Advertisements

မော်လမြိုင် ၊ မေ ၂၀

ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအလယ်ဆိပ်တွင် လွန်ခဲ့သော တစ်နှစ်ခန့်က အရပ်သားတစ်ဦး အား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တပ်မတော်အရာရှိကို မော်လမြိုင်ခရိုင်တရားရုံးက မေ ၂၀ ရက်နေ့ က အမိန့်ချမှတ် ခဲ့သည်။

၂၀၁၈ ခုနှစ်၊ မေ ၁၆ ရက်နေ့က အမှတ် (၅၈၇) က ကုလာကုတ်ကျွန်း အလယ်ဆိပ်နေ ကိုတင့်စိုးမြင့်ကို မှတ်ပုံတင်ကိစ္စ မေးမြန်းမှု နှင့် ပတ်သက်ပြီး သေနတ် ဖြင့် ပြစ်သတ်ခဲ့သူ ဗိုလ်ကြီး အောင်ကိုကိုမင်း ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှု ပေါ်ပေါက်ပြီးနောက် ဗိုလ်ကြီး အောင်ကိုကိုမင်း ကို တပ်မတော် က ရာထူးမှ ထုတ်ပယ်လိုက်ပြီး နယ်ဘက်တရားရုံးသို့ လွဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

“တရားရုံးက အမိန့်ချမှတ်တာ တရားမျှတပါတယ်။ ကျေနပ်တယ်။ ဘာလို့လည်းဆိုတော့ သူ့နဲ့ ကျွန်တော်တို့က ရန်ငြိုးရန်စလည်းမရှိဘူး” ဟု ယင်းအမှုကို တရားလို ပြုလုပ်တရားဆွဲဆို ထားသော မခင်ဆွေတင့်က ပြောဆို သည်။

ရေးမြို့နယ် လမိုင်းနယ်မြေရဲစခန်း ၏ ပထမသတင်းပေးတိုင်ချက်အမှတ် ၁၄/ ၂၀၁၈ နှင့် တရားလို မခင်ဆွေတင့် ၏ တိုင်ကြားချက်များအရ မော်လမြိုင်ခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဗိုလ်ကြီး အောင်ကိုကိုမင်း တရားစွဲဆို ခဲ့ပြီး မော်လမြိုင်ခ၁ရိုင်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၂၃၄/ ၂၀၁၈ ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ခေတ်မင်း

Advertisements
<

Leave a Reply