မွန်ပြည်နယ်အတွင်းမှ ခုနစ်ဦးအပါအဝင် ထိုင်းနိုင်ငံရှိလုပ်ငန်းများတွင် ရောင်းစားခံထားရသူ ၂၁ ဦးကိုဇူလိုင်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ddd

ပြန်လည်လွှဲပြောင်းပေးခံရသူများသည် ပင်လယ်ငါးဖမ်းလုပ်ငန်း၊မုန့်ဖုတ်လုပ်ငန်းနှင့် ပြည့်တန်ဆာလုပ်ငန်းများတွင် အသီးသီးလုပ်ကိုင်ခဲ့ကြရပြီးအသက်မပြည့်သေးသူခုနစ်ဦးပါဝင်နေသည်။

ထိုင်းနိုင်ငံတွင် ပန်းရံလုပ်ကိုင်ရန် မော်လမြိုင်မြို့မှ ပွဲစားကတစ်ဆင့် သွားရောက်ခဲ့သော်လည်းငါးဖမ်းစက်လှေ များတွင် ရောင်းစားခံခဲ့ရခြင်းဖြစ်ကြောင်းချောင်းဆုံမြို့တိုးချဲ့အရှေ့ဘက်ခြမ်းတွင်နေထိုင်သည့် အသက် ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးက သူရောင်းစားခံလိုက်ရသည့် အခြေအနေကိုရှင်းပြသည်။

“ဟိုရောက်တော့ ထိုင်းနိုင်ငံကလှေ ပွဲစားဆီဘတ် ၁၈ဝဝဝနဲ့ ရောင်းစားလိုက်တယ်လေ”ဟု ၎င်းက ပြန်ပြောင်းပြောပြသည်။
ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးအရေးယူမှုများပြုလုပ်နေသော်လည်း ပြည်ပသို့ လူသားများကိုကုန်ပစ္စည်းသဖွယ်တရားမဝင်အရောင်း၊အဝယ်ပြုလုပ်နေသည့် လူကုန်ကူးမှုမှာမပပျောက်နိုင်သေးဘဲဝယ်လိုသူလုပ်ငန်းရှင်များနှင့် ပွဲစားလုပ်ပေးသူများကကျန်ရှိနေသေးသည်။

တိုင်းပြည်၏ ပြောင်းလဲမှုများတွင် ဆင်းရဲမွဲတေမှု၏ နောက်ဆက်တွဲပြဿနာဖြစ်သောလူကုန်ကူးမှုပပျောက်ရေးလုပ်ဆောင်ရန်မှာအရေးကြီးလိုအပ်နေပြီး မြန်မာနိုင်ငံအပေါ်အမေရိကန်နိုင်ငံကပင် ဖိအားပေးလာသည့်အထိကြီးထွားလာသောကိစ္စရပ်တစ်ခုဖြစ်နေသည်။
အမေရိကန်နိုင်ငံကဇွန်လ ၃၀ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော၂၀၁၆ ခုနှစ်အတွက် လူကုန်ကူးမှုနှင့် ပတ်သက် သောအစီရင်ခံစာတွင် မြန်မာနိုင်ငံကိုလူမှောင်ခိုကူးမှုအဆိုးရွားဆုံးကျူးလွန်မှုများဖြစ်ပွားနေသည့် နိုင်ငံများစာရင်းအဆင့် ၃ သို့ထည့်သွင်းခဲ့သည်။
ယင်းသို့ထည့်သွင်းသတ်မှတ်ခံရမှုနှင့်ပတ်သက်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် တိုးမြှင့် ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတကာမိတ်ဖက်များနှင့်ပူးပေါင်း၍ ကြိုးပမ်းဖြေရှင်းမည်ဖြစ်ကြောင်းလက်ရှိအစိုးရကတုံ့ပြန် ကြေညာထားသည်။
ရောင်းစားခံရမှု
မြန်မာနိုင်ငံမှ ရောင်းစားခံရသူအများစုမှာတရုတ်နှင့်ထိုင်းနိုင်ငံများသို့ အများဆုံးဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့ အစည်းအချို့က ထုတ်ပြန်ထားသည်။
ယင်းသို့ ပြည်ပသို့လူကုန်ကူးခံရမှုများတွင် နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်လိုခြင်းကအဓိက ပြဿနာရပ်တစ်ခုဖြစ်နေကြောင်းအရပ်ဘက်အဖွဲ့အစည်းလှုပ်ရှားသူများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ဆိုကြသည်။

