Advertisements

မော်လမြိုင် မေ

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဥပဒေ ပြဋ္ဌာန်းပြီး တစ်နှစ်ပြည့်ပါက ကုန်အညွှန်းအမှတ်အသား မပါဝင်သောထုတ်ကုန်များကို အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က မေ ၂၁ ရက်တွင် ပြောသည်။

စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ၁၅ ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီးယင်းဥပဒေ ပြဌာန်းသည့်နေ့မှစ၍အသက်ဝင် အာဏာတည်ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီဥပဒေထုတ်ပြန်တဲ့နေ့ကနေစပြီးတော့ စတင်အာဏာတည်တယ် ဒါပေမဲ့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဥပဒေက ထုတ်ပြန်တဲ့နေ့က စပြီးတော့ တစ်နှစ်ပြည့်ရင် စတင်အာဏာတည်မယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဥပဒေတွင် အခန်းပေါင်း ၂၅ ခန်းပါရှိသော်လည်း  အခန်း ၁၈ ဖြစ်သည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဥပဒေမှာ ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ်ပြည့်ပါက အရေးယူ၍ ရပြီ ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဥပဒေမှာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်  တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းအဆိုပါစားသုံးသူကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။

“အခုနောက်ပိုင်းကတော့ များသောအားဖြင့် မြန်မာလိုတွေ ပါလာတယ် (ကုန်အညွှန်းအမှတ်အသား)” ဟု ၎င်းက ပြောသည်။

အခန်း ၁၈ ဥပဒေကို စောင့်ကြည့်ကာလ အနေဖြင့် တစ်နှစ်အချိန်ပေးပြီး ၎င်းတို့ဌာနအနေဖြင့်စီးပွားရေးလုပ်ငန်းရှင်များကို  ပညာပေးခြင်းလက်ကမ်းစာဆောင်များ ဝေခြင်း စသဖြင့်ပြုလုပ်ပေးနေကြောင်း၎င်းကပြောသည်။

စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကိုကာကွယ်ပေးခြင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီ အဆင့်ဆင့်တို့မှသတ်မှတ်ဆောင်ရွက်ပေးသည့်မျှတမှုရှိသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြဋ္ဌာန်းချက်ထဲတွင်ရေးသားဖော်ပြထားသည်။

လျှမ်းထက်

Leave a Reply