ကော့ကရိတ် – အိန္ဒု လမ်းပိုင်း မပြင်ဆင်နိုင်သေးလျှင် လမ်းတံတားကြေး ကောက်ခံမှု ရပ်ဆိုင်းရန် တင်ပြမည်

ဓာတ်ပုံ - ကရင်ပြည်နယ်လွှတ်တော်

ဘားအံ ဖေဖော်ဝါရီ

ကရင်ပြည်နယ် ကော့ကရိတ် – အိန္ဒု လမ်းပိုင်းကို ပြင်ဆင်နိုင်မှု မရှိဘဲ ဆက်လက်ဆိုးရွားနေပါက ၎င်းလမ်းပိုင်းရှိ လမ်း ၊ တံတားကြေး ကောက်ခံမှုကို ရပ်ဆိုင်းရန် ပြည်ထောင်စုအစိုးရထံ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာက ဖေဖော်ဝါရီ ၇ ရက်တွင်ပြုလုပ်သော ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော် နဝမပုံမှန် အစည်းအဝေး၌ လွတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို တုန့်ပြန်ဖြေကြားစဉ် ယင်းသို့ ပြောသည်။

မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ယင်း လမ်းပိုင်း အဆင့်မြှင့် တင်ရေး စီးမံကိန်းလုပ်ငန်း အကောင်ထည်ဖော်ဆောင်ရွက်နေမှု ရပ်ဆိုင်းထားစဉ်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် ပြင်ဆင်ထိန်းသိမ်း ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးသွားရန်နှင့် အကယ်၍ မဆောင်ရွက်ပေးနိုင်ပါက အဆိုပါလမ်းပိုင်း အတွင်း လမ်း တံတားကြေး ကောက်ခံနေမှုများ ရပ်ဆိုင်းပေးရန် အစီစဉ်ရှိမရှိ မေးခွန်းမေးမြန်းခဲ့သည်။

မေးခွန်းကို ပြည်နယ်ဝန်ကြီး ဦးစောပြည်သာက “လမ်းတံတားကြေး ကောက်ခံမှု ကိုလောလောဆယ် ရပ်ဆိုင်းရန် အစီစဉ်မရှိသေးပါ။ ဘာကြောင့် ဆိုသော် အဆိုပါလမ်းပိုင်း လမ်းတတားအသုံးပြုခ ကောက်ခံရေးစရိတ် လုပ်ငန်းရှင်များမှ ၂၀၁၈ – ၁၉ ဘဏ္ဍနှစ် အတွက် ပြခဲ့သော လေလံကြေးများကို နိုင်ငံတော် အစိုးရသို့ ပေးသွင်းထားသည့် အတွက်ကြောင့် ဖြစ်ပါတယ် ။ ကော့ကရိတ် အိန္ဒု လမ်းပိုင်း ပြင်ဆင်နိုင် မှုမရှိဘဲဆက်လက်ဆိုးရွားနေပါက ၂၀၁၉ – ၂၀၂၀ တွင် ရပ်ဆိုင်းရန် ပြည်ထောင်စု အစိုးရထံ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါလမ်းပိုင်းကို ပြည်နယ်ရန်ပုံငွေဖြင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရန် ရမရ ဆောက်လုပ်ရေး ဝန်ကြီးဌာန နေပြည်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း ၊ ရရှိခဲ့ပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ လမ်း၏ အိန္ဒု-ကော့ကရိတ် လမ်းပိုင်းအား ADB ထံမှ ချေးငွေအမျိုးအစား နှစ်မျိုးဖြစ်သော Asian Development Fund ချေးငွေကာလ ၃၂ နှစ်နှင့် ASEAN Infrastructure Fund ချေးငွေကာလ ၂၀ နှစ် စုစုပေါင်း ကုန်ကျငွေ အမေရိကန်ဒေါ်လာသန်း ၁၂၀ ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ချေးငွေစာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ် ဇန်နဝါရီ ၂၂ ရက်တွင် ပြောဆိုထားသည်။

ကိုးကား – ကရင်ပြည်နယ် လွှတ်တော်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.