ပြည်တွင်း၌ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းနှင့် အိမ်နီးချင်းနိုင်ငံများ၌ ရရှိသောလုပ်ခလစာများမှာ ပြည်တွင်းထက် ပိုမိုများပြားသည်ကိုမက်မော၍ အဆိုပါ နိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ကြရာမှ လူကုန်ကူးမှုများပေါ်ပေါက်လာခြင်းဖြစ်သည်။

ကျိုက်မရောမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က “အခုကတည်းကမဟုတ်ပါဘူး။ ၁၉၉၅ခုနှစ်လောက်ကတည်းက နိုင်ငံခြားကနေလူကုန်ကူးမှုစဖြစ်တယ်၊ အဲ့တာကထိုင်းနိုင်ငံခေတ်စားတဲ့အချိန်ပေါ့”ဟုရှင်းပြပြောဆိုသည်။

ယင်းအချိန်များကအလုပ်လုပ်ကိုင်ရန် ခိုးသွားခဲ့ရပြီးတရားဝင်မဟုတ်သေးဘဲပွဲစားများက နိုင်ငံခြားတွင် အလုပ်အကိုင်အခွင့်အလမ်းပေါ်သည်ဟုဆိုကာခေါ်ဆောင်ရာတွင် အချို့သောသူများမှာစိတ်ဆန္ဒစော၍ လိုက်သွားရာမှ လူကုန်ကူးခံရခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

နိုင်ငံကူးလက်မှတ်များဖြင့် တရားဝင်သွားလာနိ်ုင်သည့်ကာလတွင်လည်းထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ခြင်းမှာ ပြည်တွင်း၌လုပ်ကိုင်ခြင်းထက် လစာအခွင့်အလမ်းပိုမိုကောင်းမွန်ခြင်းကြောင့် နိုင်ငံခြားသို့သွားရောက်လုပ်ကိုင်နေသူများပြားနေဆဲဖြစ်သည်။
၂၀၁၄ ခုနှစ်အတွင်းထုတ်ပြန်ခဲ့သောကုလသမဂ္ဂရွှေ့ပြောင်းသွားလာမှုဆိုင်ရာအဖွဲ့၏ ထုတ်ပြန်သောကိန်းဂဏာန်းများအရထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၂ ဒသမ ၃ သန်းခန့်ရှိပြီးထက်ဝက်ခန့်ကသာတရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိနေသည်။

ထိုသို့သွားရောက်လိုသူများတွင်လူကုန်ကူးသူများကကျေးလက်ဒေသများရှိပညာအရည်အချင်းနိမ့်ပါးသူများနှင့် အယုံလွယ်သူများကိုစည်းရုံး၍ ငါးဖမ်းစက်လှေများ၊ပြည့်တန်ဆာလုပ်ငန်းများ နှင့် စက်ရုံအလုပ်ရုံများတွင် ရောင်းချနေခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

ဆိုးရွားနေတဲ့ အခြေအနေ

ယခုကာလတွင်တော့ နိုင်ငံခြားတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည်မှာဖက်ရှင်တစ်ခုကဲ့သို့ပင် ဖြစ်နေသည်အထိမွန်ပြည်နယ်အပါအဝင် အခြားမြန်မာနိုင်ငံအတွင်းရှိဒေသအသီးသီး၌ တွင်ကျယ်နေပြီဖြစ်သည်။

“အသက်ငယ်ငယ်တွေကထိုင်းကိုသွားရမယ့် ပုံစံကဖက်ရှင်တစ်ခုလိုဖြစ်နေတယ်၊ ဥပမာကလေးဆိုလို့ ရှိရင် ဆယ်တန်းဖြေပြီးတာနဲ့အောင်စာရင်းမထွက်သေးဘူးထိုင်းဘက်ကိုသွားပြီ” ဟု မွန်အမျိုးသမီးကွန်ရက် ဦးဆောင်ကော်မတီအဖွဲ့ဝင်မိလဝီဟန်ကရှင်းပြသည်။
ယင်းသို့တွင်ကျယ်လာခြင်းနှင့်အတူလူကုန်ကူးမှုပြဿနာမှာရှိနေမည့်အခြေအနေဖြစ်နေသည်။

