ကျန်းမာရေးကောင်းသူတွေရဲ့ အကျင့်ကောင်း ငါးခု

အလေ့အထတွေဟာ ကြာရင် အလေ့အကျင့်တွေ ဖြစ်လာပါတယ်။ ကျန်းမာရေးကောင်းဖို့အတွက် အလေ့အထကောင်းတွေကို အလေ့အကျင့်အဖြစ် စွဲမြဲလာသည်အထိ မွေးမြူဖို့ လိုအပ်ပါတယ်။ အလေ့အကျင့်ကောင်းတွေလို့ ဆိုတဲ့အခါမှာလည်း အထူးတလည် ကြိုးစားလုပ်ယူနေဖို့ မလိုဘဲ လွယ်လွယ်ကူကူ မွေးမြူလို့ရတဲ့ အပြုအမူလေးတွေ ရှိပါတယ်။

ဒီလိုအခြေခံအချက်တွေနဲ့တင် ကျန်းမာရေးကို အနည်းနဲ့အများ အထောက်အကူပြုစေမယ် ဆိုရင်တော့ ဒီအကျင့်ကောင်းလေးတွေအတိုင်း လိုက်လုပ်သင့်ပါတယ်။

၁. ရေဘူးသယ်သွားခြင်း။

ရေသောက်ခြင်းက အသားအရေအတွက် ကောင်းသလို၊ အစာခြေဖျက်နိုင်စွမ်း နဲ့ ရောဂါကာကွယ်နိုင်စွမ်းတွေအပြင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ တော်တော်များများအတွက် ကောင်းမွန်ပါတယ်။ ဒါကြောင့် သွားလေရာ ရေဘူးသယ်သွားပြီး ရေသောက်ပေးတာက ကျန်းမာရေးကောင်းစေဖို့ အထောက်အပံ့ပေးမှာပါ။ အမျိုးသားတွေ အနေနဲ့ တစ်နေ့ကို ရေ 2.6 လီတာ သောက်သင့်ပြီး အမျိုးသမီးတေကတော့ 2.1 လီတာ သောက်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေသူတွေဆိုရင်တော့ ဒီ့ထက်ပိုသောက်ပေးဖု့ိ လိုအပ်ပါတယ်။

၂. အစားအသောက်ဆင်ခြင်ခြင်း။

အလုပ်တွေရှုပ်ပြီး အချိန်မရတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အပျင်းပြေပဲဖြစ်ဖြစ် အဆာပြေစာတွေ စားတတ်ကြပါတယ်။ များသောအားဖြင့် အာလူးကြော်၊ ကြက်ကြော်တွေလို ဆီစိမ်ပြီး ကြော်ထားတာတွေ၊ အချိုများတဲ့ အစားအစာတွေနဲ့ လမ်းဘေးစာတွေ အစရှိတဲ့ အစားအစာတွေဟာ အလွယ်တကူ ရရှိနိုင်တာကြောင့် အစားများကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ ကျန်းမာရေးကို တော်တော်လေး ထိခိုက်စေတာမို့ ရှောင်သင့်ပါတယ်။ ကျန်းမာရေးကောင်းသူတွေဟာဆိုရင် ကိုယ်တိုင်လုပ်ထားတဲ့ စားစရာတွေနဲ့ အိမ်မှာ စနစ်တကျ ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကိုသာ စားကြတာများပါတယ်။

၃. လေ့ကျင့်ခန်းလုပ်ရန်အချိန်ပေးခြင်း။

မနက်အစောပိုင်းတွေမှာ စောစောထပြီး လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးအတွက် အရမ်းအထောက်အကူပြုပါတယ်။ မနက်အစောပိုင်း နေရောင်ခြည်နဲ့ထိတွေ့ရင်း လေကောင်းလေသန့်ရှူရှိုက်နိုင်တဲ့အပြင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အတွက် သက်ရှည်ကျန်းမာစေတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ ကျန်းမာတဲ့သူတွေဟာ အနည်းဆုံးတော့ မနက်စောစောထပြီး လမ်းလျှောက်လေ့ရှိကြပါတယ်။

၄. ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်း။

သူများတွေနဲ့ယှဉ်ပြီး ပိန်တယ်၊ ဝတယ် လို့ ခံစားနေရတာတွေဟာ တကယ်တော့ ကျန်းမာရေးမလိုက်စားသေးလု့ိပါ။ ကိုယ့်ရဲ့စားသောက်နေထိုင်မှုပုံစံကို ဂရုတစိုက်ပြင်ဆင်ထားမယ်ဆိုရင် ကိုယ့်ကိုယ့်ကိုယ် ယုံကြည်ချက်ပြီးသားဖြစ်တာမို့ သူများနဲ့ယှဉ်နေစရာမလိုတော့ပါဘူး။ တခြားသူတွေနဲ့ လိုက်ယှဉ်စရာမလိုတော့တဲ့အခါ ပိုပြီး စိတ်ချမ်းသာကျေနပ် ရပါလိမ့်မယ်။ စိတ်ချမ်းသာတဲ့အခါ ကိုယ်ကျန်းမာခြင်းနဲ့ပါ ပြည့်စုံလာမှာ အမှန်ပါပဲ။

၅. အိပ်ရေး၀၀အိပ်ခြင်း။

ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတွေထဲမှာ ပျော်စရာအကောင်းဆုံး တစ်ခုကတော့ အိပ်ရေး၀၀အိပ်ရတာပါပဲ။ တစ်နေ့ကို ၈ နာရီ အိပ်ရေးဝနေရင် ဦးနှောက်ကြည်လင်ပြီး နှလုံးခုန်နှုန်းမှန်စေတာကြောင့် ကျန်းမာရေးအတွက် အိပ်ရေးဝခြင်းက အရေးကြီးပါတယ်။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.