ခိုနူမ်းသုန်သတင်း၊ ၄ ဧပြီ ၂၀၁၉။

ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ချင်းပြည်နယ် ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီးအထိ ကားလမ်းတည်ဆောက်နေသည့် ဆုထူးစံကုမ္ပဏီဝန်ထမ်းများနှင့် လမ်းတည်ဆောက်ရာတွင်အသုံးပြုသည့် စက်ကိရိယာများကို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) မှ ဖမ်းဆီးမီးရှိူ့ဖျက်ဆီးလိုက်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရသည်ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

“ယာယီရပ်ဆိုင်းထားတယ် ။ ကားကြီးတွေမီးရှို့ခံရတယ် ။ နောက် လမ်းလုပ်တဲ့ကုမ္ပဏီ ဝန်ထမ်း ၁၃ ယော က်အဖမ်းခံထားရတယ် ။ ငါးယောက်ပြန်လွှတ်လာတယ် ၊ ရှစ်ယောက်ကျန်တယ် ။ အဲဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြနေပါတယ်’’ ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကပြောသည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံဆက်သွယ်ထားသော ပလက်၀ နှင့် ဇိုးရင့်ပွီးအထိ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေသည့် ကုမ္ပဏီဝန်ထမ်းများကို ၎င်းတို့တည်းခိုနေထိုင်ရာ တွင်းကင်းအလောင်းကျေးရွာတွင် အင်အား (၁၀၀) ကျော်ခန့်ရှိသော AA တပ်ဖွဲ့ဝင်များသည် မတ်လ (၃၀) ရက်နေ့က ဝင်ရောက်ပြီး အမျိူးသား (၁၁) ဦးနှင့် အမျိူးသမီး (၂) ဦး ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ကားလမ်းတည်ဆောက်ရာတွင် အသုံးပြုသည့် စက်ကိရိယာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဖမ်းခံရသူများထဲမှ အမျိူးသမီး (၂) ဦးနှင့် အမျိူးသား (၃) ဦးကိုတော့ ဧပြီလ ၁ ရက်နေ့က AA က ပြန်လွှတ်ပေးလိုက်ပြီး (၈) ယောက်ကို ဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။

ဖမ်းဆီးထားသူများသည် မြန်မာ့တပ်မတော်၏ စစ်ထောက်လှမ်းရေးဟောင်းနှင့် စစ်ထောက်လှမ်းရေးနှင့်ပတ်သက်နေသူများဖြစ်သည့်အတွက် စစ်ရေးအရ ဖမ်းဆီးထိမ်းသိမ်းခြင်းဖြစ်သည်ဟု AA တပ်ဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဆိုသည်။

“စစ်ပွဲဖြစ်နေတဲ့နေရာမှာ ဝင်လာတဲ့ မသင်္ကာစရာ လူစိမ်းတွေပေါ့နော် ။ ဒေသခံမဟုတ်တဲ့ လူစိမ်းတွေကိုလုံခြုံရေးအရ စစ်ဆေးတာတွေတော့ရှိတယ်။ အဲလိုစစ်ဆေးတဲ့အခါ အဲဒီမသင်္ကာစရာ လူတချိူ့တွေ့တဲ့အတွက်ကြောင့်မို့လို့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်တယ်။ တချိူ့ကိုတော့ အရပ်သားစစ်စစ်မို့လို့ ပြန်လွှတ်ပေးလိုက်တယ် ။ ခုလောလောဆယ် ၈ ယောက်ကိုတော့ ဆက်ပြီးတော့ ထိမ်းသိမ်းထားတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေက အရင်ထောက်လှမ်းရေးလက်ထက်တုန်းက စစ်ထောက်လှမ်းရေးမှာ တာန်ထမ်းခဲ့တဲ့လူတွေ ၊ တချိူ့ဆိုရင် တပ်ကြပ်ကြီးအဆင့်တွေလည်းပါတယ်။ နောက်ပြီးတော့ တချိူ့ဆိုရင် ထောက်လှမ်းရေးတပ်ကနေ တခြားတပ်ကို ပြောင်းတဲ့သူတွေလည်းပါတယ်။ အဲဒီလိုမျိူး မသင်္ကာစရာလူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့် စစ်ရေးအရ လိုအပ်ချက်အရ စစ်ဆေးနေတာဖြစ်တယ်’’ ဟု ဦးခိုင်သုခကပြောသည်။

ယခုဖြစ်စဉ်သည် AA တပ်ဖွဲ့အနေဖြင့် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ စစ်ပွဲဖြစ်ရာဒေသသို့ မသင်္ကာစရာ လူစိမ်းများဝင်လာသည့်အတွက် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး ကားလမ်းဖောက်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာများအား မီးရှိူ့ဖျက်ဆီးခြင်းလည်းမရှိကြောင်း ဦးခိုင်သုခကဆက်ပြောသည်။

ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့မှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဖြတ်သန်းပြီး အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးဆောင်ရွက်နိုင်မည့် စီမံကိန်းကြီးတစ်ခုဖြစ်ပြီး အိန္ဒိယအစိုးရ၏ ရံပုံငွေဖြင့် တည်ဆောက်ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းကို မည်သည့်အချိန်၌ ပြန်လည်စတင်နိုင်မည်ကို မပြောနိုင်သေးကြောင်း အကယ်၍ တည်ဆောက်ရေးလုပ်ငန်းကို ပြန်လည်စတင်မည်ဆိုပါက ကာကွယ်ရေးဝန်ကြီးဌာနမှ လုံခြုံရေးယူပေးမည်ဟု ဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

“အဲဒီလမ်းကြောင်းပေါ်မှာ လုံခြုံရေးမကောင်းဘူးဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနကလည်းပဲ ငါးမိုင်ပတ်လည် သုံးမိုင်ပတ်လည်တွေကို လုံခြုံရေးယူပေးမယ်ဆိုပြီး ပြောပါတယ်” ဟု ဝန်ကြီးကပြောသည်။

AA တပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ကလည်း ပလက်ဝမြို့တွင် တည်ဆောက်လျှက်ရှိသော ကုလားတန် မြစ်ကူးတံတားအတွက် အသုံးပြုမည့် သံပေါင်များအပါအဝင် ဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်လာသည့်ရေယာဉ်ကို မီးရှို့ဖျက်စီးခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ သုံးသိန်းကျော်ခန့်တန်ဖိုးရှိ ဆောက်လုပ်ရေးပစ္စည်းများဆုံးရှုံးခဲ့ပြီး ကုလားတန်မြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်းကိုလည်း ယာယီရပ်ဆိုင်းထားခဲ့ရပြီးဖြစ်သည်။

လားနွန်

Leave a Reply