Advertisements

လွတ်လပ်သောအာရှအသံတွင် ထုတ်လွှင့်ခဲ့သည့် ထိုစကားဝိုင်းပါ ၎င်း၏ပြောဆိုချက်များကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အပြည့်အစုံမဟုတ်ဘဲ ထုတ်နုတ်သုံးစွဲဝေဖန်ခြင်း ဖြစ်သည်ဟု ဦးယုလွင်အောင်က ပြောသည်။

ဖြိုးသီဟချို Myanmar Now

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကျားဖောင်လုပ်ငန်းခွင်အတွင်း ညှဉ်းပန်းနှိပ်စက်မှုများကို ထောက်ခံနေသည်ဆိုသည့် ဝေဖန်မှုများကို လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ငြင်းဆန်လိုက်သည်။

Advertisements
data-language="en"

ကျားဖောင် ရေလုပ်သားများ၏ အခြေအနေနှင့် ပတ်သက်ပြီး လွတ်လပ်သောအာရှအသံ(RFA) သတင်းဌာန (မြန်မာပိုင်း) က နိုဝင်ဘာ ၃၀ ရက်က ကျင်းပသည့် စကားဝိုင်းတစ်ခုတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ပြောကြားချက်များကို လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ဝေဖန်ခဲ့ပြီးနောက် ယင်းကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုနေ့က ထုတ်လွှင့်ခဲ့သည့် “ပင်လယ်ပြင်ထဲက ဖြေရှင်းရမယ့် လူ့အခွင့်အရေး” စကားဝိုင်းတွင် ဦးယုလွင်အောင်က ဆွေးနွေးရာတွင် ဧရာဝတီတိုင်းရှိ ကျားဖောင်များတွင် အလုပ်လုပ်သည့် ရေလုပ်သားများမှာ ဒေသမျိုးစုံမှ ရောက်ရှိလာသူများဖြစ်ပြီး၊ ပိုက်ဆံသာလိုချင်ပြီးအလုပ်မလုပ်သည့်အခါတွင် လုပ်ငန်းထုတ်ကုန်မီအောင် လုပ်ကိုင်ရသည့်အတွက် ဖောင်ဦးစီးက စိတ်တိုပြီး ရိုက်နှက်မိမည်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ထိုစကားရပ် အပေါ်တွင်ဝေဖန်ခံရခြင်းဖြစ်သည်။

“… ပိုက်ဆံက ပေးထားပြီးပြီ ကြိုတင်ငွေက လေး၊ ငါး၊ ခြောက်သိန်း ပေးထားပြီးပြီအလုပ်က မလုပ်ဘူး။ အပေါ်မှာ အိပ်နေတယ်ဆိုတော့ ပြဿနာတော့ ရှိပြန်ရော” ဟု ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ၎င်းပြောဆိုသည့် စကားလုံးကို အပြည့်အစုံမဖော်ပြပဲ ထုတ်နှုတ် သုံးစွဲသွားခြင်းဖြစ်ကြောင်း၊ ကျားဖောင်များပေါ်တွင် ဖြစ်ပွားခဲ့သည့်နှိပ်စက်ညှင်းပန်းမှုများကို ၎င်းအနေဖြင့် ထောက်ခံပြောဆိုခဲ့ခြင်း မဟုတ်ဘဲ ဖြစ်ပေါ်နေသည့် အခြေအနေကိုသာ ရှင်းလင်းပြခြင်း ဖြစ်ကြောင်း ပြောသည်။

“ အဲဒီမှာကျွန်တော်ပြောလိုက်တာက ဖြစ်နေတဲ့ ဖြစ်စဉ်ကို ကျွန်တော်ပြောပြတာ။ ကျွန်တော်က ဒါကို အားပေးတယ်လို့ တစ်ခွန်းမှာ ကျွန်တော်မပြောဘူး။ ဒီလိုလုပ်တာမှန်တယ်လို့လဲ ကျွန်တော် မထောက်ခံဘူး” ဟု ၎င်းကပြောသည်။

နိုင်ငံတော်အဆင့် လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးက ထိုသို့ ပြောကြား ခဲ့ခြင်းကြောင့် အံ့ဩတုန်လှုပ်မိသည်ဟု ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့်အဖွဲ့ ‘ညီမျှခြင်းမြန်မာ’ အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

