့စားဖို့ ပြောတယ်။ ထမင်းတစ်နပ်လျော့စားဖို့ လွန်ခဲ့တဲ့ လက်ထက်က ပြောခဲ့တာတောင် ဘာမှမဖြစ်လာဘူး။ အခုမွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံပြောခဲ့တဲ့ ဟင်းတစ်မည်လျော့စားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ထင်တယ်။ လျော့စားမယ်ဆိုရင်လည်း ကုန်ဈေးနှုန်းကျမယ်လို့မမြင်ဘူး။ ဘာဖြစ်လို့မမြင်လဲဆိုရင် စီးပွားစနစ်တစ်ခုကို ပြုပြင်ပြောင်းလဲနိုင်မှ ကုန်ဈေးနှုန်းကို ပြောင်းလဲနိုင်မှာဖြစ်တယ်။

စီးပွားရေးစနစ်ပြောင်းလဲဖို့ဆိုတာက စီးပွားရေးနဲ့ ပတ်သက်တဲ့ အပိုင်းတွေကို နိုင်ငံတော်ကနေ စီမံခန့်ခွဲမှုလိုအပ်တယ်။ ကုန်းဈေးနှုန်းကျဆင်းဖို့ဆိုရင်က ပြောရရင်နည်းနည်းတော့များတယ်။ အခုကိုယ့်ပြည်နယ်မှာဆိုရင် လမ်းပန်းဆက်သွယ်ရေးအပိုင်းကတော့ အဆင်ပြေနေပြီး ကုန်ဈေးနှုန်းကျချင်ရင်တော့ စိုက်ပျိုးမွေးမြူရေးအပိုင်းတွေ ချေးငွေပိုင်းတွေမှာ အခက်အခဲရှိတဲ့ စိုက်ပျိုးမွေးမြူရေးသမားတွေကို အကူညီအထောက်အပံ့ပေးနိုင်မယ်ဆိုရင် ကုန်ဈေးနှုန်းကျမယ်။ နောက်တစ်ခုက နည်းပညာ၊ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ စီစဉ်ဆောင်ရွက်ပေးနိုင်ရင် ကုန်ဈေးနှုန်းကျမယ်။ အဲဒီလိုလုပ်ဆောင်ပေးနိုင်မယ်ဆိုရင် စိုက်ပျိုးမွေးမြူရေးမှာ အထွက်နှုန်းတွေကောင်းလာမယ်ဆိုရင် ကုန်ဈေးနှုန်းတွေကျလာမယ်လို့မြင်တယ်။

နောက်တစ်ခုက လိုအပ်ချက်အရ နိုင်ငံခြားကို ပိုလျှံလိုပို့တာဆိုရင် ကုန်ဈေးနှုန်းကို မထိခိုက်နိုင်ဘူး။ ဝယ်လိုအားနဲ့ ရောင်းလိုအားမျှတရင်တော့ မဖြစ်ဘူး။ ကုန်ဈေးနှုန်းမတက်ဘူး။ ဒါမှမဟုတ်ဘဲ ပြည်တွင်းက ထွက်ကုန်တွေကို နိုင်ငံခြားကိုပဲ ပို့နေမယ်ဆိုရင် ပြည်တွင်းဈေးကွက်က မဖူလုံဘူးဆိုရင် ကုန်ဈေးနှုန်းက တက်မှာပဲ။

 

 

ဦးသိန်းလှိုင်( မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မွန်ပြည်နယ် ဥက္ကဋ္ဌ)

ဖြေကြားသူ ။ ။ ဦးသိန်းလှိုင်( မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မွန်ပြည်နယ် ဥက္ကဋ္ဌ)

