Advertisements

မော်လမြိုင် အောက်တိုဘာ

သထုံမြို့နယ် လိပ်အင်းရပ်ကွက် ဝါးတောလမ်းရှိ ဒေါ်ဌေးဌေး နေအိမ်တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများနှင့် ဆက်စပ်ပစ္စည်းများကို စက်တင်ဘာ ၂၄ ရက် ည ၇ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်က ဟင်္သာမီဒီယာသို့ ပြောသည်။

“သထုံခရိုင် ဒုစရိုက်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့နဲ့ ကျွန်တော်တို့ မြို့မရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ လိပ်အင်းရပ်ကွက်မှာရှိတဲ့ ဒေါ်ဌေးဌေးရဲ့ နေအိမ်အခန်းတစ်ခုအတွင်းကနေ တစ်သောင်းတန်ငွေစက္ကူအတု ၁၂,၅၄၅ ရွက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်”ဟု ၎င်းကပြောသည်။

သတင်းအရ သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဒေါ်ဌေးဌေး၏ နေအိမ်တွင် ရောက်ရှိတည်းခိုနေသော ဇော်မင်းနိုင်(ခ) ကိုဇော် ၏ အခန်းအတွင်းမှ ငွေစက္ကူအတု ၁၂၅၄၅ ရွက်နှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်အပြင် ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအစစ် ၃ ရွက်၊ ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူကို မိတ္တူတစ်ခြမ်းကူးထားသည့် A4 စာရွက် ၂၂၀ ရွက်၊ မိတ္တူ ၂ ဖက်ကူးထားသည့် A4 စာရွက် ၉ ရွက်၊ ကာလာပရင်တာ ၁ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် MYANMAR စာတန်းပါ မိုလောင်းထားသည့် ခဲပြားကပ်ထားသော ဖိစက် ၁ ခု၊ စက္ကူဖြတ်စက် ၁ ခု၊ ပရင်တာဆေးရည် ၄ ဗူး၊ ပလပ်စတစ်တိတ်ခွေ ၂ ခွေ၊ Safeguard ၁ ခု၊ မီးကြိုးခွေ ၁ ခွေ၊ ပေတံ ၁ ချောင်း၊ ကော်ဗူး ၃ ဗူး၊ ရေစာတံဆိပ်တုံး ၂ ခု၊ ခဲမို ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ ခါးပတ်အိတ် ၁ လုံးနှင့် ဖုန်း ၃ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇော်မင်းနိုင်ဆိုသူမှာ လွန်ခဲ့သော ၁ လခန့်မှစ၍ အဆိုပါအိမ်တွင် ရောက်ရှိ တည်းခိုခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းထံသို့ သထုံမြို့နယ် အလံတစ်ရာကျေးရွာနေသူ ဘိုလေး(စိစစ်ဆဲ) ရောက်ရှိလာပြီး ယင်းအခန်းအတွင်း၌ ငွေစက္ကူအတုများအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ဌေးဌေး ( ၅၀ နှစ်)၊ ဇော်မင်းနိုင် (၄၆နှစ် ၊ ပဲခူးတိုင်းဒေသကြီး မိုးညှင်းမြို့နယ် ထိန်တောကျေးရွာနေသူ) နှင့် ဘိုလေးတို့ ၃ ဦးကို သထုံမြို့မရဲစခန်းတွင် (ပ) ၇၉၅/ ၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/ ၁၀၆/ ၁၀၇ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူ ဒေါ်ဌေးဌေးနှင့် ဇော်မင်းနိုင်တို့ကို တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဘိုလေးဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် လိုက်လံစုံစမ်းလျက်ရှိကြောင်း စခန်းမှူးက စက်တင်ဘာ ၂၈ ရက်တွင် ဟင်္သာမီဒီယာသို့ ပြောသည်။

ခေတ်မင်း

Advertisements
<

Leave a Reply