ဘားအံ၊ မေ ။       ။ အာရှဖွံ့ဖြိုးရေးဘဏ် ADB ချေးငွေဖြင့် ဖောက်လုပ်မည်ဖြစ်သော   ကော့ကရိတ်-အိန္ဒု အပြည်ပြည်ဆိုင်ရာလမ်းမကြီး စီမံကိန်း ဧရိယာနှင့် မလွတ်သော လယ်၊ မြေ လျော်ကြေးကိစ္စများကို ဆောင်ရွက်နိုင်ရန် အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာကော်မတီ(GRN)ဖွဲ့စည်းထားမှုကို ဒေသခံများနှင့် ရွာ ၂၄ ရွာကော်မတီက လက်မခံကြောင်း တောင်းဆိုလိုက်သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လွန်းညကျေးရွာ၌ မေလ ၁၉ ရက် နံနက်ပိုင်းက မြေပိုင်ရှင်၊ လယ်ပိုင်ရှင်ကို လျော်ကြေးနစ်နာကြေးဆိုင်ရာ  ခေါ်ယူတွေ့ဆုံပွဲတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဒီလမ်းစီမံကိန်းကို မကန့်ကွက်ပါဘူး  သဘောတူပါတယ်၊ လျော်ကြေးနစ်နာကြေးကိစ္စတွေမှာ ကျွန်တော်တို့ အိန္ဒုကနေ ကော့ကရိတ်အထိ ကျေးရွာပေါင်း၂၄ ရွာ ကော်မတီဆိုတာရှိတယ်၊ အဲဒီကော်မတီနဲ့ ADB တာန်ရှိသူ လျော်ကြေးဆိုင်ရာ တာဝန်ရှိသူနဲ့ တိုက်ရိုက် စကားပြောဖြေရှင်းသွားပါမယ့် ဒီကိစ္စတွေကို ဖြေရှင်းဖို့ဖွဲ့စည်းထားတဲ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာကော်မတီ (GRN)ကို အယုံအကြည်မရှိပါဘူး” ဟု သွီးလူထုအခြေပြု လှုမှုကူညီရေးကွန်ရက်ခေါင်းဆောင် မန်းသိန်းဇော်က ပြောသည်။

စီမံကိန်းအတွက် အကြိုကာလ ချင်းမိုင်မြို့နှင့် မဲဆောက်မြို့မှာ ဆွေးနွေးပွဲများပြုလုပ်စဉ်က CSOများပါဝင်ရန်တောင်းဆိုထားကြောင်း၊ ယခုဖွဲ့ထားသောအဖွဲ့တွင် CSO မဟုတ်သူများကို CSOနေရာမှာ ထည့်သွင်းဖွဲ့စည်းထားသည့်အတွက် ဒေသခံများ လျော်ကြေး နစ်နာကြေးဆိုင်ရာများတွင် လွဲချော်မှု ရှိလာနိုင်သောကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုက ကျွန်မတို့ အိမ်ဘယ်တော့ဖျက်ရမလဲ ဘယ်တော့ လာတိုင်းမလဲ ဘယ်တော့လမ်းစဖောက်မလဲ မသိတော့ စိတ်မချမ်းသာဘူး၊ ကော်မတီက ကျေးရွာကော်မတီကလူတွေကလည်း ဘာမှ လာမပြောပြကြဘူး၊ သူတို့ကိုလည်း ယုံကြည်မှု့ကင်းမဲ့လာတယ် လမ်းနယ်တိုင်တွေ အလံတွေတော့ လာစိုက်ထားတယ် လယ်လုပ်ရမှာလား မလုပ်ရတော့ဘူးလားလည်းမသိတော့ဘူး”ဟု ကျုံဒိုးကျေးရွာမှ ဒေါ်နန်းမြင့်က ပြောသည်။

အဆိုပါ လမ်းစီမံကိန်းသည် ယခင်အစိုးရလက်ထက်၂၀၁၅ ခုနစ် စတင်အကောင်အထည်ဖော်ရန် MOU နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သော စီမံကိန်းဖြစ်ပြီး ADB အာရှဖွံဖြိုးရေးဘဏ်ချေးငွေဖြင့် ဖောက်လုပ်မည့် မဟာမဲခေါင် ဒေသအရှေ့အနောက် စီးပွားရေးစင်္ကြန်လမ်းပိုင်း၏ ကော့ကရိတ်-အိန္ဒု   ၆၆ ဒသမ ၄  ကီလိုမီတာ ရှည်လျှားသော လမ်းစီမံကိန်းဖြစ်သည်။

၂၀၁၄ ခုနှစ် လမ်းစီမံကိန်း စိစစ်တိုင်းတာ တွေ့ရှိမှတ်တမ်းတင်ထားမှုများအရ မြေယာသီးပင်စားပင် အဆောက်အအုံ ထိခိုက်နစ်နာသူ ဒေသခံ ၁၀၀ ကျော်ခန့် ရှိနေပြီး ၎င်းတို့လျော်ကြေးနစ်နာကြေးဆိုင်ရာ ကိစ္စများကို ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်၊ စီမံကိန်းတာဝန်ရှိသူအဆင့်၊ ခရိုင်၊ မြို့နယ်၊ရပ်/ကျေးနယ် အဆင့်၊ ဒေသခံနှင့် ဌာနေ အရပ်ဘက် လူမှုအဖွဲ့အစည်းCSOများအဆင့်တို့ အချိုးကျ ပူးပေါင်းဖွဲ့စည်းကာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယခင်ကာလ ဆွေးနွေးပွဲများတွင် သဘောတူညီမှုများရှိခဲ့ကြောင်း သိရသည်။

Written by – ရာဟု(ဖားအံ)

Leave a Reply