“လွယ်လင့်တကူသွားလို့ရတဲ့အနေအထားဆိုတော့ ဒီကိစ္စတွေကဆက်ရှိနေမှာပဲ” ဟု မိလဝီဟန်ကပြောဆိုသည်။

အမျိုးသမီးများကလည်း နိုင်ငံခြားသို့သွားရောက်လုပ်ကိုင်ရန်စဉ်းစားလာပြီးပွဲစားများပြောကြားသည်ကိုအလွယ်တကူယုံကြည်၍ လိုက်ပါကြသည့်အခြေအနေကြောင့်လည်းလူကုန်ကူးခံရမှုများရှိနေဆဲဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူမင်းအောင်မွန်ကထောက်ပြပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့က နိုင်ငံတကာသတင်းများတွင်ရေးသားဖော်ပြခဲ့ကြရာတွင်မူ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်သောစာရင်းအရ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် လူကုန်ကူးခံရသူရှစ်သိန်းကျော်ရှိကြောင်းရေးသားထားသည်။

ယင်းရှစ်သိန်းကျော်တွင် အမျိုးသားဦးရေမှာ ၄၂ ရာခိုင်နှုန်း၊အမျိုးသမီး ၃၈ ရာခိုင်နှုန်းနှင့် အရွယ်မရောက်သေးသည့်ကလေး ၂၀ ရာခိုင်နှုန်းပါဝင်နေပြီးအများစုမှာဝေးလံခေါင်ဖျားသည့် ဒေသနှင့် ကျေးရွာများမှဖြစ်ကြပြီးငါးဖမ်းလှေများ၊ တရားမဝင် လိင်လုပ်သားများနှင့် စက်ရုံများတွင် အများဆုံးလုပ်ကိုင်ကြရကြောင်းအထက်ပါ သတင်းတွင် ရေးသားဖော်ပြထားသည်။

အိမ်နီးချင်းနိုင်ငံများထက် ဆင်းရဲနိမ့်ကျနေခြင်း၊တရားဥပဒေစိုးမိုးမှုအားနည်းနေမည်ဆိုပါကလူကုန်ကူးမှုမှာပပျောက်ရန် မလွယ်ကူဘဲဆက်လက် ရင်ဆိုင်နေရမည့်ပြဿနာတစ်ခုဖြစ်နေကြောင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လှုပ်ရှားသူများကဆိုကြသည်။

တိုင်းပြည်၏ စပ်ကူးမတ်ကူးကာလတွင် လူကုန်ကူးမှုနှင့်ပတ်သက်၍ ထိရောက်သည့်ပြောင်းလဲမှုများကိုမတွေ့မြင်သေးသော်လည်းနောက်ပိုင်းတွင် ဥပဒေများနှင့် သေချာကြပ်မတ်၍ပြတ်ပြတ်သာသားလုပ်ဆောင်ရန် အစီအစဉ်များရှိကြောင်းမွန်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်သူဦးအေးမင်းဟန်ကသုံးသပ်ပြောဆိုလေသည်။

“ကိုယ့်ပြည်သူတွေ တခြားနိုင်ငံမှာကျွန်သွားလုပ်နေရတယ်၊အပင်ပန်းခံနေရတယ်ဆိုတော့ ဒါထိခိုက်မှု နစ်နာတာပဲ။လူမှုစွမ်းအားတွေ ဆုုံးရှုံးတာပဲ၊ ဒါကိုအတတ်နိုင်ဆုံးကာကွယ်တားဆီးသွားရမှာပဲ”ဟု ၎င်းကဆိုလေသည်။

ဖမ်းဆီးရုံနဲ့မရ

လူကုန်ကူးခံရသူများပြားခြင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသွားရောက်လုပ်ကိုင်သူများပြားလာခြင်းတို့ကြောင့် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်များဆုံးရှုံးကြောင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများကဆိုကြသည်။

ရောင်းစားခံရသူများသည် ထိခိုက်ခံစားရခြင်းသာမကတိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်ကိုပါ ဆုံးရှုံးစေသည့်အတွက် လူကုန်ကူးမှုပပျောက်ရေးမှာအရေးကြီးလိုအပ်နေပြီးအစိုးရကလည်းကြိုးပမ်းဖြေရှင်းမည်ဖြစ်ကြောင်းကြေညာထားသည်။