ဝန်ကြီးချုပ်ပြောသွားတာက သူ့အပိုင်း သူ့အမြင်လေးကို ပြောသွားတာပေါ့ဗျာ။ သူ့အမြင်ဆိုတဲ့ နေရာကလည်း သူ့ရဲ့ရည်ရွယ်ချက်လေးက ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် နားထောင်ရတဲ့ လူတွေအတွက်တော့ တစ်မျိုးဖြစ်ပါလိမ့်မယ်။ ကောင်းတယ်ဆိုတဲ့အပိုင်းကတော့ သူ့လည်းတိုင်းပြည်အတွက် လုပ်နေတဲ့ဝန်ကြီးတစ်ယောက်ပါပဲ။
ဒါပေမဲ့လည်း ရှေ့မှာတွေလည်း ဒီလိုမျိုးစကားတွေကပြောထားဖူးတာရှိတော့ ယှဉ်ပြီးကြည့်တာဖြစ်လိမ့်မယ်။ ကုန်ဈေးနှုန်းကျဆင်းဖို့ကို အခြားအကြောင်းအရာလေတွေနဲ့ ထောက်ပြပြောဆိုသွားလို့ရပါတယ်။ယေဘူယျ လောက်တော့ ဖြစ်မှာပါ။ တကယ်ကုန်ဈေးနှုန်းကျချင်ရင်တော့ ဟင်းတစ်ခွက်လျော့စားရုံနဲ့ မရနိုင်ပါဘူး။ ဘက်စုံကနေ ကြိုးစားရပါဦးမယ်။

ဥပမာပေါ့ ဒီနေ့ခေတ် ဖုန်းတွေတအားပေါများလာတယ်။ ဖုန်းတွေတအားအသုံးပြုလာကြတယ်။ နေ့စဉ်နဲ့အမျှဖုန်းတွေမလိုအပ်ဘဲ ပြောနေကြတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်တွေမှာ အချိန်တွေအကုန်ခံနေကြတယ်။ ဒီလိုအချိန်ကုန်ခံခြင်းအားဖြင့် ပြည်သူလူထုတွေဟာ သူတို့ကိုယ်သူတို့ ငွေကုန်ကြေးကျခံရတယ်ဆိုတာ မသိကြဘူးဗျ။ ဒါလေးတွေကို လျော့သုံးသွားမယ်ဆိုရင်လည်း ကုန်ဈေးနှုန်းတွေကျလာနိုင်တဲ့ အကြောင်းရင်းတွေထဲပါပါတယ်။

ကုန်ဈေးနှုန်းကျဆင်းဖို့အတွက် ဘယ်လို ချိုးခြံချွေတာရမလဲဆိုတာ အခြားအချို့ချို့သောနိုင်ငံတွေမှာ ဘယ်လိုတွေလုပ်နေလဲဆိုတဲ့ နမူနာလေးတွေရှိပါတယ်။ မြန်မာပြည်မှမဟုတ်ဘူး။ ကမ္ဘာတစ်ဝှမ်းမှာ ကုန်ဈေးနှုန်းတွေမြင့်တက်နေတဲ့ အကြောင်းအရာတွေရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ကိုယ့်လူမျိုးကိုယ့်ဘာသာရဲ့ ယဉ်ကျေးမှုအရ အခြေအနေလေးတွေ စဉ်းစားသုံးသပ်ပြီး ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လုပ်ဆောင်သွားမယ်ဆိုရင် တစ်ချိန်ချိန်မှာတော့ အဆင်ပြေသွားနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။

 

ဦးညိုမင်း (မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းရှင်အဖွဲ့ချုပ် အတွင်းရေးမှူး)

ဖြေကြားသူ။ ။ ဦးညိုမင်း (မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းရှင်အဖွဲ့ချုပ် အတွင်းရေးမှူး)
ဝန်ကြီးချုပ်အနေနဲ့က လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ဆိုတာ ဒီမိုကရေစီရဲ့ မူပဲဖြစ်တယ်။ လူကြီးတစ်ယောက်အနေနဲ့ ပြောလိုက်တဲ့စကားပေါ့။ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ရည်ညွှန်းပြီးပြောတယ်လို့တော့ ကျွန်တော်သိတယ်။ သို့သော်လည်းပဲ ဟင်းတစ်မည်လျော့စားလိုက်ရုံနဲ့ ကုန်ဈေးနှုန်းမကျနိုင်ဘူး။ ဒီကနေ့ တစ်ကမ္ဘာလုံးကုန်ဈေးနှုန်းတက်နေတဲ့ အချိန်မှာ ကျွန်တော်ဟင်းတစ်မည်လျော့စားရုံနဲ့ ကုန်ဈေးနှုန်းမကျနိုင်ဘူး။

