ပြည်သူ့ဆေးရုံများတွင် တာဝန်ကျသည့် ဆရာဝန်များဆေးရုံများသို့ အချိန်မီမရောက်ရှိပါကအရေးယူတော့မည် ဖြစ်ကြောင်းယခုလအတွင်းတာဝန်ရှိသူများကစတင်ပြောကြားလိုက်သည်။ ယင်းမှာခေတ်အဆက်ဆက်ကလိုအပ်ချက်များနှင့် ပြည့်နှက်နေသော ပြည်သူ့ဆေးရုံများ၏ ဝန်ဆောင်မှုများယခုအစိုးရလက်ထက်တွင် စတင် ပြောင်းလဲလာမည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်။

hospital

ကျန်းမာရေးဝန်ကြီးဌာနကဖွင့်လှစ်ထားသောဆေးရုံများတွင် ပြည်သူများ၏ ကျန်းမာရေးကိုစောင့်ရှောက်ရေးအတွက် စတင်ပြောင်းလဲလာမည့် ယင်းအစီအစဉ်ကိုကျန်းမာရေးအသိုင်းအဝိုင်းနှင့် ပြည်သူများကကြိုဆိုကြသည်။

အခြေခံလူတန်းစားများအဓိကအားထား၍ ကုသနေရသည့် ပြည်သူ့ဆေးရုံများတွင် တာဝန်ချိန်၌ ဆရာဝန်များအချိန်မှန်မှန်ရှိရမည်ဆိုခြင်းမှာမထောက်ခံစရာအကြောင်းမရှိသည့် ကိစ္စတစ်ခုဖြစ်ကြောင်းဆရာဝန်တစ်ဦးလည်းဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာမင်းစိုးလင်းကဆိုသည်။

“တာဝန်ချိန်မှာဆေးရုံမှာရှိရမယ်”ဟု ၎င်းက ပြတ်ပြတ်သားသားထောက်ခံသည်။
ဆရာဝန်များ ဂျူတီချိန်တွင် အချိန်မှန်ဝင်ရောက်ရန် အတွက် အရေးယူမှုကားလက်ရှိတွင်လည်းလုပ်ဆောင်နေသည့် ကိစ္စရပ်တစ်ခုဖြစ်ပြီးအရေးယူမှုများရှိကြောင်းမော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမောင်မောင်ဇင် က ရှင်းပြပြောဆိုသည်။

” ခံဝန်ချက်လက်မှတ်ထိုးတာတွေရှိပါတယ်။ အဲ့ဒါတွေကိုတော့ စီမံခန့်ခွဲမှုနဲ့ အရေးယူပါတယ်” ဟု၎င်းက ထပ်လောင်းပြောဆိုသည်။

သို့သော် ဆရာဝန်များဂျူတီချိန်မှန်ရေးအပြင် အရေးပေါ်လုပ်ဆောင်ရမည့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကားလွယ်ကူမည့် ကိစ္စရပ်တစ်ခုတော့ မဟုတ်ပေ။
“ဒါကအချိန်ယူပြီးလုပ်ရမယ့်သဘောရှိတယ်”ဟုဒေါက်တာမင်းစိုးလင်းကသုံးသပ်ပြောဆိုသည်။

မပြည့်စုံသည့် အခြေခံအဆောက်အအုံ

ယခင်အစိုးရခေတ်အဆက်ဆက်တွင် ဆေးရုံများတိုးချဲ့တည်ဆောက်ခဲ့သော်လည်းအမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိခဲ့ပေ။
အစိုးရ၏ အချို့ပြည်သူ့ဆေးရုံများတွင် အခန်းမလုံလောက်ခြင်းကြောင့် လူနာများကိုဝရန်တာအစရှိသည့်နေရာများတွင် စောင့်ဆိုင်းနေရခြင်းများပင်ရှိခဲ့ဖူးသည်။

“လူနာမဆံ့ရင် ပလက်ဖောင်းမှာနေနေရတယ်လေ။အမှန်တော့ လူနာဆိုတာအဲ့လိုတော့ မနေသင့်ဘူးလေ” ဟုဆေးရုံများသို့ အရေးပေါ်လူနာများမကြာခဏသွားရောက်ပို့ဆောင်ရလေ့ရှိသည့် မြန်မာနိုင်ငံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မွန်ပြည်နယ်(မော်လမြိုင်)၏ ဥက္ကဋ္ဌ ဦးချိုက ပြောကြားသည်။

အဆောက်အအုံပြဿနာမှာမော်လမြိုင်ဆေးရုံတွင်လည်းရင်ဆိုင်နေရသောကိစ္စတစ်ခုဖြစ်ကြောင်း မြို့ခံများကပြောဆိုသည်။

