“ကျနော့်ကို ဓါးနဲ့ထိုးတာ အချက် (၁၀) ချက် ကျော်တယ်၊ ဗိုက်မှာရော ရင်ဘတ် မှာရော၊ နောက်ကျော မှာရော ၊ ကျနော့်ကိုယ်ကိုလည်း သေပြီလို့ ကျနော် ထင်တယ်၊ တော်ပါပြီ အကိုရယ် ၊ မရှိရင် ရွာပြန်ပြီး လယ်ထွန် ကောက်ရိတ် ရင်တောင် ထမင်း တစ်နပ်က ငတ်မှာ မဟုတ်ဘူး၊ ဒီမှာ အလုပ်လုပ် ရတာ အသက်ကို ဖက်နဲ့ ထုပ်ထား ရဲ့ အ ဖြစ်မျိုး နောက်ထပ် မကြံုပါရ စေနဲ့” ဟု ကိုမင်းမင်း (အမည်လွှဲ) က လေးတွဲ့တွဲ့ လေသံဖြင့် တစ်လုံးချင်း ပြောလေ သည်။

(ဓါတ်ပုံ အညွှန်း – ထိုင်းနိုင်ငံရောက် တံငါသည် တဦး၏ ဘဝ)
(ဓါတ်ပုံ အညွှန်း – ထိုင်းနိုင်ငံရောက် တံငါသည် တဦး၏ ဘဝ)

ကျနော်တို့ နှစ်ယောက်ရဲ့ ရှေ့က စားပွဲမှာတော့ စကား တပြောပြောနှင့်သောက်ခဲ့တဲ့ Sponsor အချိုရည် ပုလင်းနှင့် ဆေးလိပ်တိုသို့ သည်သာ ပြာခွက် အတွင်း ဟို တစ်စသည်တစ်စနှင့် ပြန့်ကျဲလို့။

ကိုမင်းမင်း စကားသံ ဆုံးသွား တဲ့နောက် အခန်း ကြီးလည်း တိတ်ဆိတ်သွားသည်။ ညလည်း အတော်နက်ပြီ ၊ (၉) နာရီ ထိုးတော့မည်၊ တစီးတလေ ဖြတ် သွားသော ကားတွေ မှအပပုရစ် အော်သံက ညဦးမှာ လွှမ်းမိုးလို့ ကောင်းဆဲ၊ မဟာချိုင်ရဲ့ ပူပြင်းတဲ့ နွေဦး ညကတော့ခြောက်ခြောက် သွေ့သွေ့နှင့်။ ကျနော့် အား နှုတ်ဆက်ပြီး ကိုမင်းမင်း ပြန်သွား ခဲ့သည်။

တဖြည်းဖြည်း ဝေးကွာသွားသော ကိုမင်းမင်း နောက်ကျောကို မြင်ကွင်းကပျောက်သွားသည် အထိ ငေးကြည့်ရင်း သူ ခုနက ပြောတဲ့ သူ့ရဲ့ ခါးသီးတဲ့ ဘဝ၊ အသက် အန္တရာယ်နဲ့လက်မတင် ကလေး လွတ်လာပုံ တို့ကို မျက်စိ မှိတ်ရင်း တွေးကြည့် နေမိသည်။

ကိုမင်းမင်းကို ကျနော် စသိတာ ၂ ရက်ပဲ ရှိသေးသည်။ အသက် (၂၃) နှစ်ခန့်သာ ရှိသေးသည်။ ကျနော့်ထက် (၃) နှစ် ငယ်သည်။ ရှည်ရှည် သွယ်သွယ် အသား အရည်ဖြူဖြူ လတ်လတ်နှင့်။ ဥပဓိရုပ်က သန့်ရှင်း ကြည်လင်လျက်။