ကုန်ဈေးနှုန်းကျဖို့အတွက် အဓိကတော့ စီးပွားရေးပညာရှင်တွေနဲ့ လက်ရှိမြေပြင်မှာ စီးပွားရေးလုပ်နေတဲ့ စီးပွားသမားတွေ စီးပွားရေးပညာရှင်တွေနဲ့ နိုင်ငံတော်ရဲ့ပံ့ပိုးကူညီမှုနဲ့ နိုင်ငံခြားစီးပွားရေးပညာရှင်တွေ အဲလိုတွေ သုံးဘက်သုံးတန်ကပေါင်းပြီးတော့ သေချာဖွဲ့စည်းတည်ဆောက်မှုတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ဆွဲပြီးတော့မှ ကျွန်တော်တို့ဘယ်လိုသွားမယ်ဆိုတဲ့ရေရှည်စီမံကိန်းဆွဲရမှာဗျ။

ကြုံရာကွေ့ကို ကြုံရာတက်နဲ့လှော်ပြီးသွားမယ်ဆိုရင်တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ စီးပွားရေးတည်ငြိမ်မှ ကုန်ဈေးနှုန်းကိုညှိလို့ရမှာဖြစ်တဲ့အတွက် စီးပွားရေးတည်ငြိမ်အောင် ဘယ်တည်ဆောက်မယ်ဆိုတာ တည်ဆောက်မှုတစ်ခုကို ပိုင်ပိုင်နိုင်နိုင် မဆွဲနိုင်သေးသရွေ့ကတော့ ကျွန်တော်တို့လိုချင်တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူး။

 

ဦးသန်းဇော် (မြန်မာနိုင်ငံအမျိုးသားအင်အားစုများအသင်း၊ မွန်ပြည်နယ် ဥက္ကဋ္ဌ)

ဖြေကြားသူ ။ ။ ဦးသန်းဇော် (မြန်မာနိုင်ငံအမျိုးသားအင်အားစုများအသင်း၊ မွန်ပြည်နယ် ဥက္ကဋ္ဌ)
ဟင်းတစ်မည်လျော့စားရုံနဲ့ ကုန်ဈေးနှုန်းကျဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ဒါကတော့ အားလုံးလည်း သိပါတယ်။ ကုန်ဈေးနှုန်းကျဖို့ ဝန်ကြီးချုပ်ပြောတာလောက်နဲ့ ဟင်းတစ်မည်လျော့စားမှ ကုန်ဈေးနှုန်းကျမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

ကုန်ဈေးနှုန်းတွေကျဖို့အတွက်တော့ ကိုယ်တို့နိုင်ငံမှာ ပြည်တွင်းထုတ်ကုန်တိုးတက်ရေးနဲ့ ငွေကြေးတည်ငြိမ် ရေးက အဓိကထားဖို့လိုအပ်တယ်လို့မြင်တယ်။ ပြည်တွင်းထုတ်ကုန်တိုးတက်ရေး ဆိုတာကလည်း ကိုယ်တို့ နိုင်ငံက လယ်ယာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကထားတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီမှာမှ အပိုင်းသုံးပိုင်းထပ်ရှိသေးတယ်။ လယ်ယာကဏ္ဍစိုက်ပျိုးတိုးတက်ရေး၊ သားငါးထုတ်ကုန် မွေးမြူတိုးတက်ရေးနဲ့ စက်မှုထုတ်ကုန်တိုးတက်ရေးဆိုပြီးရှိတယ်။

