ရန်ကုန်၊ အောက်တိုဘာ ၃၀

စူပါမားကပ်များနှင့် စားသောက်ဆိုင်အချို့တွင် ကောက်ခံနေသည့် ကုန်သွယ်ရေးလုပ်ငန်းခွန်နှင့် ပတ်သက်ပြီး စားသောက်ဝယ်ယူမှု ကျသင့်ငွေပြေစာများပေါ်တွင် တံဆိပ်ခေါင်းမကပ်ပါက တိုင်ကြားနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်ဝင်းကပြောသည်။

ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၃၀ ရက်က ပြုလုပ်ကျင်းပခဲ့သည့် ပဉ္စမပုံမှန်အစည်းအဝေးတွင် မော်လိုက်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်း၏ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ အရ ပြည်သူများမှ ကြည်ဖြူစွာပေးဆောင်ထားသော အခွန်များ ပြည်သူ့ဘဏ္ဍာသို့ မှန်မှန်ကန်ကန် ပြည့်ပြည့်၀၀ ရောက်ရှိနိုင်ရန်မေးခွန်းကို ၎င်းကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်ရေးလုပ်ငန်းခွန် သတ်မှတ်ထားသည့် လုပ်ငန်းများမှ အခွန်တံဆိပ်ခေါင်းကပ်နှိပ်ထားသော်လည်း သတ်မှတ်နှုန်းထားအတိုင်းကောက်ခံမှုမရှိခြင်းနှင့် အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ထားသည့် အရောင်းပြေစာ ထုတ်ပေးမှုမရှိခြင်းများကို သက်သေနှင့် တကွ တိုင်ကြားနိုင်ကြောင်းသိရသည်။

တိုင်ကြားမှုများပြုလုပ်ရာတွင် ကုန်သွယ်ရေးလုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (စ) အရ နိုင်ငံတော်သို့ ပေးသွင်းရမည့် ကျသင့်ခွန်၏ တစ်ရာ ရာခိုင်နှုန်းထဲမှ ဆယ်ရာခိုင်နှုန်းကို တိုင်ကြားသူအား ဆုကြေးငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေးလုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်နှိပ်ပေးခြင်းမရှိသည့် လုပ်ငန်းများကိုလည်း ကုန်သွယ်ရေးလုပ်ငန်းခွန် ဥပဒေအရ ဘဏ္ဍာနှစ် တစ်နှစ်တွင် တစ်ကြိမ်ပျက်ကွက်လျှင် ကျပ်ငွေ နှစ်သိန်း၊ နှစ်ကြိမ်ပျက်ကွက်လျှင် ကျပ်ငွေ ငါးသိန်း၊ သုံးကြိမ်းပျက်ကွက်လျှင် ကျပ်ငွေ ခုနှစ်သိန်းနှင့် သုံးကြိမ်အထက်ပျက်ကွက်လျှင် တစ်ကြိမ်လျှင် ကျပ်ငွေ ဆယ်သိန်း ဒဏ်ရိုက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အခွန်တံဆိပ်ခေါင်းကပ်နှိပ်ရောင်းချရန် ညွှန်ကြားထားသည့် ကုန်စည်များကို အခွန်တံဆိပ်ခေါင်းကပ်နှိပ်ခြင်းမရှိဘဲ ရောင်းချပါက ဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် ဈေးကွက်အတွင်း စိစစ်ရေးအဖွဲ့များမှ စစ်ဆေးတွေ့ရှိပါက ကုန်စည်များကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်ခြင်းများကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းသည် သတ်မှတ်လုပ်ငန်းများမှ အခွန်လွတ်ကင်းမှုနှင့် အခွန်တိမ်းရှောင်မှုများ မရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောသည်။

ယင်းကုန်စည်များအပေါ်တွင် ကုန်သွယ်ရေးလုပ်ငန်ခွန် ပေးဆောင်ခြင်းများကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ၌စတင် ကျင့်သုံးခဲ့ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ၂၀၁၅ ခုနှစ် မေ ၁ ရက်တွင် စတင်ကျင့်သုံးခဲ့ကြောင်းသိရသည်။

အစားအသောက်ကုန်စည်များအပေါ် အခွန်တံဆိပ်ခေါင်းကပ်နှိပ်ခြင်းအပြင် ရွှေထည်ပစ္စည်းများနှင့် လက်ဝတ်ရတနာများ ရောင်းဝယ်မှုပြေစာများအပေါ် အခွန်တံဆိပ်ခေါင်းကပ်နှိပ်ခြင်းကို ယခုနှစ် ဇွန် ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင်လည်းကောင်း၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုနှစ် ဇူလိုင် ၁ ရက်တွင်လည်းကောင်း စတင်ကျင့်သုံးခဲ့သည်။

ယင်းအပြင် မီဒီယာ ရုပ်သံများကို ကြည့်ရှုနိုင်ရန်အတွက် စက်ပစ္စည်းများ ရောင်းချမှု ပြေစာများပေါ်တွင် အခွန်တံဆိပ်ခေါင်းကပ်နှိပ်ခြင်းကို ယခုနှစ် သြဂုတ် ၁ ရက်တွင်လည်းကောင်း၊ အထူးကုန်စည်များဖြစ်ကြသည့် အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက်နှင့် ဆေးပေါ့လိပ်များ ဝယ်ယူသုံးစွဲအပေါ် အခွန်တံဆိပ်ခေါင်းကပ်နှိပ်ခြင်းကို ယခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ကျင့်သုံးခဲ့ကြောင်း သိရသည်။

Written by – အောင်ကျော်ထွန်း

Leave a Reply