မော်လမြိုင်၊ မတ် ၂၃ ။ ။ ကုန်သည်များ အနေဖြင့် တောင်သူများထံမှ စပါးများကို ဝယ်ယူရာတွင် ဒစ်ဂျစ်တယ် ကတ္တား စနစ်ဖြင့်သာ ဝယ်ယူရမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့သည်။

မတ်လ ၂၃ ရက်နေ့က ပြုလုပ်သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ တောင်သူလယ်သမားrsm; စပါးရောင်းဝယ်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲနှင် ပတ်သက်၍ မေးမြန်းခြင်းကို ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် မြို့နယ်တိုင်းကို စာထုတ်ထားပြီးပြီ ကျေးရွာအုပ်ချုပ်ရေးမှူး အကုန်လုံးကို ဒစ်ဂျစ်တယ် ကတ္တားနဲ့ အသုံးပြုဖို့ စာထုတ်ထားပြီးပြီ”ဟု ဒေါက်တာအေးဇံက ပြောသည်။

စပါးရောင်းဝယ်ရေး ပြဿနာများကို သက်ဆိုင်ရာ ဒေသန္တရ တာဝန်ရှိသူများမှ ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ဘီးလင်းမြို့နယ်တွင် စပါးများကို ရောင်းဝယ်ရာတွင် ဒစ်ဂျစ်တယ် ကတ္တားဖြင် အသုံးပြုနေပြီးဖြစ်ကာ အခြားသော ကျေးရွာများတွင်လည်း ယင်းကဲ့သို့ အသုံးပြုပါက တောင်သူများ၏ ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် တောင်သူများအနေဖြင့် သီးနှံများ အထွက်နှုန်းကောင်းမွန်ရေးအတွက် မြေဆီလွှာ ပြဿနာများ၊ ဓာတ်မြေသြဇာနှင့် ပိုးမွှားပြဿနာများကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးများ တာဝန်ကျ ပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ရန် လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဦးထွန်းဌေးက ပြောကြားသည်။

Written by – ရင်ငြိမ်းချမ်း

Leave a Reply