Advertisements

ဒီတစ်ပတ် အစာလည်းဆေး၊ ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးမှာကတော့ သရေစာအဖြစ်လည်းစားလို့ရ ၊ကျန်းမာရေးအတွက်လည်းကောင်းတဲ့ စပျစ်သီးအကြောင်းပဲဖြစ်ပါတယ်။

စပျစ်သီးဟာ သေးငယ်တဲ့ အသီးလေးများနဲ့ အသီးအတွင်းမှာ အစေ့ငယ်သေးသေးလေးများပါရှိပြီး ချိုမြိန်တဲ့အရသာကို ပေးစွမ်းနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အသီးသီးတဲ့အခါမှာလည်း အနည်းဆုံး ၁၅ ခိုင်ကနေ အခိုင်ရာနဲ့ချီ သီးလေ့ရှိပြီး အရောင်အသွေးအနေနဲ့ ခုနစ်မျိုးအထိရှိတယ်လို့သိရပါတယ်။

စပျစ်သီးကို ရှေးလူတွေ သဘာဝအတိုင်းပေါက်နေရာကနေ မျိုးယူပြီး ကိုယ်ပိုင်ဥယျာဉ်ခြံနဲ့ စတင်စိုက်ပျိုးခဲ့တာ နှစ်ပေါင်း ၆ဝဝဝ ကနေ ၈ဝဝဝ လောက်ရှိပြီးဖြစ်ပါတယ်။

Advertisements
data-language="en"

စပျစ်သီးမှာ ဗီတာမင် အေ၊ စီ၊B6 နဲ့ ဖောလိတ် ဓာတ်များစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံ ဓာတ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီလီနီယမ် စတဲ့သတ္တုဓာတ်များစွာလည်း ပါဝင်ပါတယ်။

သူ့မှာ Antioxidants ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ အစေ့မှာ ပိုမိုပါဝင်ပြီး အသားအရေအတွက် အများကြီး အသုံးဝင်တဲ့အတွက် တချိုတွေက အစေ့ပါစားလေ့ရှိကြပါတယ်။ စပျစ်သီးဟာ ဝက်ခြံဖြစ်စေတတ်တဲ့ ဘက်တီးရီးယားများကို ခုခံပေးနိုင်ပြီး အခြားသောအရေပြားပြဿနာများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ စစ်တမ်းတစ်ခုက ထုတ်ပြန်ထားပါတယ်။

အလားတူဆေးသုတေသီများကလည်း စပျစ်သီးကိုစားသုံးပေးခဲ့ရင် အလင်းကို ပြန်လည်တုံြ့ပန်တဲ့ ဆဲလ်များကို အားကောင်းစေပြီး မျက်စိရောင်ရမ်းမှုကို လျော့ကျစေကာ မျက်စိကျန်းမာရေးအတွက်ကောင်းတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စပျစ်သီးဟာ ခန္ဓာကိုယ်အတွင်းက ဆဲလ်များပျက်စီးစေမှုကို လျော့ပါးစေပြီး ကင်ဆာအမျိုးအစားအချို့နဲ့ နှလုံးရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပါတယ်။

စပျစ်သီးမှာပါတဲ့ အန်သိုဆိုင်ယာနင်နဲ့ ပရိုအန်သိုဆိုင်ယာနင်တို့ဟာ ကင်ဆာကြီးထွားမှု မဖြစ်အောင် တားဆီးပေးပါတယ်။

စပျစ်သီးစားသုံးတဲ့အတွက် ဦးနှောက်အတွင်း သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဦးနှောက်က ပေါ်လာတဲ့ အကြောင်းအရာကို တုံ့ပြန်မှုက ပိုမိုမြန်ဆန်လာစေပြီး အယ်ဇိုင်းမားရောဂါကဲ့သို့သော ဦးနှောက်နှင့်ပတ်သက်တဲ့ ရောဂါများကိုလျှော့ချပေးနိုင်ပါတယ်။ ဦးနှောက်အတွင်းက မကောင်းတဲ့ ဓာတ်များကိုလည်း ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့အတွက် ဦးနှောက်စွမ်းရည်တိုးတက်စေမှာဖြစ်ပါတယ်။