“ဌာနတွေကတော့ နည်းဥပဒေနဲ့အညီတားမြစ်တာအရေးယူတာမျိုးရှိသလိုလူထုဘက်ကလည်းအာမခံချက် မရှိတဲ့ ဒီလိုအလုပ်ကိစ္စရပ်မျိုးကိုလည်းလက်လွတ်စပယ်ယုံကြည်ပြီးတော့ လိုက်ပါသွားတာမျိုးကိုလည်းသတိထားသင့်တယ်”ဟုမွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကပြောဆိုသည်။

လက်ရှိတွင် တရားမဝင်လူကုန်ကူးမှုများနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူမှုများလည်းပြုလုပ်နေပြီးရဲတပ်ဖွဲ့ဝင် များကိုစွမ်းရည်မြှင့်ခြင်းများအပြင် ဒေသခံများကိုပညာပေးခြင်းများလည်းလုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းသို့ ပညာပေးခြင်းနှင့်လူကုန်ကူးသူများကိုဖမ်းဆီးခြင်းများကိုထိထိရောက်ရောက်လုပ်ဆောင်သင့်ပြီး ပြည်တွင်း၌လည်း နိုင်ငံသားများကိုအလုပ်အကိုင်အခွင့်အလမ်းများအကောင်အထည်ဖော်ပေးနိုင်မှ လူကုန်ကူးမှုပပျောက်နိုင်မည်ဖြစ်သည်။

“ပပျောက်စေချင်တယ်ဆိုလို့ရှိရင် လူကုန်ကူးမှုလုပ်နေတဲ့သူတွေကိုအရေးယူရုံတင်မကဘဲနဲ့ ပြည်သူလူထုရဲ့ အလုပ်အကိုင်တွေများပြားလာအောင်လုပ်ပေးရမှာပေါ့”ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူဦးအေးမင်းဟန်ကရှင်းပြပြောဆိုသည်။

ယင်းအချက်ကိုကျိုက်မရောမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူမင်းအောင်မွန်ကလည်းထောက်ခံပြောဆိုပြီးရွှေ့ပြောင်းလုပ်သားများလျော့ကျရေးအတွက်လည်းပညာတတ်လူငယ်များအတွက် အလုပ်အကိုင်များဖန်တီးပေးရန်လိုအပ်သည်ဟု ဖြည့်စွက်ပြောဆိုသည်။

ထို့အတူဝင်ငွေများကိုလုံလုံလောက်လောက်သုံးစွဲနိုင်ရန် ကုန်ဈေးနှုန်း မြင့်တက်မှုမဖြစ်ပွားစေရေးနှင့် ငြိမ်းချမ်းရေးရရှိရေးတို့အတွက်လည်းလုပ်ဆောင်ရမည် ဖြစ်ကြောင်းပညာရှင်များကထောက်ပြ ပြောဆိုကြသည်။

အမေရိကန်ပြည်ထောင်စု၏ လူကုန်ကူးမှုဆိုင်ရာတွင် မြန်မာနိုင်ငံကိုလူမှောင်ခိုကူးမှုအဆိုးရွားဆုံး ကျူးလွန်မှုများဖြစ်ပွားနေသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းလိုက်ပြီးချိန်တွင်တော့ အစိုးရကယင်းပြဿနာပပျောက်အောင်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

လက်ရှိအစိုးရအဖွဲ့ကိုဖွဲ့စည်းထားသည့် NLD ပါတီမှ အမျိုသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူဦးအေးမင်းဟန်ကလူကုန်ကူးမှုပပျောက်ရေးအတွက် မူဝါဒများပြောင်းလဲရန် အစီအစဉ်များရှိပြီးအစိုးရနှင့်ပြည်သူအားလုံးဝိုင်းဝန်းကြိုးစားရမည်ဖြစ်ကြောင်းထပ်လောင်းပြောဆိုသည်။

ယင်းအပြင် ၎င်းက” နိုင်ငံကိုတိုးတက်အောင်လုပ်ဖို့ကတစ်နှစ်၊နှစ်နှစ်နဲ့ ဘယ်လွယ်မလဲ၊ အားလုံးကြိုးစားရမှာပေါ့၊ အဲ့တာဆိုရင်တော့ လူကုန်ကူးမှုကတော့ လျော့ကျသွားမှာပါ”ဟုဆိုလေသည်။

Leave a Reply