ညအချိန်ခါများတွင် မီးပျက်ခြင်းများနှင့် မီးလာစဉ်အချိန်တွင်လည်းမှိန်ပြသည့် မီးအလင်းရောင် သာရရှိခြင်းတို့မှာလည်းပြည်သူ့ဆေးရုံများတွင် မကြာခဏရင်ဆိုင်ရနိုင်သည့် အခြေအနေများဖြစ်ပြီးမီး၊ရေအစရှိသည်များဆေးရုံတိုင်းတွင် အလွယ်တကူရရှိနိုင်ရန် အစိုးရကဆောင်ရွက်ပေးသင့်ကြောင်းပုဂ္ဂလိကဆေးခန်းများတွင် ကုသနေသည့် ဆရာဝန်များကပြောဆိုကြသည်။

“တစ်ခါတလေ ကျွန်တော်တို့ လူနာသွားပို့တဲ့ခါကျရင် မှောင်နေတာလည်းဖြစ်မယ်။ မီးကိစ္စကိုလည်းလုပ်ရမယ်” ဦးချိုကထောက်ပြသည်။

ဆေးရုံကြီးတွင်လည်းတစ်ခုခုလုပ်ဆောင်မည်ဆိုပါကရင်ဆိုင်နေရသည့် အဓိက ပြဿနာမှာအဆောက်အအုံ ပြဿနာပင်ဖြစ်ကြောင်းမော်လမြိုင်ဆေးရုံအုပ်ကြီးဒေါက်တာမောင်မောင်ဇင်ကရှင်းပြသည်။

“ငွေကြေးထောက်ပံ့ပေးနိုင်ပြီးစရိတ်သာထောက်ပံ့ပေးနိုင်ရင်တော့ ဆေးရုံကြီးကိုအသစ်ပြန်ဆောက်မယ်။ နိုင်ငံခြားကငှားပြီးဆောက်မယ်” ဟု ၎င်းက လုပ်ဆောင်ချင်သည့်စိတ်ကူးများကိုဖွင့်ဟ သည်။

မပြေမပြစ် ဝန်ဆောင်မှု

အခြေခံအဆောက်အအုံပိုင်းသာမကဝန်ဆောင်မှုအပိုင်းတွင်လည်းလိုအပ်ချက်များရှိနေသည်။
“သန့်ရှင်းမှုလည်းမရှိဘူး။ညစ်ပတ်တယ်” ဟု မော်လမြိုင်မြို့ရှိ၊ကလေးဆေးရုံတွင် မိန်းမဖြစ်သူကလေးမွေးဖွားစဉ်ကရင်ဆိုင်ခဲ့ရသည့် အခြေအနေများကိုဒေါ်လမ်းရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးကစိတ်ပျက်လက်ပျက်ပြောဆိုသည်။

သန့်ရှင်းရေးအားနည်းသည်ဆိုသည်မှာအခြေခံလစာနည်းပါးပြီးတာဝန်ယူရသည့်လုပ်ငန်းများပြားခြင်းကြောင့် လုပ်ကိုင်လိုသည့် ဝန်ထမ်းနည်းပါးမှုနှင့် ရင်ဆိုင်ရသောကြောင့်ဖြစ်ကြောင်းမော်လမြိုင်ဆေးရုံအုပ်ကြီးဒေါက်တာမောင်မောင်ဇင်ကရှင်းပြသည်။

ထိုိ့သို့အခြေအနေတွင် အချို့လူနာများကတက်ရောက်စဉ် ညစ်ပတ်စေသည့် ကိစ္စရပ်များကိုလုပ်ဆောင်ခြင်းများ နှင့်လည်းရင်ဆိုင်ရကြောင်းဆရာဝန်များကပြောဆိုသည်။

“သန့်ရှင်းရေးအားနည်းတယ်၊အားနည်းတယ်။ ကျွန်တော်တို့ကညစ်ပတ်တာမှ မဟုတ်တာလူနာတွေကညစ်ပတ်တာပါ။ လူနာတွေကလာတယ်။ အမှိုက်တွေပစ်ကြ ရေတွေသုံးချင်သလိုသုံးတာတွေရှိတယ်”ဟု ၎င်းက ဆိုသည်။

