ကျန်းမာခြင်းအတွက် ဒိန်ချဉ်တစ်ခွက်

အစာလည်းဆေး၊ဆေးလည်းအစာ

ဒီတစ်ပတ် အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာဖော်ပြပေးမှာကတော့ WH Foods မှ ဖော်ပြချက်အရ ကမ္ဘာ့အကောင်းဆုံးအစားအစာ ၁၀ မျိုးစာရင်းထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒိန်ချဉ်အကြောင်းပဲဖြစ်ပါတယ်။

“ဒိန်ချဉ်”ဆိုတာ ဘယ်နို့တိုက်သတ္တဝါရဲ့ နို့ကိုမဆို အချဉ်ဖောက်ထားတာကို ခေါ်ပါတယ်၊ အဓိကကတော့ နွားနို့ကို အချဉ်ဖောက်ပြီး ရလာတဲ့ ဒိန်ချဉ်ကိုသာစားသုံးကြပါတယ်။ ဒိန်ချဉ်ကို အင်္ဂလိပ်လို“Yogurt” လို့ခေါ်ပြီး ဒိန်ချဉ်အစ ဘူလ်ဂေးရီးယားက လို့ဆိုကြပါတယ်။ဒီနေ့မှာတော့ ကမ္ဘာမှာ ဒိန်ချဉ်မစားတဲ့နိုင်ငံမရှိသလောက်ကိုဖြစ်နေပါပြီ။ လူ့ခန္ဓာကိုယ်ရဲ့အစာခြေစနစ်အတွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေဟာ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ပမာဏရှိဖို့လိုအပ်ပါတယ်။

ဒိန်ချဉ်မှာ လူတွေအတွက်အကျိုးပြုတဲ့ ပရိုတင်းဓာတ်တွေအများကြီးပါ ပါတယ်။သူ့ကို နွာနို့နဲ့ပြုလုပ်တဲ့အတွက် ပရိုတင်းဓာတ်တွေ အများကြီးပါတဲ့အပြင် ကယ်လ်စီယမ်၊ဗီတာမင်ဘီ၂၊ ဘီ၁၂၊ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်လိုမျိုးအဟာရဓာတ်တွေရနိုင်ပါတယ်။ဒိန်ချဉ်တစ်ခွက်မှာ ပရိုတင်း ၂၀ ရာခိုင်နှုန်းလောက်ပါတဲ့အတွက် လူတစ်ယောက်တစ်နေ့တာလိုအပ်နေတဲ့ ပရိုတင်းဓာတ်ကိုဖြည့်တင်းပေးနိုင်ပြီး ဒိန်ချဉ်မှာပါတဲ့ ဘက်တီးရီးယားတွေက ခံတွင်းအနံ့ကိုပျောက်စေကာ၊သွားနဲ့သွားဖုံးကိုကျန်းမာစေပါတယ်။အဲဒီဘက်တီးရီးယားတွေဟာ အစာခြေစနစ်ကိုကောင်းမွန်စေပြီး အူအတွက်အင်မတန်မှပဲကောင်းမွန်တဲ့အတွက် အူမကြီး ကင်ဆာဖြစ်နိုင်ခြေကို ၇၅ ရာခိုင်နှုန်းလောက် လျော့ကျစေတယ်လို့ဆိုပါတယ်။

အမျိုးသမီးတွေ ဒိန်ချဉ်ကိုပုံမှန်သောက်သုံးပေးခဲ့ရင် ခန္ဓာကိုယ်ရဲ့ မလိုလားအပ်တဲ့အဆီပိုတွေကို ကျစေနိုင်ပြီ ဘက်တီးရီးယားတွေက အမျိုးသမီးအင်္ဂါကိုသန့်စင်ပေးနိုင်ကာ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှုဖြစ်တာတွေကိုသက်သာပျောက်ကင်းစေပါတယ်။မှိုပိုးဝင်ရောက်မှုကြောင့်ဖြစ်ပေါ်တဲ့ ယားယံပြီးအဖြူဆင်းတဲ့ ရောဂါတွေကိုလည်း ဒိန်ချဉ်သောက်ရင်ပျောက်ပါတယ်။သွေးဆုံးပြီး ဖြစ်လေ့ရှိတဲ့ သွေးသားကြောင့် အသားအရေပြောင်းလဲမှုကိုလည်း သက်သာစေပါတယ်။အရက်အလွန်အကျွံသောက်သုံးသူတွေအနေနဲ့လည်း ဒိန်ချဉ်ကိုစားသုံးပေးခဲ့မယ်ဆိုရင် အသည်းထိခိုက်မှုကိုလျော့နည်းစေနိုင်ပြီး ညဘက်တွေမှာနှစ်ခြိုက်စွာ အိပ်ပျော်စေမှာဖြစ်ပါတယ်။ပြီးတော့ ဒိန်ချဉ်မှာ Lactoferrin ဓာတ် ၊ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ ပါဝင်တဲ့အတွက် အရိုးပါးရောဂါ ၊

