Advertisements

မော်လမြိုင်၊ သြဂုတ်

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ နိုင်ငံအတွင်း လုပ်ကိုင်နေသည့် ကုမ္ပဏီ အားလုံး ပြန်လည် မှတ်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းဝင်းက ပြောကြားသည်။

ထိုသို့ မှတ်ပုံတင်ရာတွင် သြဂုတ် ၁ရက်နေ့မှ စတင်၍ ကုမ္ပဏီဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အီလက်ထရောနစ် မှတ်ပုံတင်စနစ် Myanmar Companies Online (MyCo)ဖြင့် ပြောင်းလဲ ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောဆိုသည်။

“မှတ်ပုံတင်ပြီးသား ကုမ္ပဏီတွေကတော့ ပြန်လည်မှတ်ပုံတင်ရင် ပိုက်ဆံပေးစရာမလိုပါဘူး၊ ကုမ္ပဏီအသစ် တွေကတော့ ပုံမှန်အတိုင်းပေးရမှာပေါ့၊ အခုဆို ဖုန်းနဲ့ ဘယ်အချိန်မဆို မှတ်ပုံတင်လို့ရပြီ၊ ကျွန်တော်တို့ရုံးကိုလာပြီး တင်လို့ရတယ်၊ ဝန်ဆောင်မှုအပြည်အဝ ပေးမှာပါ”ဟု ဦးမင်းသိန်းဝင်းက ပြောသည်။

မှတ်ပုံတင်မည့် ကုမ္ပဏီအသစ်များနေဖြင့် ကျပ် နှစ်သိန်းခွဲ ပေးသွင်းရမည်ဖြစ်ပြီး မှတ်ပုံတင်ထားပြီးသော ကုမ္ပဏီများမှာ ပြန်လည်မှတ်ပုံတင်ခြင်းအတွက် ငွေကြေးပေးသွင်းရန် မလိုကြောင်း ဆက်လက်ပြောသည်။

မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄(သို့) ၁၉၅ဝပြည်နှစ် တို့ဖြင့် မှတ်ပုံတင်ထားသော တည်ဆဲကုမ္ပဏီ များ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများသည် ၂ဝ၁၈ခုနှစ် သြဂုတ်လ ၁ရက်နေ့မှစ၍ ၂ဝ၁၉ခုနှစ် ဇန်နဝါရီလ ၃၁ရက်ထိ ၆လကာလအတွင်း ကုမ္ပဏီမှတ်ပုံတင်စနစ်သစ် (MyCo)တွင် သတ်မှတ်ပုံစံနည်းလမ်းများအတိုင်း ပြန်လည်မှတ်ပုံတင်ရန် လိုအပ်ကြောင်း ဆက်လက်ပြောသည်။

သတ်မှတ်ကာလထက် ကျော်လွန်ကာ ပြန်လည်မှတ်ပုံတင်ခြင်းမရှိသော ကုမ္ပဏီများကို တရားဝင် ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

အဆိုပါ ပြင်ဆင်ထားသော ဥပဒေသစ်တွင် ကုမ္ပဏီများကို ဖြေလျော့မှုပေးထားပြီး တစ်ဦးတစ်ယောက်ထဲရှိ လျှင်လည်း ကုမ္ပဏီထူထောင်နိုင်ခြင်း၊ ကုမ္ပဏီများ၌ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာသည့်အပြင် ပြစ်မှု၊ ပြစ်ဒဏ်များ ပါဝင်လာခြင်း၊ ပြည်တွင်းကုမ္ပဏီအဖြစ် သတ်မှတ်ထားသော ကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသား ၃၅ရာခိုင်နှုန်းပါဝင်ခွင့်ရရှိခြင်း စသည့် အခွင့်အရေးများရှိလာကြောင်း ၎င်းက ပြောသည်။

ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုလျှင် နီးစပ်ရာ ပြည်နယ်တိုင်းဒေသကြီးရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း ဆက်လက် ပြောသည်။

အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဖြင့် မှတ်ပုံတင်လျှင် ကုမ္ပဏီသက်တမ်းမှာ ထပ်မံတိုးစရာ မလိုအပ်တော့ဘဲ တစ်သက်တာအသုံးပြုခွင် ID ကဒ်ရရှိမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။
မွန်ပြည်နယ်တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီပေါင်း ၅ဝဝကျော်ရှိကြောင်း ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သိရသည်

ထိုက်ထိုက်

Advertisements
<

Leave a Reply