မနက်ဖြန် မြန်မာ ပြည်သို့ ပြန်တော့မယ်။ မပြန်ခင် ရွှေ့ပြောင်းလုပ်သား တွေအတွက် ကျနော်တို့ သူငယ်ချင်းတွေ စု ပြီး စာသင်ပေးနေတဲ့ ကျောင်း (အမှန်က အခန်းကိုငှားပြီး စနေ၊ တနင်္ဂနွေ စာသင် ပေးနေခြင်း ဖြစ်တယ်) အတွက် ဘတ်ငွေ ၅၀၀ လှူသွား ခဲ့သေးသည်။

ညက နက်သထက် နက်လာ ပေမယ့် အတွေးထဲမှာ ကိုမင်းမင်း ပြောတဲ့သူ့ရဲ့ ဘဝ ပုံရိပ် တွေက ကျနော့် အတွေးမှာ ထင်ဟပ် နေဆဲ။

မင်းမင်း ဆိုရင် တရွာလုံး သိကြသည်၊ အဖေ၊ အမေ တွေကို ချမ်းသာသည်။တစ်ဦးတည်းသောသား အလိုလိုက်ခြင်း ခံရသည်။ ဘာလိုလို ပူဆာတာ အကုန်ရ။ ရွာက လူငယ် ကာလသားတွေကြား ဆိုင်ကယ် အလန်းစား အမြဲ စီးသည် ဟု နာမည် ရတဲ့သူ။

ပညာရေး မှာတော့ ဆယ်တန်းက မအောင် ၊ စိတ်လေပြီး ရှမ်းပြည်တက်ဖို့ မိဘကို ပူစာသည်။ အဖေ ၊ အမေက မ လွှတ်ချင်၊ နောက်ဆုံး သားရဲ့ ဆန္ဒကို လိုက်ေ လျာရသည်သာ။ ဒီရောက်တော့ မင်းမင်းက ဗွေထပ်ဖောက် ပြန်သည်။ မောင်နှမ များနဲ့ အတူ အလုပ် မလုပ်ချင်။တစ်ကောင်ထဲ ဖောက်ထွက်၍ လှေလိုက်ရန် ဆင်းလာခဲ့သည်။

“ပထမက ကတော့ လှေလိုက်ရင် နိုင်ငံ အစုံ ရောက်တယ်လေ၊ အတွေ့အကြံုသစ်တွေလည်းရတယ်၊ မရောက်ဖူးတဲ့ နေရာ တွေလည်း ရောက်ရတယ်လေ၊ အဲဒီ အသိစိတ် လေးနဲ့ပဲ လှေဆင်းခဲ့တာ၊ကိုယ့်အသက်ကို အန္တရာယ် ပြုမယ်မှန်း ဘယ်တုန်းကမှ အိမ်မက် မမက်ဖူးဘူး အကိုရယ်” ဟု ခုနလေးတင် မင်းမင်း ပြောတဲ့ စကားကို ပြန်လည် ကြားယောင် နေမိသည်။

လှေဆင်းတော့ လှေကုန်းပတ် တိုက်ရတယ်၊ လှေသန့်ရှင်းရေး လုပ်ရတယ်၊ပိုက်ဆွဲ ရတယ်၊ ငါးတောင်း ၊ ပုဇွန် တောင်း ထမ်းရတယ်၊ အားလုံးခဲ့ ခိုင်း ဖတ် ဖြစ်ခဲ့ ရတဲ့မင်းမင်း။ (၆) နှစ် ကြာတော့ တော်တော် ရင့်ကျက် လာခဲ့ပြီ။ လူမှု ပေါင်းသင်း ဆက်ဆံရေးကိုလည်း အတန်ငယ် နားလည် ခဲ့ပြီ။ တချိန်တုန်းက ပိုက်ဆံ လိုရင် လက်ဝါးဖြန့် တောင်းခဲ့ဖူး သမျှအခု ပိုက်ဆံ ကိုယ်တိုင် ရှာရတော့ ခက်ခဲ့တဲ့ ဘဝရဲ့ ဒုက ္ခတွေကို မင်းမင်း နားလည်စ ပြုလာပြီ။