အဓိက ကိုယ်တို့နိုင်ငံမှာ ဒီသုံးခုလုံး အားနည်းနေတာ လက်ရှိဒီကဏ္ဍတွေမှာ လက်တွေ့စိုက်ပျိုးမွေးမြူရေးလုပ်ကိုင် နေတာဆိုတော့ ဒါတွေသွားတွေ့နေရတာပေါ့။ အခုဟာက ပြည်ပကိုပဲအားကိုးပြီးတော့ ဒို့နိုင်ငံဟာ ပြီးခဲ့တဲ့လကဆိုရင် ကြက်သွန်တွေ ဆားတွေနဲ့ နောက်ပြီးအသားတွေဝင်တယ်။ အခြေခံဖြစ်တဲ့စားသောက်ကုန်ပစ္စည်းတွေကအစ တခြားနိုင်ငံတွေကပဲသွင်းနေတယ်။ သွင်းနေတဲ့အပေါ်မှာ ဒို့နိုင်ငံအနေနဲ့ အခွန်ကောက်ခံမှုက မှောင်ခိုလိုပဲ ဘာမှ အစိုးရက ထိထိရောက်ရောက်မကောက်ခံတဲ့အတွက် အစိုးရအနေနဲ့လည်း ဝင်ငွေမရခဲ့ဘူး။ ကိုယ့်နိုင်ငံထွက်တဲ့ ကုန်တွေသာ အခြားနိုင်ငံအခွန်စည်းကြပ်မှုက များနေတာဖြစ်တဲ့အတွက် နိုင်ငံတော်က နစ်နာတယ်။

ကုန်ဈေးနှုန်းတွေဘာကြောင့်တက်နေရလဲဆိုတော့ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍတွေမှာ စီးပွားရေးသမားတွေရဲ့ ချုပ်ကိုင်မှုတွေမှာ ရှိနေတာ၊ သားငါးကဏ္ဍမှာဆိုရင် ရေလုပ်ငန်းပေါ့ အဲ့မှာ လေလံစနစ်တွေနဲ့ စီးပွားရေးသမားတွေပဲ လက်ဝါးကြီးအုပ် လေလံအခွန်ပေးပြီး ချုပ်ကိုင်ထားတဲ့အတွက် ချောင်းဘေးမြစ်ဘေးက လူတွေကအစ သားငါးတွေဝယ်စားရတဲ့ဈေးတွေမှာ အခက်အခဲတွေဖြစ်နေရတယ်။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာပေါ့။

ဒါကြောင့်မို့ အစိုးရအပိုင်းလုပ်ပေးပါ၊ လွှတ်တော်ကိုယ်စားလှယ်တွေရှိနေတာပဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေကမှ အောက်ခြေအထိသေသေချာချာလေ ဆင်းပြီးတော့မှ ဘယ်ဒေသ ဘယ်ကဏ္ဍတွေမှာ ဘာတွေလိုအပ်နေလဲဆိုတာ သူတို့လုပ်ရမှာပေါ့။

လယ်ယာကဏ္ဍတွေမှာဆိုရင် အခုလက်အချိန်မှာဆိုရင် လယ်လုပ်တဲ့သူတွေ တဖြည်းဖြည်းနဲ့ နည်းလာတယ်။ နိုင်ငံခြားကိုထွက်ကုန်ကြတယ်။လုပ်တဲ့သူတွေကလည်း ဖြစ်သလိုလေး လုပ်နေကြတာတွေ့ရတယ်။ အမှန်မှာ ဒီလယ်ယာစိုက်ပျိုးရေးကဏ္ဍမှာကိုက အစိုးရအနေနဲ့ စိုက်ပျိုးရေးချေးငွေစရိတ်တွေအလုံအလောက်ထုတ်ပေးဖို့ လိုအပ်တယ်။ ခေတ်မီတဲ့ စက်ကိရိယာနဲ့ နည်းပညာတွေမျှဝေဖြန့်ဖြူးပေးတာတို့ လုပ်ဆောင်ပေးမယ်ဆိုရင် ၊ ထုတ်ကုန်တွေပိုထွက်ရှိလာမယ်၊ ထွက်လာရင် ပြည်တွင်းမှာ ပိုပိုလျှံလျှံသုံးလာနိုင်မယ်ပေါ့။

