နိုင်ငံရေးနဲ့ စစ်ရေးမှာ ဘယ်တော့ တိုက်ဆိုင်မှု မရှိဘူး၊ ဒီတော့ ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့ ARSA ဆိုတဲ့ အကြမ်းဖက် အဖွဲ့နဲ့ဟာ အတိုင်အဖောက် ရှိတယ်လို့ ကျွန်တော် သံသယရှိတယ်" ဟု ဦးလှဆွေက ဆိုသည်။

မော်လမြိုင်၊ နိုဝင်ဘာ ၁၂ ။

ရခိုင် အကြမ်းဖက်မှု ဖြစ်စဉ်အား စတင် ခဲ့သည့် ARSA အကြမ်းဖက် လက်နက်ကိုင် အဖွဲ့နှင့် ကုလသမဂ္ဂတို့ အတိုင်အဖောက် ရှိကြောင်း၎င်း အနေဖြင့် သံသယ ရှိမိသည်ဟု မော်လမြိုင်မြို့တွင် ပြုလုပ်သည့် တပ်မတော် ထောက်ခံ ပွဲတွင် ဂန့်ဂေါ မဲဆန္ဒနယ် ပြည်ခိုင်ဖြိုး ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဘူးလက် ဦးလှဆွေက စွပ်စွဲ ပြောဆို လိုက်သည်။

၎င်းက “ကိုဖီအာနန် ကော်မရှင်ဖွဲ့ပြီးတော့ စတိုက်တာ ဆိုတော့ တိုက်ဆိုင်မှု ဖြစ်မလား၊ နိုင်ငံရေးနဲ့ စစ်ရေးမှာ ဘယ်တော့မှ တိုက်ဆိုင်မှု မရှိဘူး၊ ဒီတော့ ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့ ARSA ဆိုတဲ့ အကြမ်းဖက် အဖွဲ့နဲ့ဟာ အတိုင်အဖောက် ရှိတယ်လို့ ကျွန်တော် သံသယရှိတယ်” ဟု တပ်မတော် ထောက်ခံပွဲတွင် ပြောဆို ခဲ့သည်။

ကိုဖီအာနန် ကော်မရှင် ဖွဲ့စည်းပြီး တစ်ပတ်အကြာတွင် ကျီးကန်ပြင် ဌာနချုပ် အပါအဝင် စခန်း သုံးခုကို ARSA အကြမ်းဖက် အဖွဲ့က အင်အား ၄၀၀၀ ကျော်ဖြင့် ဝင်ရောက် တိုက်ခိုက် ခဲ့သည့်အပြင် တစ်နှစ်ကျော်ကြာ ငြိမ်သက် နေသည့် ရခိုင်ပြည်နယ်သည် ကိုဖီအာနန် အစီရင်ခံစာ ထုတ်ပြန် လိုက်ပြီးနောက် ထပ်မံ တိုက်ခိုက် ခံခဲ့ ရခြင်းကြောင့် အထက်ပါ အတိုင်း သံသယ ရှိမိကြောင်း ဦးလှဆွေက ဆိုပါသည်။

မော်လမြိုင်မြို့တွင် နိုဝင်ဘာ ၁၂ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာ့ တပ်မတော်နှင့် နိုင်ငံဝန်ထမ်း ကောင်းမျာအား ထောက်ခံပွဲတွင် ဘူးလက် ဦးလှဆွေနှင့် အဆိုတော် လီလီနိုင်ကျော် အပါအဝင် ဟောပြောသူ (၄) ဦး တက်ရောက် ဟောပြော ခဲ့ကြသည်။

“မြန်မာနိုင်ငံ အခြေအနေဟာ အချုပ်အခြာ အာဏာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေပြီ။ အဖက်ဖက်က ယိုယွင်း နေတဲ့ အခြေအနေ ရောက်နေပြီး၊ အချုပ် အခြာအာဏာကို ကာကွယ်ဖို့ အဖွဲ့အစည်းက တပ်မတော်ပဲ ရှိတော့တယ်၊ အဲဒီတော့ တပ်မတော် ကိုချစ်တဲ့ ပြည်သူတွေ တပ်မတော် အနောက်က အမြဲရှိနေတယ်၊ ဒီလို ထုထည်တွေနဲ့ ရှိတယ်ဆိုတာ သိအောင် ကမ္ဘာ့ မျက်လုံးတွေလည်း သိအောင် ကျွန်တော်တို့ ဒီပွဲကို လုပ်ရတာ ဖြစ်တယ်” ဟု ထောက်ခံပွဲအား ဦးဆောင် ကျင်းပသူနှင့် ဟောပြောသူလည်း ဖြစ်သည့် ဦးနေလင်းက ဤပွဲ ပြုလုပ်ရခြင်း အကြောင်း သတင်းမီဒီယာ များ၏ မေးမြန်းချက်ကို ဖြေကြား ပေးခဲ့သည်။

ဤထောက်ခံပွဲအား မွန်ပြည်နယ် အတွင်းမှ တပ်မတော် ထောက်ခံသူများ တစ်သိန်းကျော် တက်ရောက် ခဲ့ကြောင်း ပွဲစီစဉ်သူ များက ထုတ်ဖော် ပြောကြား ခဲ့သော်လည်း လုံခြုံရေး အဖွဲ့များကမူ တစ်သောင်း ကျော်သာ တက်ရောက် သည်ဟု ခန့်မှန်းကြောင်း ဟင်္သာမီဒီယာသို့ ပြောကြား ခဲ့သည်။

ထောက်ခံပွဲ အပြီးတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော် ပြိုကွဲရန် ကြံစည် လုပ်ဆောင်သူ မှန်သမျှအား ဆန့်ကျင် ရှူတ်ချကြောင်း အပါအဝင် အချက် (၉) ချက်အား သဘောထား ထုတ်ပြန် ခဲ့ကြသည်။

Written by – ဟင်္သာမီဒီယာ

Leave a Reply