ကုလားကုတ်မှာ ပြည်နယ်ဝန်ကြီးချုပ် ဘာကတိတွေပေးခဲ့လဲ

မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံသည် ဇန်နဝါရီ၁၇ ရက်က ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲရှိ ကုလားကုတ် အောက်ဆိပ်ကျေးရွာသို့ သွားရောက်ခဲ့သည်။

အရင်းခံမှာ လေပြင်းကျရောက်မှုကြောင့် ပျက်စီးခဲ့သော ယင်းကျေးရွာတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရန်နှင့် အားပေးစကားပြောရန် ဖြစ်၏။

ထိုသို့ ဒေသခံများနှင့် တွေ့ဆုံစဉ်ဝန်ကြီးချုပ်က ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းစဉ်နှင့် ကတိစကားအချို့ကို ပြောဆိုခဲ့သည်။

မည်သို့သော ကတိစကားများကို ဝန်ကြီးချုပ်ကပြောကြားခဲ့ပါသနည်း။ ထိုအခြေအနေနှင့် ပတ်သက်ပြီး ခရီးစဉ်တွင် ပါဝင်ခဲ့သော ရေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်းက ယခုလိုပဲ ပြောဆိုသည်။

“ကုလားကုတ်မှာကအဓိကကတော့လမ်းပေါ့။ကုလားကုတ်မှာကအထက်စျေး၊အလယ်စျေး၊အောက်စျေးရှိတယ်။လမ်းကတောင်မြောက်၇မိုင်လောက်ရှိတယ်။ပြီးခဲ့တဲ့၂နှစ်တုန်းကကျေးလက်ဦးစီးဌာနကတစ်မိုင်ကျော်ကျော်လောက်ကိုကွန်ကရစ်လမ်းခင်းတယ်။လမ်းက ကတ္တရာဆို မခံဘူးတဲ့၊  အဲဒါကြောင့် ကွန်ကရစ်ပဲ ခင်းတယ်။ ကျန်တဲ့ ၅မိုင် ၂ ဖာလုုံထဲမှ ၃ မိုင်ကို ဝန်ကြီးချုပ်က ခင်းပေးမယ်ပြောတယ်”ဟု ဆိုသည်။

တစ်ဆက်တည်း “ကုလားကုတ်မှာက လျှပ်စစ်မီးက အင်ဂျင်နဲ့လည်တဲ့မီး။ လျှပ်စစ်မီးအတွက်ကို ဝန်ကြီးချုပ်က တိုင်တွေ၊ကြိုးတွေ၊မီးဆင်မယ့်ဝန်ထမ်းတွေကိုပံ့ပိုးမယ်။ဆီသိုလှောင်မယ့်တိုင်ကီတွေပံ့ပိုးမယ်။သိုလှောင်ခတွေ၊သယ်ယူပို့ဆောင်ခတွေကိုပြည်နယ်အစိုးရက ပံ့ပိုးမယ်။ လောင်စာဆီကတော့ သက်ဆိုင်ရာကျွန်းကနေ ဝယ်ယူမယ်။ ကျသင့်ငွေနဲ့ တစ်လီတာဘယ်လောက်ဆိုတာ တွက်ချက်ပြီး မီးလင်းရေးကော်မတီဖွဲ့ ပြီးတော့ ထိန်းသိမ်းသွားမယ်”ဟု ၎င်းက ပြော၏။

ယင်းကျေးရွာ၌ လာရောက် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများအတွက် ၆ဝ×၃ဝ နှစ်ထပ် ဝန်ထမ်း အိမ်ရာကိုတည်ဆောက်သွားမည်ဟုလည်း ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။

ထို့အပြင်ကျေးရွာ၌တက္ကသိုလ်ဝင်တန်းအောင်မြင်သူ၂၀ရာခိုင်နှုန်းကိုသက်ဆိုင်ရာပညာရေးကောလိပ်တက်ရောက်စေ၍၎င်းတို့ဒေသ၌သာအမှုပြန်ထမ်းနိုင်ဖို့အထူးအခွင့်အရေးတစ်ရပ်အနေဖြင့်လည်းဆောင်ရွက်ပေးမည်ဟုကတိပြုခဲ့ကြောင်းဒေါက်တာမင်းစိုးလင်းက ဆိုသည်။

“ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုက်နယ်ဆေးရုံလေးတစ်ခုဖြစ်ဖို့အတွက် ဝန်ကြီးချုပ်က ကြိုးစားပေးမယ် ပြောတယ်။   ၁၆ခုတင်ဆံ့တိုက်နယ်ဆေးရုံ၊ဆရာဝန်ကနှစ်ယောက်ပေါ့။

