ကုမ္ပဏီလေးခုက မြေဧက ၃၀၀ နီးပါး လုပ်ပိုင်ခွင့် လျှောက်ထားမှု ကန့်ကွက်စာ ၁၂ စောင် ရှိ

ထားဝယ် ဇန်နဝါရီ
ထားဝယ်ခရိုင်လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်း သုံးကျွန်း နှင့်ကမ်းခြေတစ်ခုတွင် ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် ကုမ္ပဏီ ၄ခုက မြေနေရာလျှောက်ထားခြင်းအပေါ် ကန့်ကွက်စာ၁၂စောင်လက်ခံရရှိကြောင်း လောင်းလုံးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။
“သတ်မှတ်ရက် (ဇန်နဝါရီ ၅ )မတိုင်မီမှာ လာပေးတယ်၊ ခရိုင်မြေစာရင်း ရုံးကို တင်ပြထားပြီးပြီ”ဟု အထက်ပါဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထွေးက ဆိုသည်။
ယခုကန့်ကွက်နေကြသော မြေနေရာတွင် လုပ်ကိုင်ခွင့်ရရှိရေးအတွက် ရတနာစိုင်းကောင်း မြတ်ကျော်သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်နှင့် Excellent Fortune Development Group Co.,Ltd မန်နေဂျင်းဒါရိုက်တာဦးစိုင်းမျိုးဝင်းကလည်းကောင်း၊ စိုးနိုင်ဖြိုးကုမ္ပဏီလိမီတက်နှင့် FIRST GOLDEN DRAGON CONSTRUCTION Co.,LTDမန်နေဂျင်း ဒါရိုက်တာဒေါ်နန်းခင်မြင့်ရီကလည်းကောင်း လျှောက်ထားခဲ့ကြကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် မြေယာလုပ်ပိုင်ခွင့် လျှောက်ထားသည့် ကျောင်းတွင်းကမ်းခြေအတွက် ကန့်ကွက် စာ ၅စောင်၊ပဲ့ဇင်ကျွန်းအတွက် ၄စောင်၊ ပညစ် ကျွန်းအတွက်၂စောင်နှင့် စမ်းလှမ်းကမ်းခြေအ နီးရှိကျွန်းအတွက် ၁စောင်တို့ ပေးပို့လာခဲ့ကြခြင်းဖြစ်သည်။
အဆိုပါကျွန်းနှင့်ကမ်းခြေများကို အမှီပြုနေသောရေလုပ်သားများ၊ဒေသခံများ၊ထားဝယ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းတို့က ကန့်ကွက်စာ အသီးသီး ပေးပို့ခဲ့ကြသည်ဟု သိရသည်။
အဆိုပါနေရာများတွင်ဟိုတယ်နှင့်အပန်းဖြေစခန်းဆောက်လုပ်ရန်ဟုဆိုကာ မြေနေရာလျှောက်ထားလာခြင်းကို အပြင်းအထန် ကန့်ကွက်ကြောင်း ထားဝယ်တိုငရင်းသားများပါတီ(ဗဟို)ကလည်း ဇန်နဝါရီ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။
အလားတူ ထားဝယ်ဒေသရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၇ ဖွဲ့ကလည်း ထားဝယ်ဒေသခံရေလုပ်သားများမှီခိုအားထား သည့်နေရာများ၊ထားဝယ်ဒေသ၏အမှတ်သင်္ကေတသမိုင်း များ၊ အများပြည်သူပိုင်မြေနေရာများ မဆုံးရှုံးစေရေးအ တွက် ကျွန်းများနှင့်ကမ်းခြေမြေနေရာများအားခရီးသွား လုပ်ငန်းအကောင်အထည်ဖော်ရန်မြေနေရာလုပ်ပိုင်ခွင့် လျောက်ထားနေမှုများကို တနင်္သာရီတိုင်းအစိုးရအနေဖြင့် လွယ်လင့်တကူနေရာချထားပေးမှုမပြုလုပ်ရန်နှင့် အကျိုး သက်ရောက်မည့်ဒေသခံများ၏ သဘောထားများကို အလေးထားပါရန် တောင်းဆိုကြောင်း ဇန်နဝါရီ ၇ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။
ယင်းသို့ ကန့်ကွက်မှုများရှိသော်လည်း လယ်ယာလုပ်ကိုင် သူအများစုနေထိုင်သောလောင်းလုံးမြို့နယ်တောကျဲကျေးရွာနှင့် သဝင်ကျေးရွာတို့မှဒေသခံများကမူ အဆိုပါကုမ္ပဏီ များခရီးသွားလုပ်ငန်းဖော်ဆောင်ရန်မြေလျှောက်ထားမှုကိုထောက်ခံကြောင်းလက်မှတ်ကောက်ခံလျက်ရှိသည်ဟု တောကျဲကျေးရွာခံ ဦးဖိုးကျော်ကပြောသည်။
“ဒေသခံတွေအတွက် ၊ ဒေသအတွက်ထိခိုက်နစ်နာမှုမရှိဘူး ဆိုတော့ ၊ ဒေသအတွက် အထောက်အကူပြုပေးဖို့လုပ်ငန်း တွေလုပ်ပေးမယ်ဆို တာ သိရတဲ့အတွက် သဘောတူကြောင်း လက်မှတ်ထိုးပေးတယ်”ဟု ဦးဖိုးကျော်က ဆိုသည်။
အဆိုပါစုဆောင်းထားသော လက်မှတ်များကို မည်သည့်နေရာသို့တင်ပြမည်ဆိုသည်ကို ၎င်းက ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပေ။
ကျောက်တွင်းကျေးရွာအုပ်စုနှင့်တောကျဲကျေးရွာအုပ်စု၊ပဲစင်ကျွန်းတွင် ရတနာစိုင်းကောင်းမြတ်ကျော် သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်နှင့် Excellent Fortune Development Group Co.,Ltd မန်နေဂျင်း ဒါရိုက်တာဦးစိုင်းမျိုးဝင်းကလည်းကောင်း၊ ပညစ်ကျေးရွာအုပ်စု၊စမ်းလှမ်းကျေးရွာအုပ်စုတွင် စိုးနိုင်ဖြိုးကုမ္ပဏီလိမီတက်နှင့်FIRST GOLDEN DRAGON CONSTRUCTION Co.,Ltd မန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီကလည်းကောင်း လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီများအနေဖြင့် ယင်းသို့ လျှောက်ထားသည့် လုပ်ကိုင်ခွင့်အတွက် ခွင့်ပြုချက်ရရှိလျှင် ဖော်ပြပါမြေနေရာ၌ နှစ် ၃၀ ကြာ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းထံမှသိရသည်။
တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.