သန့်ရှင်းရေးကဲ့သို့ ရင်ဆိုင်ရသည့်အခြားပြဿနာတစ်ခုမှာအချို့ အစိုးရပြည်သူ့ဆေးရုံများတွင် ဝန်ထမ်းအချို့မှာလူနာများအပေါ် ဆက်ဆံရာတွင် ချောမွေ့မှုမရှိဘဲအော်ငေါက်ခြင်းများရှိကြောင်းမော်လမြိုင်မြို့၊ သာယာအေးရပ်ကွက် တွင်နေထိုင်သည့် အမျိုးသားတစ်ဦးကပြောဆိုသည်။

ယင်းမှာဆေးရုံများတွင် ဝန်ထမ်းနှင့် လူနာအင်အားမမျှတခြင်းကြောင့် အလုပ်များချိန်များတွင် ဖြစ်ပွားလေ့ရှိသည့် ကိစ္စတစ်ခုဖြစ်ကြောင်းဒေါက်တာမင်းစိုးလင်းကရှင်းပြသည်။

“တာဝန်ကျတဲ့ ဆရာမတွေကအမှန်မှာဝန်နဲ့ အားနဲ့ မမျှဘူး။ သူနာပြုတစ်ယောက်ကအတွင်းလူနာဆို ၄၀ လောက်ရှိတတ်တယ်” ဟု ၎င်းကဆိုသည်။

လူနာအင်အားနှင့်လုံလောက်သည့် ဆရာဝန်၊သူနာပြုနှင့် အခြားဝန်ထမ်းများကိုဆေးရုံတွင်ဖြည့်ဆည်းနိုင်ပါက ယင်းပြဿနာမှာပြေလည်လာနိုင်မည်ဖြစ်ကြောင်း ဆရာဝန်များကပြောဆိုကြသည်။

ထို့အတူဝန်ထမ်းအချို့၏ စိတ်ဓာတ်များကိုလည်း ပြန်လည်ပြုပြင်ပေးရန်လိုအပ်ကြောင်း လူမှုကူညီရေးလှုပ်ရှားသူများကပြောဆိုကြပြီးသန့်ရှင်းရေးအပါအဝင်အခြားကိစ္စရပ်များအတွက် အခကြေးငွေ ကောက်ခံသည့်ပြဿနာမှာလည်း နှစ်ရှည်လများဖက်တွယ်နေသေးသည့် ပြဿနာတစ်ခုဖြစ်နေကြောင်း ထောက်ပြသည်။

အချို့သန့်ရှင်းရေးခများမှာနဂိုကတည်းကရှိနေပြီး အလုပ်သမားများမှာပုံမှန်တာဝန်သာမကအခြားအထွေထွေကိစ္စရပ်များကိုပါ လိုက်ပါလုပ်ဆောင်ရခြင်းကြောင့် ထိုသို့ပြဿနာများပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာမောင်မောင်ဇင်ကရှင်းပြသည်။
“အိမ်သာဆေးတာတို့ဘာတို့ အကြမ်းဖျင်းကစပြီးလုပ်ရတယ်။ သူတို့ကအဲ့မှာခိုင်းနေတယ် ။ တခြားနေရာတွေပါခိုင်းရတယ်။အဲ့လိုမျိုးတွေကောက်တာတွေလည်းရှိပါတယ်” ဟု၎င်းကဆိုသည်။

အခုလက်ရှိတွင်ဝန်ထမ်းများကိုလူနာများအား ကောင်းကောင်းမွန်မွန်ဆက်ဆံရန်ညွန်ကြားပြီး အခကြေးငွေများမပေးအပ်ရန်လည်းဆေးရုံတွင်စာများကပ်ထားကာတိုင်ကြားမှုများပြုလုပ်နိုင်ကြောင်း မော်လမြိုင်ဆေးရုံထံမှ သိရသည်။

“သန့်ရှင်းရေးဝန်ထမ်းလည်းအားနည်းပါတယ်။ လူနာတွေကလည်းစည်းကမ်းရှိမို့လိုတယ်။ ပန်းရန်သမားတစ်ယောက်ကိုခေါ်ပြီးလုပ်ခလစာတစ်ထောင်လောက်ပဲပေးမယ်ဆိုရင်ဘယ်လိုမှမဖြစ်နိုင်ဘူး။ တစ်ခါတလေကျတော့လည်းစုန်းပြူးတွေလည်းရှိမှာပဲ” ဟုဆေးရုံအုပ်ကြီးဒေါက်တာမောင်မောင်ဇင်ကဆိုသည်။

လိုအပ်နေသည့်ဘတ်ဂျက်
ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုဖြစ်သည့် အစိုးရ၏ ဆေးရုံ၊ ဆေးခန်းများကောင်းမွန်လာရေးနှင့် ပြည်သူများကိုထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် အဓိကကျနေသည်မှာဘတ်ဂျက်ပင်ဖြစ်ကြောင်းကျန်းမာရေးအသိုင်းအဝိုင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များကတစ်ညီတစ်ညွတ်တည်းပြောဆိုသည်။