“ကျနော် ရွာမှာနေပြီး ဒီလို လိမ္မာ ခဲ့မယ် ဆိုရင် အမေတို့ချစ်လိုက်တာမှ တုန်လို့” ဟု ပြောတဲ့ မင်းမင်းရဲ့ စကားသံက ကျနော့် နားထဲ ဝေ့ဝိုက်ကာကြားယောင် မိဆဲ။

ဒီလိုနဲ့ အင်ဒို၊ မလေး ရေပိုင်နက်တွေမှာ ငါးခိုးဖမ်း၊ ရတဲ့ငါးတွေရေခဲရိုက်၊ တစ်လကြာ ၊ နှစ်ပတ် သုံးပတ်ကြာ တစ်ခါ ငါးကဲ့လှေတွေ လာကဲ့ မင်းမင်း တို့ လှေ ကတော့ပင်လယ်ပြင်မှာပဲ ငါးဆက်ဖမ်းဆဲ။

ဒီလိုနဲ့ မင်းမင်း အတွက် ကံဆိုးတဲ့ နေ့တနေ့ကို ယူဆောင်လာတဲ့ဧပြီလကို ရောက်ခဲ့ရတယ်။ ဧပြီဟာ သင်္ကြန်ရဲ့ နွေး ထွေးမှု တွေကို ယူဆောင်ဖို့ ၊ ပိတောက်ရဲ့ သင်းပျံ့တဲ့ မွှေးရနံကို ယူဆောင်ဖို့ မေ့လျော့ ခဲ့လေသလား။

“ကျနော် ကောင်းကောင်း မှတ်မိတယ်၊ ဧပြီလဆန်းပဲ၊ ဒီတစ်ခါကမ်းကပ်ရင် ကျနော် ရွာပြန်ဖို့ ဆုံးဖြတ် ထားပြီးပြီ။ ဒုက္ခ ဆိုတာကြီးကို ကျနော် ကောင်းကောင်း နားလည်ပါပြီ။ ကျနော် မသေခင် အဖေနဲ့ အမေ့ကို လုပ်ကျွှေး ပါရစေ။ အမေနဲ့ အမေ အတွက်လလည်းကျနော် ရှင်ပြု ပေးချင် သေးတယ်” ဟူ၍ မင်းမင်း ပြောသည်။

ထိုနေ့ကား လရောင် မလင်းခဲ့ပေ။ ရေပြင်ကား ပကတိ ဆိတ်ငြိမ်လို့၊တငြိမ့်ငြိမ့် ပေါ်နေတဲ့ စက်လှေရဲ့ အင်ဂျင်က ရေ ပြင်ကို ထိုးခွဲပြီး မဟာချိုင် ကမ်းစပ်ကိုအပြင်း ခုတ်မောင်း နေသည်မှ အပ အရာရာဟာ ပကတိ ငြိမ်သက်လို့။ တစ် ဖက် ပဲ့နင်း ခန်းမှာတော့ပဲ့နင်းနဲ့ စက်ခေါင်းတို့ ဝိုင်းဖွဲ့ သောက်နေသည့် အရက်ဝိုင်းက စကားသံ သည်သာ တစ်ခါတရံတိတ်ဆိတ်မှုကို ခွင်း၍ ထွက်ပေါ် လာတတ်သည်။

မင်းမင်းအိပ်မပျော် ၊ ရွာပြန်ရမည် ဆိုသည့် အသိက မင်းမင်းအားပျော်ရွှင် နေစေမိသည်။ အမေ့အတွက် အင်ဒို၍ လှေ ဆိုက်စဉ် ဝယ်စု ထါးသည့် ထမီစလေးများ၊ အဖေ့အတွက် အမှတ်တရ ပစ္စည်း တွေကို မင်းမင်း ဖွင့်ကြည့်သည်။ မင်း မင်းရဲ့ အိမ်ပြန်မယ့် အတွေးတို့နယ်ချဲ့ နေသည်။