စပျစ်သီးကိုနေ့စဉ်စားပေးခဲ့ရင် ဒူးနာကျင်မှုဒဏ်ကို သက်သာစေမှာဖြစ်ပြီး၊မြန်ဆန်၊သွက်လက်၊ပေါ့ပါးစေမှာဖြစ်ပါတယ်။ စပျစ်ဟာ ပန်းနာ ရင်ကျပ်ရောဂါ ကုသရေးမှာ အသုံးဝင်သလို အဆုတ်ထဲက အစိုဓာတ်ကိုလည်း အားကောင်းစေပါတယ်။ ပြီးတော့ အစာခြေဖျက်မှုအတွက် လိုအပ်တဲ့ အင်ဇိုင်းဓာတ်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရောင်ရမ်းမှုဖြစ်ပွားခြင်းကို ဆန့်ကျင်ပေးပါတယ်။

နောက်ထပ်နှလုံးကျန်းမာရေးကိုလည်းမြှင့်တင်ပေးပြီး အခြားခန္ဓာကိုယ်အတွင်းဖြစ်စဉ် အချို့ကို လည်း ပြန်လည်ပြုပြင်ပေးပါတယ်။ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာရှင်တွေအနေနဲ့ စပျစ်သီးမှည့် ဖျော်ရည်ကို ရေမရောဘဲ မနက်အစောပိုင်းမှာ သောက်ပေးသင့်ပါတယ်။ စပျစ်သီးဖျော်ရည်ဟာ ခန္ဓာကိုယ်ထဲက သံဓာတ်ပမာဏကို ဖြည့်တင်းပေးတဲ့အတွက် ညောင်းညာပင်ပန်းမှုကိုလည်း ကာကွယ်ပေးပါတယ်။ အမည်းရောင် စပျစ်သီးဖျော်ရည်က စွမ်းအင်ကို ချက်ချင်းရရှိစေမှာဖြစ်ပါတယ်။ သူ့မှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။

စပျစ်သီးဟာ သွေးထဲက နိုက်ထရစ်အက်စစ်အဆင့်ကို တိုးစေတဲ့အတွက် သွေးခဲမှုကိုကာကွယ်ပေးနိုင်ပြီး၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ပြီးတော့ သူ့မှာပါတဲ့ အင်တီအောက်ဆီးဒင့်က မကောင်းတဲ့LDL ကိုလက်စထရောရဲ့ အောက်ဆီဂျင်နဲ့ဓာတ်ပေါင်းမှု (ဓာတ်ပေါင်းမှုကြောင့် သွေးကြောပိတ်စေနိုင်ပါတယ်) မဖြစ်အောင် ကာကွယ်ပေးပါတယ်။ စပျစ်သီးမှာ ဩဂဲနစ် အက်စစ်၊ သကြားနဲ့ ဆဲလ်လူးလို့စ် ပါဝင် တာကြောင့် ဝမ်းချုပ်ခြင်းက ကာကွယ်ပေးပြီး၊ဝမ်းမှန်မှန်သွားစေပါတယ်။အစာမကြေတဲ့ဝေဒနာကိုလည်း သက်သာစေပါတယ်။ ပြီးတော့ စပျစ်သီးက ယူရစ်အက်ဆစ်များတာကို လျော့ကျစေပြီး၊ဆီးကနေ အက်စစ်ထွက်နှုန်းတိုးစေတဲ့အတွက် ကျောက်ကပ်ရောဂါကို ကာကွယ်ပေးပါတယ်။

ဒါ့ကြောင့်မို့ စပျစ်သီးကို ယိုထိုးလို့ပဲစားစား၊စပျစ်ခြောက်ပဲလုပ်လုပ်၊ ဝိုင်အဖြစ်ပဲသောက်သောက်၊ နည်းမျိုးစုံ အကျိုးသက်ရောက်တဲ့အတွက် သရေစာသာမက ဆေးဝါးတစ်ခုအဖြစ်ပါ မှီဝဲကြပါစို့လား။

ဖိုးဝဇီ

Leave a Reply