ထားဝယ်၊ စက်တင်ဘာ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌စက်တင်ဘာလ၂၄ ရက်နေ့တွင် ပြုလုပ်မည့်မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်းလုပ်ငန်းတင်ဒါဖွင့်ပွဲသို့ကျင့်ဝတ်ပိုင်းဆိုင်ရာလိုက်နာမှုမရှိခြင်းကြောင့် ပြင်ပမှ လူများအား ဖိတ်ခေါ်မည် မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

“ပြင်ပမှ လူတွေကို မခေါ်ဘူး၊ မီဒီယာပဲ ခေါ်မယ်၊ အဓိကကတော့ အချို့ကိစ္စတွေမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာမှု မရှိလို့” ဟု ဦးအောင်သူရက ဆိုသည်။

ထားဝယ် မြို့တော်ခန်းမတွင်ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်း လုပ်ငန်းအတွက် သြဂုတ်လ ၂၀ ရက်နေ့က တင်ဒါဖွင့်ပွဲပြုလုပ်စဉ်ယင်းပွဲသို့တက်ရောက်လာသူများကတင်ဒါဖွင့်ဖောက်ချိန်တွင် လက်ခုပ်တီးခြင်း၊ အော်ဟစ်ခြင်းများပြုလုပ်ခဲ့သည်ဟု သိရသည်။

ပုံမှန်အားဖြင့် တင်ဒါကော်မတီက ဆောင်ရွက်နေမှုအားစောင့်ကြည့်ရမည် ဖြစ်သော်လည်း အထက်ပါအတိုင်း ပြုမူခြင်းကြောင့် ယခုမြိတ်လျှပ်စစ်တင်ဒါဖွင့်ပွဲတွင် ပြည်ပမှလူများအားတင်ဒါဖွင့်ပွဲသို့တက်ရောက်ခွင့်မပြုခြင်းဖြစ်သည်။

ထားဝယ်လျှပ်စစ်တင်ဒါဖွင့်ပွဲပြီးချိန်တွင်လည်းအဆိုပါတင်ဒါဖွင့်ပွဲ တက်ရောက်လာသူတို့က တင်ဒါယှဉ်ပြိုင်သည့်PETRO AND TRANS  ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးအား ယင်းတို့ သိလိုသည်များ မေးမြန်းခြင်းများပြုလုပ်ခဲ့သည်ဟုယင်းတင်ဒါဖွင့်ပွဲ တက်ရောက်သူတစ်ဦးက ပြောသည်။

မြိတ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် မြိတ်မြို့နယ်အတွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနေသည့်မြိတ်စိမ်းလန်း စွမ်းအင်ကုမ္ပဏီ၊ မြိတ်အခြေစိုက်ကုမ္ပဏီ(၁)ခု၊ ဖိုးသီးချို ကုမ္ပဏီတို့တင်ဒါယှဉ်ပြိုင်ရန်လျှောက်ထားသည့်အပြင်အခြားဒေသမှကုမ္ပဏီ ၃ ခုမှလည်း တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည်ဟုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးထံမှ သိရသည်။

တင်ဒါများအား စိစစ်ရွေးချယ်ပြီးနောက်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကက်ဘိနက်အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူမည်ဖြစ်ပြီးအတည်ပြုချက် ရရှိသည်နှင့်တစ်ပြိုင်နက်တင်ဒါအောင်မြင်သူအားထုတ်ပြန်ကြေညာပါမည်ဟု တင်ဒါတင်သွင်းသူများလိုက်နာရမည့်စည်းကမ်းချက်တွင် ရေးသားထားသည်။

တင်ဒါအောင်မြင်သည့်ကုမ္ပဏီအနေဖြင့် လျှပ်စစ်ဓာတ်အားစတင်ထုတ်လုပ်မည့်ရက်သည် ဒီဇယ်အသုံးပြု၍ ဓာတ်အားထုတ်လုပ်မည်ဆိုပါက  စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ ထက် နောက်မကျစေရ၊  အခြား အရင်းအမြစ်ဖြင့် ထုတ်လုပ်မည် ဆိုပါက ရက်ပေါင်း ၁၈၀ ထက် နောက်မကျစေရဟု ယင်းတင်ဒါ စည်းကမ်းတွင် ရေးသားဖော်ပြထားသည်။

တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှလုပ်ငန်းမဆောင်ရွက်နိုင်မီအထိ ကြားကာလတွင်မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို မြိတ််စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှ လုပ်ကိုင်မည်ဟု ဝန်ကြီးက ပြောသည်။

ယင်းကုမ္ပဏီအား ဇူလိုင်လမှ စတင်၍ မြိတ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းလုပ်ကိုင်ရန် ယာယီ လုပ်ကိုင်ခွင့်ပြုထားသည်ဟုသိရသည်။

မြိတ်် စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် မြိတ်မြို့၌ လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၄၂၀ကျပ်ဖြင့်ကောက်ခံခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်သည့်လျှပ်စစ်ဓာတ်အားခတစ်ယူနစ်လျှင် ၂၅၀ ကျပ် သုံးစွဲလျက်ရှိချိန်တွင်် ဒီဇယ်ဖြင့် ဓာတ်အားထုတ်လုပ်သည့် မြိတ်မြို့တွင် လျှပ်စစ်သုံးစွဲခ စျေးနှုန်းမြင့်မားခြင်းကြောင့် မြိတ်ဒေသခံများကလူမှုကွန်ရက်ဖေ့ဘုတ်ခ်စာမျက်နှာတွင် ဝေဖန်ပြောဆိုလေ့ ရှိသည်။

လက်ရှိအချိန်မြိတ်မြို့တွင် လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ်သုံးစွဲလျက်ရှိသည်။

တင့်လွင်

Leave a Reply