ည (၁) နာရီ ကျော်နေပြီ ၊ ဇွတ်မှိတ်၍ အိပ်ပစ် လိုက်သည်။အိပ်မောမကျ တကျ။

မင်းမင်း မျက်နှာကို ခေါင်းအုံးနှင့် အုပ်ခြင်း ခံရသည်။အသက်ရှူ ကျပ်၍ မင်းမင်းရုန်း လေပြီ။ ထိုင်းစကားဖြင့် “သတ်ပစ်” ဒီကောင်၊ အခြောက်လိုလို၊မိန်းမလျာ လို လိုနဲ့ အရက်မသောက် ဖဲမရိုက်တ ဲ့ကောင်၊ အသေသတ်ဟု” အော်၍ မင်း မင်းကို ဓါးဖြင့်ဝိုင်းထိုးသည်။

မင်းမင်း မျက်စိတွေ ပြာကုန်သည်။ အသက်ရှူလည်း ကျပ်ကုန်သည်။ဗိုက်ထဲကို အချက်ပေါင်း မည်မျှ အထိုးခံရပြီမသိ။ ရှိသမျှ ခွန်အားဖြင့် ဘယ်ရုန်း ညာရုန်းဖြင့် လွှတ်အောင် ရုန်းပေမယ့် အားမတန်၊ မာန်လျော့ရသည်။

သွေးတွေက ဒလဟော တောက်တောက် ကျလျက် ၊ မင်းမင်း အိပ်နေသည့်လှေပေါ်က အခန်းကာ မြင်ရက်စရာ မရှိ။

အတန်ကြာတော့ မင်းမင်း မျက်နှာကို အုပ်ထားသည့် ခေါင်းအုံးအားခွာလိုက်သည်။ မင်းမင်း၏ အသိစိတ်က ရှိနေသည်။ လူက လှုပ်မရတော့။

တစ်ယောက်က မင်းမင်းနှာခေါင်းနား ကပ်၍ အသက်ရှူသံကို နားထောင်သည်။မင်းမင်း အသက် အောင့်ထားသည်။ ထို့နောက်နှလုံးခုန်သည်ကို စမ်းသည်၊ နှလုံးလည်း ယဲ့ယဲ့သာခုန်တော့သည်။ စိတ်ကျေနပ်မှု ရှိမှ ၊ တစ်ယောက်က ခေါင်းကို ကိုင်၍ တစ်ယောက်က ခြေထေါက်ကိုကိုင်ကာ မဟာချိုင် မြစ်ဝသို့ ဝင်နေပြီ ဖြစ်သည့် လှေကြီး ပေါ်မှ ပစ်ချခဲ့သည်။

“ဗွမ်း” ခနဲ့ မြည်သံ နဲ့အတူ တစ်ကိုယ်လုံး စပ်ဖျင်းဖျင်းဖြစ်ကုန်သည်။ သွေးကား မတိတ်သေး ထွက်နေဆဲ၊ ရှိသမျှ အားတို့ကို သုံး၍ တစ်ဖက်ကမ်းသို့ရောက်အောင် အားကုန် သုံး၍ မင်းမင်း ကူးသည်။

တစ်ဖက်ကမ်းတို့ အရောက် လတာပျော့ ပျော့တို့ကို တိုး၍ ခေါင်းကိုပေါ်ရုံသာ ထား၍ ကိုယ်ကို မြုပ်ထားကာ၊ လတာ ပျော့ပေါ်တွင် မင်းမင်း အိပ်ပျော် သွားသည်။ အသိစိတ်တို့လည်းလွှင့်ပါး သွားပြီ။ အချိန်တို့လည်း မင်းမင်း မသိတော့။

