Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်အတွင်းရှိ ကုမ္ပဏီများမှ ဝယ်ယူထားသော ဆိုင်ကယ်များကို ပိုင်ရှင်အမည်ပေါက် ပြန်လည်လုပ်ဆောင်ရာ၌ စာရွက်စာတမ်းအပြည့်အစုံပါရှိပါက အခွန်ပေးဆောင်ရန် မလိုကြောင်း ပြည်နယ်စိုက်ပျိုး၊မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

စက်တင်ဘာ ၂၅ ရက်က ကျင်းပသော ၁၁ ကြိမ်မြောက် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ မော်တော်ဆိုင်ကယ် အမည်ပေါက် ရရှိရန်အတွက် အခွန်ပေးဆောင်နေရခြင်းနှင့် ပတ်သက်ပြီး မေးမြန်းချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကုမ္ပဏီက ဝယ်ထားတယ်ဆိုတဲ့ အထောက်အထား၊ ကုမ္ပဏီကပေးတဲ့ စာရွက်စာတမ်းတွေ၊ ကတ်တွေကို ပြည့်ပြည့်စုံစုံ ယူသွားပါ၊ မပြည့်စုံရင်တော့ အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်၊ မိမိမှာ ပြည့်စုံနေရင်တော့ ပိုက်ဆံပေးဖို့ မလိုပါဘူး” ဟု ဝန်ကြီးက ဆိုသည်။

သက်သေခံ စာရွက်စာတမ်းများထဲမှ တစ်ခုခု ပျောက်ပျက်ခဲ့ပါက ပိုင်ရှင်အနေဖြင့် အမည်ပေါက်လုပ်ဆောင်ရာတွင် သတ်မှတ်ထားသော မော်တော်ယာဉ် ဥပဒေအတိုင်း အခွန်ကို ပေးဆောင်ရမှာဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ယင်းအပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်လည်း အခွန်ဆောင်ထားသော စာရွက်စာတမ်းများ၊ ပါရှိပါက အမည်ပေါက်အဖြစ် ပြောင်းလဲရာတွင် အခက်အခဲမရှိ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Showroom များတွင် ဝယ်ယူထားသော ဆိုင်ကယ်များသည် ကုမ္ပဏီအမည်ပေါက်သာဖြစ်သောကြောင့် မိမိအမည်ပေါက်ပြန်လည်လုပ်ဆောင်ရာ၌ အခွန် ၁၅ ရာခိုင်နှုန်း ပေးဆောင်နေရကြောင်း သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်သူက ပြောကြားသည်။

“ဆိုင်ကယ် ဝယ်စီးတယ်ဆိုတာ၊ အောက်ခြေလူတန်းစားနဲ့ အလယ်လတ်တန်းစားတွေဖြစ်တယ်၊ ဝယ်တဲ့ဆိုင်ကယ်တန်ဖိုးက သိန်းနှစ်ဆယ်ဆို အခွန်က ခြောက်သိန်းလောက်ဖြစ်နေတော့ အဆင်မပြေပါဘူး” ဟု ၎င်းက ပြောသည်။

မော်တော်ဆိုင်ကယ် ဝယ်ယူသုံးစွဲသူများသည် ငွေကြေးမတတ်နိုင်၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူနေကြသူများဖြစ်သောကြောင့်အမည်ပေါက်ပြန်လည် လုပ်ဆောင်ရာတွင်ပြည်သူများ အခွန်ပေးဆောင်နေရခြင်းကိစ္စရပ်နှင့်  ပတ်သက်ပြီး ပြည်နယ်အစိုးရမှ လုပ်ဆောင်နိုင်ခြင်း မရှိပါက ပြည်ထောင်စုအစိုးရနှင့် ချိတ်ဆက်ကာ ဆွေးနွေးစေလိုကြောင်း အကြံပြုပြောကြားသည်။

ထိုက်ထိုက်

Advertisements
<

Leave a Reply