ကုလားကုတ်ကျွန်းကသွားရေးလာရေးခက်တယ်။အထူးသဖြင့်တိုက်နယ်ဆေးရုံရမယ်ဆိုရင်လမိုင်းကိုသွားစရာမလိုတော့ဘူး။လှိုင်းလေကြီးနေရင်အန္တရာယ်ပိုများတယ်။သားဖွားတဲ့အခါရေလမ်းနဲ့သွားတဲ့အခါပိုဆိုးတယ်။ဆေးရုံလေးသာရလာမယ်ဆိုရင်တော့ဒေသခံတွေအတွက်အတိုင်းအထက်အလွန်ပေါ့။ဒီမှာကဆေးရုံမရှိဘူး။ကျေးလက်ကျန်းမာရေးပဲရှိတယ်”ဟု ၎င်းက ပြော၏။

၎င်းနှင့်အတူ ကုလားကုတ် အောက်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းစိန် က ယင်းအခြေအနေကို ယခုလိုပဲ ပြောသည်။

“ကျွန်တော်တို့ လိုအပ်တာတွေကို တစ်ခုပြီး တစ်ခုပြောပြတယ်။လမ်းပေါ့ ငါးမိုင်ကျော်ကျန်တဲ့လမ်းကို ဝန်ကြီးချုပ်ကသုံးမိုင်လောက်ခင်းပေးမယ်။သူ့ဝန်ကြီးချုပ်သက်တမ်းမကုန်ခင်ပြီးအောင်လုပ်သွားပေးပါ့မယ့်လို့ပြောတယ်။  ကုလားကုတ်ကနေ ဆယ်တန်း
အောင်တဲ့ကလေးတွေ ဆရာ၊ ဆရာမတွေ ဖြစ်နိုင်အောင် ပညာရေးကောလိပ်တက်ပြီး ဒီမှာပဲ တာဝန်ချပေးမယ်”ဟု ၎င်းက ပြောသည်။

ယင်းအပြင် ၎င်းတို့ ဒေသ၌ ကျေးလက်ဆေးပေးခန်းသာရှိ၍ကျန်းမာရေးပြဿနာများ ကြုံပါက သွားရေးလာရေး ခက်ခဲသဖြင့်ဆေးရုံတည်ဆောက်ပေးရန်တင်ပြမှုကို ဝန်ကြီးချုပ်က ကြိုးပမ်းပေးမည်ဟု ကတိပြုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ၂၀၁ရကမွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၏ရေးမြို့နယ်ခရီးစဉ်တွင်ပြည်သူများနှင့်တွေ့ဆုံရာ၌၁၈လအတွင်း၎င်းတို့ဒေသလျှပ်စစ်မီးရရှိရေးလုပ်ဆောင်ပေးမည်ဟုပြောဆိုခဲ့သော်လည်းလက်တွေ့တွင်ဖြစ်ပေါ်လာခြင်းမရှိသဖြင့်ယုံကြည်မှုမရှိတော့ကြောင်း ရေးမြို့ ဒေသခံ ကိုအောင်နိုင်ဝင်းက ဆိုသည်။

“ဝန်ကြီးချုပ်ပြောတဲ့စကားတွေမှာက တိကျမှုတွေမပါဘူး။ယေဘုယျပဲပြောတယ်။ အဲဒီတော့ မယုံဘူး။ မယုံရတဲ့ အကြောင်းလည်း ကျွန်တော့်မှာရှိတယ်။ သူ ကျွန်တော်တို့ကို ပြောခဲ့တဲ့ ကတိတွေ၊ စကားတွေက လျှပ်စစ်မီးရရှိရေး၊ ပင်လယ်သယံဇာတ၊ စက်မှုဇုန်၊ လုပ်ပေးမယ်လို့ ပြောခဲ့တာတွေ တစ်ခုမှ မဖြစ်ခဲ့ဘူး။ ဥပမာပြောရရင် လေပူးပေါင်းလာဖောက်တာပဲ။ အရင်ကလည်း လုပ်ဖူးလို့ လာလုပ်တာပဲ။ မကြားဘူးလို့ပဲ မှတ်လိုက်ပါတယ်။နှုတ်ကပဲပြောနေပြီး လက်တွေ့အကောင်အထည်ဖော်တာ မရှိဘူး။ နှုတ်ကတော့ လုပ်ပေးမယ်ပြောတယ်။ လက်တွေ့မှာ မရှိတော့ ဝန်ကြီးချုပ်ရဲ့ ပြောစကားကို မယုံတော့တာပါ”ဟု ဆိုသည်။

ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးသောင်းစိန်က ဝန်ကြီးချုပ်ပြောဆိုသွားသည့် ကိစ္စရပ်များမှာ ၎င်းင်းတို့ကျေးရွာသားများအတွက်အိပ်မက်တစ်ခုဖြစ်နေ၍   အမြန်ဆုံး လုပ်ဆောင်ပေးစေလိုကြောင်း၎င်းက ပြောသည်။

“ကျွန်တော်တို့ လိုချင်နေတဲ့ မက်ခဲ့တဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့အတွက်တစ်ရွာလုံးကိုယ်စား ကျေးဇူးတင်တယ်၊ အမြန်ဆုံးလုပ်ပေးဖို့လည်း မျှော်လင့်တယ်”ဟု ၎င်းကဆိုလေသည်။

ထိုက်ထိုက်၊ စန္ဒဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.