အရိုးပျော့ရောဂါတွေမှ ကာကွယ်ပေးနိုင်ပြီး သက်ကြီးရွယ်အိုတွေမှာဖြစ်တတ်တဲ့ အရိုးပွရောဂါကိုလည်း သက်သာစေပါတယ်။ဒိန်ချဉ်ကိုသောက်ရင် ပရိုဘိုင်အိုတစ်တွေဖြည့်ပေးတဲ့အတွက် ပြင်ပကရောဂါတွေဖြစ်တဲ့ တိုက်ဖွိုက်ပိုးတွေ၊ဝမ်းကိုက်ရောဂါပိုးတွေ၊ဝမ်းလျှောစေတဲ့ အီကိုလိုင်းပိုးတွေကို ဟန့်တားပေးနိုင်ပါတယ်။အသည်းနဲ့သရက်ရွက်ကိုရောက်ရင် ခုခံအားစနစ်ဖြစ်တဲ့ သွေးဖြူဥတွေ၊ ရောဂါပိုးကို တိုက်ခိုက် သတ်ဖြတ်ပေးနိုင်မယ့်ဆဲလ်တွေ၊ဗိုင်းရပ်စ်တွေ မဝင်လာအောင် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ Interferon လိုဓာတ်ပစ္စည်းတွေကိုထွက်စေနိုင်ပါတယ်။ဒါတွေသာမက ဒိန်ချဉ်ဟာ အသားအရေအတွက်လည်း အထူးကောင်းမွန်တဲ့သဘာဝဆေးတစ်လက်ဖြစ်ပါတယ်။သူ့ကို မကြာမကြာ ပုံမှန်စားသုံးပေးသွားရင် ဝက်ခြံပျောက်တယ်၊အရွယ်တင်နုပျိုတယ်၊အသားအရေစိုပြေတယ်၊ဆံနွယ်အားကောင်းပြီး ဆံပင်ကျွတ်ခြင်းကလည်း ကာကွယ်ပေးပါတယ်။ တစ်နေ့ကို အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ် နှစ်ခွက် သောက်ရုံနဲ့ သွေးတိုးနိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ဒါတွေအပြင်အစားအစာနဲ့ ဓာတ်မတည့်သူများ ကိုလည်း သက်သာစေပြီး ပန်းနာရင်ကြပ်၊ နမိုးနီးယား အဆုတ်ရောင်ရောဂါ၊ ထိပ်ခတ်နာနဲ့နှင်းခူ ရောဂါကိုလည်း သက်သာစေပါတယ်။ သူ့မှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေကြောင့်အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိစေနိုင်မှာဖြစ်ပါတယ်။

အနှစ်ချုံ့ပြီးပြောရရင် ဒိန်ချဉ်ဟာ အင်မတန်မှဆေးဖက်ဝင်တဲ့အစာဖြစ်ပြီး အသက် ၂ နှစ်ကနေ အသက်ကြီးသည်အထိ ကျား/မ အရွယ်သုံးပါးမရွေး စားသုံးနိုင်ကာ ကျန်းမာရေးအကျိုးပြုတဲ့သက်စောင့်ဆေးတစ်ခုအနေနဲ့ပဲဖြစ်ဖြစ် ၊အဆာပြေ စားသုံးတာပဲဖြစ်ဖြစ် ဆောင်ထားသောက်သုံးသင့်ပါကြောင်းအကြံပြုလိုက်ပါရစေ။

ဖိုးဝဇီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.