“ကျနော့်ကို ဓါးနဲ့ ဝိုင်းထိုး နေချိန်မှာ ကျနော် သေရတော့ မှာလားလို့စဉ်းစား မိတယ်၊ အမေ့အတွက် ရှင်မပြု ရသေး ဘူး၊ ကျနော် ရှင်ပြုရဦးမယ် ဆိုပြီး စိတ်တင်း ထားတယ်အကို၊ အဲဒီနောက် သေပြီ ထင်တော့မှ ကျနော့်ကို လှေပေါ်က ပစ်ချတာ၊ ကံကောင်းတော့ ဘတ်မရှိတဲ့သူကိုပုလိပ် လိုက်ဖမ်းတယ်၊ ထွက်ပြေးပြီး လတာ မှာ လာပုန်း နေသူတွေ ကျ နော့်ကို တွေ့ပြီးကယ်ခဲ့တာ” ဟု မင်းမင်းက ရှင်းပြသည်။

ထို့နေ့ မနက်၌ အဆိုပါ မင်းမင်း အလုပ်လုပ်သည့် လှေကုမ္ပဏီမှလူများ မဟာချိုင် တခွင် ပြဲပြဲစင်အောင် မင်းမင်းအား ရှာပုံတော် ဖွင့်သည်။ ပြသနာက မင်းမင်းရဲ့ အလောင်း မပေါ် သောကြောင့် ဖြစ်သည်။ အလောင်းမပေါ်ရင် မသေဟု ယူဆရသည်၊ မသေရင် သူတို့ မင်းမင်းအားသတ်ဖြတ် ခဲ့မှုနှင့် ပတ်သက်၍ တရားစွဲ ခံရနိုင်သည်။

ကံကောင်း ထောက်မစွာနဲ့ မင်းမင်း တစ်ယောက် (၃) လလောက် ရှောင်တိမ်းကာဆေးကုရင်း ဒဏ်ရာတွေ သက်သာ ခဲ့သည်။ ဓါးနှင့် အထိုးခံ ရတဲ့ ဒဏ်ရာတွေကို အချက်ပေါင်း (၅၀) နီးပါး ချုပ်ရသည်။ ခုနလေးတင် မင်းမင်း ပြတဲ့ သူ့ ကိုယ်ပေါ်က ဓါးဒဏ်ရာတွေကို ကြည့်ရင်းကျနော် ကြက်သီး ထမိတုန်း။

ကျနော့်အား လာတွေ့သည့် နေ့ကား မှတ်မှတ်ရရ မင်းမင်း ဓါးထိုးခံရပြီး (၃) လနှင့် (၂) ရက် မြောက်သောနေ့၊ နောက် နေ့ဆိုရင် မင်းမင်း မြန်မာပြည် ပြန်တော့ မည်။မင်းမင်းတို့ ရွာမှ ကောင်လေး တစ်ယောက် ကျနော်တို့ ကျောင်း မှာ စာ လာသင် နေသည်ကို မင်းမင်းကရောက်ချင်၍ လိုက်လာခြင်း ဖြစ်သည်။

စိတ်ထဲမှာတော့ မနက်ဖြန် ပြန်တော့မည့် မင်းမင်းအား “ဒီလိုအဖြစ်မျိုး ဘယ်တော့မှ နောက်ခါ မကြံုပါရစေနဲ့ ညီလေး ရယ်” ဟု ဆုတောင်းရင်း မနက်ဖြန် မင်းမင်းရဲ့မြန်မာပြည် ပြန်မည့် ခရီးစဉ် ဖြောင့်ဖြူး ပါစေကြောင်း စိတ်မှ မှန်း၍ မင်း မင်း အတွက်ဆုတောင်း နေမိသည်။

(မှတ်ချက် – ဖြစ်ရပ်မှန် တစ်ခုအား အခြေခံ၍ ရေးသား ထားခြင်း ဖြစ်သည်။)

Leave a Reply