နောက်တစ်ခုကဘာထပ်တွေ့လဲဆိုရင် ဒို့မွန်ပြည်နယ်မှာက ကိုယ်တိုင်လုပ်ကိုယ်တိုင်ထုတ်တဲ့ ပစ္စည်းတွေကိုတောင် အခွန်လွတ်မရောင်းနိုင်ကြဘူး။ ဘာဖြစ်လို့လည်းဆိုရင် တစ်ပိုင်တစ်နိုင် ဈေးရောင်းစားနေတဲ့ ပြည်သူတွေအပေါ်မှာတောင် ဈေးကောက်အခွန်နှုန်းတွေကြီးနေရင် ဈေးရောင်းနေတဲ့သူတွေအနေနဲ့ ကုန်ဈေးနှုန်းလျော့ကျအောင်ဘယ်လိုမှ လုပ်ပြီးရောင်းချနိုင်မှာ မဟုတ်တော့ဘူး။ ကန်စွန်းတစ်စည်း ၅၀ ကနေ ၁၀၀ ဖြစ်သွားတာပေါ့။ သူရောင်းရမယ့်ဈေးနှုန်းနဲ့ ပေးရတဲ့ ဈေးကောက်အခွန်ခနဲ့ဆိုတော့ အဲလိုတွေဖြစ်သွားရတာပေါ့။

လက်တလောမှာ ကုန်ဈေးနှုန်းတွေအမြန်ဆုံးလျော့ကျစေချင်ရင်တော့ လယ်ယာစိုက်ပျိုးမွေးမြူရေးနှင့် သားငါးကဏ္ဍတွေမှာ တိုးတက်အောင်မလုပ်နိုင်ဘူး။ စက်ကိရိယာတွေနည်းပညာတွေနဲ့ ချေးငွေအပိုင်းတွေမှာ မပံံ့ပိုးမကူညီပေးနိုင်ဘူးဆိုရင် ဒီအတိုင်းပဲ သွားနေမှာပဲ။ အခြေခံထုတ်ကုန်တွေကို အခွန်ကင်းလွတ်စွာနဲ့ ရောင်းချနိုင်မှသာလျှင် ကုန်ဈေးနှုန်းအမြန်လျော့ကျစေမှာဖြစ်တယ်။

ခရမ်းသီးတစ်တွဲကို သုံးရာပဲရတယ်။ မုတ္တမကနေ ဈေးကြီးမှာလာရောင်းတယ်။ တက္ကစီသုံးဘီးခက ၃၀၀၀ ပေးရတယ်။ ဈေးကိုရောက်ပြီး မရောင်းရသေးဘူး ဈေးကောက်က တစ်ခြင်းကို ၂၀၀ နှုန်းနဲ့ ၃၀၀၀ လာကောက်သွားတယ်။ အဲဒီမှာ ဒီပိုက်ဆံတွေပြန်ရဖို့က ၃၀၀တန်ကို ၅၀၀ တင်ရောင်းမှ သူ့အတွက် အဆင်ပြေတော့မှာပေါ့။ ပြောချင်တာက တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေတဲ့ပြည်သူတွေအပေါ်မှာ အဲလိုအခွန်လုံးဝမကောက်သင့်ဘူး။ အဲလိုဆိုရင် ၁၀၀ တန်ရောင်းတဲ့ ပစ္စည်းက ၅၀ ပဲပြန်ကျသွားမှာ သေချာတယ်။

Written by ခေတ်မင်း

Leave a Reply