ယခင်ခေတ်အဆက်ဆက်ကအစိုးရ၏ ဘတ်ဂျက်ရရှိမှုနည်းပါးခြင်းနှင့်အတူကျန်းမာရေးဝန်ကြီးဌာန၏ ဆေးရုံဝန်ဆောင်မှုအကောင်အထည်ဖော်မှုများမှာထင်တိုင်းခရီးမပေါက်နိုင်ခဲ့ပေ။

ဆေးရုံများတိုးချဲ့ဆောက်လုပ်ရေး၊စက်ပစ္စည်းများစုံစုံလင်လင်ထားရှိနိုင်ရေးနှင့် မီး၊ရေအစရှိသည့် အခြေခံလိုအပ်ချက်များပြည့်စုံရေးအတွက်လည်းဘတ်ဂျက်လိုအပ်ကြောင်းဆရာဝန်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကဆိုကြသည်။

အထူးသဖြင့် ပြည်သူ့ဆေးရုံများတွင်လုပ်ကိုင်လိုသည့် ဝန်ထမ်းနည်းပါးခြင်းပြဿနာနှင့် လူနာများထံမှ အခကြေးငွေတောင်းခံခြင်း ပြဿနာများဖြေရှင်းရေးအတွက် လိုအပ်နေသည်မှာလည်း ဘတ်ဂျက် ပင်ဖြစ်သည်။

ပြည်သူ့ဆေးရုံများတွင် လုပ်ကိုင်ရသည့်ဆရာဝန်များသည် ပြင်ပပုဂ္ဂလိကဆေးရုံများတွင်လုပ်ကိုင်နေရသည့် ဆရာဝန်များထက် အခြေခံလစာကွာခြားမှုမှာအင်မတန်ကြီးမားနေသည်။

“ကျွန်တော်တို့ဆိုသုံးသိန်းပဲရတယ်။ အပြင်မှာလိုက်လုပ်နေတဲ့ လူတွေထက်တောင်နည်းသေးတယ်။ အထူးကုဆရာဝန်ကြီးတွေဆိုတစ်လမှ နှစ်သိန်းကျော်လောက်ပဲရတယ်” ဟုပြည်သူ့ဆေးရုံများတွင် လုပ်ကိုင်နေသောဝန်ထမ်းများလစာအနေအထားများကိုဆေးရုံအုပ်ဒေါက်တာမောင်မောင်ဇင်ကရှင်းပြသည်။

ယခုနှစ်ဘတ်ဂျက်မှာမူ ပြီးခဲ့သောအစိုးရကရေးဆွဲထားသည်ကိုလုပ်ကိုင်နေရခြင်းဖြစ်ပြီး ဘတ်ဂျက်အသစ်ပြန်ရေးဆွဲချိန်တွင် ပညာရေးနှင့် ကျန်းမာရေးကိုဦးစားပေးလုပ်ဆောင်လာနိုင်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဒေါက်တာမင်းစိုးလင်းကသုံးသပ်သည်။
“အဓိကကတော့ ပညာရေးနဲ့ ကျန်းမာရေးကိုဦးစားပေးလိမ့်မယ် ဖြစ်လာမယ့်အနေအထားပါ”ဟု ၎င်းက ဆိုသည်။
ထို့ပြင်တိုင်းပြည်စီးပွားရေးတိုးတက်လာမှသာလည်းယင်းကဏ္ဍများမှာပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းပညာရှင်များကထောက်ပြကြသည်။

အစိုးရသစ်ကတော့ သက်တမ်းခြောက်လဝန်းကျင်ခန့်ကြာမြင့်သည့်ကာလအတွင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင် မှုအတွက် ဆရာဝန်များ ဂျူတီချိန်မှန်မှန်ဝင်ရေးစတင်လုပ်ဆောင်လာပြီဖြစ်သည်။

ပြည်သူများကယုံကြည်မျှော်လင့်နေကြသောပြည်သူ့ဆေးရုံများ၏ ဝန်ဆောင်မှုများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းမှာလက်ရှိအစိုးရအချိန်ယူလုပ်ဆောင်ရမည့်ကဏ္ဍတစ်ခုဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မင်းစိုးလင်းကရှင်းပြသည်။
“တဖြည်းဖြည်းနဲ့တော့ပြောင်းလာမှာပါ”ဟု၎င်းက ထပ်လောင်းပြောဆိုလေသည်။

Leave a Reply