မော်လမြိုင်၊ စက်တင်ဘာ

ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှ MCL ဘိလပ်မြေစက်ရုံကြောင့် ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအပေါ်၌ အပြည့်အဝ တာဝန်ယူမည်ဖြစ်ကြောင်း ယင်း၏ မန်နေဂျင်းဒါရိုက်တာ ဆူရာချိုင်ပွန်ဂျင်ဓချုပ်က ပြောသည်။

“MCL ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကြုံလာလို့ရှိရင် ဝိုင်းဝန် ကြည့်ရှုပေးမယ်၊ နောက်ပြီး အပြည့်အဝ တာဝန်ယူပေးမယ်”ဟု ၎င်းက ဆိုသည်။
ယခုအခါ ဘိလပ်မြေ ထုတ်လုပ်ရန် ကျောက်မိုင်းခွဲခြင်းကြောင့် ကုမ္ပဏီပတ်ဝန်းကျင်မှ ကော့ဒွန်၊ နှိတုံကျေးရွာတို့တွင် ဘုန်းကြီးကျောင်း နံရံများကွဲအက်ခြင်းကို သွားကြည့်ရှုခဲ့ပြီး ပြန်လည်ပြုပြင်ရန်အတွက် အပြည့်အဝတာဝန်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ကျောက်မိုင်းခွဲခြင်းကို အတက်နိုင်ဆုံး လျှော့ချသွားဖြစ်ပြီး၊ ကျောက်အသေးများခွဲရာတွင် ယမ်းအသုံးပြုမှုအစား စက်ပစ္စည်း အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယမ်းဖောက်ခွဲမှုကြောင့် ထွက်ပေါ်လာမည့် အသံလျှော့ချသည့် နည်းပညာသစ်အား သုံးစွဲရန် အကြောင်းကြားထားသော်လည်း အစိုးရထံမှ တစ်နှစ်ကျော်အထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

အတ္တရံမြစ်အတွင်း ငါးသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MCL ဘိလပ်မြေစက်ရုံ အမှုဆောင်အရာရှိ ဦးဇော်လွင်ဦးက ပြောသည်။

“MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးသုံးမှုကို ကန့်ကွက်နေသည့် ကော့ဒွန်းကျေးရွာ ဒေသခံတစ်ဦးက ကုမ္ပဏီပြောထားတာတွေကို အတက်နိုင်ဆုံး စောင့်ကြည့်သွားမယ်”ဟု ဆိုသည်။

MCL ကုမ္ပဏီမှာ ဘိလပ်မြေ ထုတ်လုပ်ရန်အတွက် ၂၀၁၃ ခုနှစ်မှ စ၍ ပျားတောင်ဒေသ၌ မြေ ၁၄၅ ဧကတွင် ကျောက်ထုတ်လုပ်ခွင့်ရရှိထားရာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နည်းသော semi open cut စနစ်ဖြင့် ကျောက်ထုတ်ယူလျက်ရှိကြောင်း၊ ကျောက်ထုတ်လုပ်ရာတွင် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၆၀ မြင့်သည့် ပျားတောင်ကို မီတာ ၉၀သို့ လျော့မည်ဖြစ်ပြီး ထိုမှ တစ်ဆင့် အတွင်းသားများကို လှိုက်စား တူးဖော်သွားကာ အမြင့် ၁၀ မီတာရောက်အောင် လျှော့ချတူးဖော်မည်ဖြစ်ကြောင်း ကုမ္ပဏီမှ မိုင်းခွဲရေးဌာနကြီးကြပ်သူ ဦးကောင်းထက်ဦးက ဆိုသည်။

ကုမ္ပဏီက ပျားတောင်ကို နှစ်ပေါင်း ၄၀ ကျော်ကြာ ကျောက်ထုတ်လုပ်သွားမည်ဖြစ်ပြီး ကျောက်တန်ချိန် ၉၆ သန်းကျော် ထုတ်ယူသုံးစွဲသွားမည်ဖြစ်သည်။

ဇော်ထိုက်

 

Leave a Reply