ရိုက်နှက်ခြင်းဆိုသည်မှာ နှိပ်စက်ခြင်းသာဖြစ်ပြီး မည်သည့် အခြေအနေမျိုးတွင်မှကျူးလွန်ခြင်းမပြုလုပ်ရန် နိုင်ငံတကာ သတ်မှတ်ထားကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များမှာလူ့အခွင့်အရေး စိတ်ဓာတ်နှင့် နှလုံးသားရှိသူများဖြစ်ရန် လိုအပ်ကြောင်း ပြောသည်။

“အလုပ်သမားတွေက ပျင်းရင် ရိုက်သင့်ရင်လည်း ရိုက်ရမှာပေါ့ဆိုပြီး ပြောကြားချက်မျိုးက လူ့အခွင့်အရေး အရေးကြီးတဲ့ နိုင်ငံတော်အဆင့် ကော်မရှင်မှာ တာဝန်ထမ်းဆောင်နေတဲ့ လူတွေက လူ့အခွင့်အရေးကို သေသေချာချာ လက်ခံယုံကြည်တဲ့စိတ်ဓာတ်မရှိဘူးဆိုတာ အထင်အရှားတွေ့နိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ဝေဖန်ခံနေရသည့် လူ့အခွင့်အရေးကော်မရှင်၏ သက်တမ်းမှာလည်း ပြီးခဲ့သည့်စက်တင်ဘာလတွင် သက်တမ်းကုန်သွားပြီဖြစ်၍ ထပ်မံဖွဲ့စည်းသည့် ကော်မရှင်သစ်တွင်လွတ်လပ်ပြီး တရားမျှတသည့် ကော်မရှင် တစ်ရပ်ဖြစ်ပေါ်လာရန် လိုအပ်သည်ဟု ပြည်သူများကြား လွတ်လပ်စွာ ပြောဆိုခွင့်ရရှိနိုင်ရန် လှုပ်ရှားနေသည့် ရန်ကုန် အခြေစိုက် အသံအဖွဲ့မှ ကဗျာဆရာ မောင်ဆောင်းခက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးကထိုသို့ ပြောဆိုခဲ့သည့် အပေါ်တွင် အံ့ဩမိကြောင်း၊ လူ့ဂုဏ် သိက္ခာအရ မည်သူ့ကိုမှ ရိုက်နှက်ခွင့်မရှိကြောင်း၊ သက်ဆိုင်ရာ အလုပ်သမား ဥပဒေဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်းမှတ်ချက်ပြုသည်။

“လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် တစ်ယောက်က ပြောတဲ့ စကား ဆိုတာ ဟုတ်ပါ့မလားလို့တောင် ထင်မိတယ်” ဟု ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာကော်မတီ အဖွဲ့ဝင် အိမ်မဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာကပြောသည်။

ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်းရှိ နောက်မီး၊ ခါးပြတ်၊ ဒေါ်ညိမ်း၊ ကုလားထိပ်၊ ချောင်းဝ၊ဘုန်းကြီးသောင် ကျေးရွာများတွင် ပင်လယ်ပြင်ကျားဖောင်များဖြင့် ငါးဖမ်းထွက်ခြင်းကိုအကြီး အကျယ် လုပ်ကိုင်နေကြသည်။

ထိုကျားဖောင်များသို့ရောက်ရှိလုပ်ကိုင်နေသည့် ရေလုပ်သားများမှာ လူကုန်ကူးခံရခြင်း၊နှိပ်စက် ညှဉ်းပန်းခံရခြင်းများ ရှိနေပြီး မြန်မာနိုင်ငံ၏ ငရဲခန်းတစ်ခုဟုပင် သတင်းမီဒီယာများက တင်စားခေါ်ဝေါ်ကြသည်။

ဒဂုံ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းသည် ပြီးခဲ့သည့် အောက်တိုဘာလတွင်အမျိုးသမီး တစ်ဦး၏ ခေါ်ဆောင်မှုဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ငါးဖမ်းကျားဖောင်များတွင် ခိုင်းစေရန် လူကုန်ကူးခံခဲ့ရပြီး ပင်လယ်ပြင်တွင် တစ်လခွဲခန့်ကြာအောင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသည်။

ထို့နောက် မိသားစုက ငွေကျပ် ခုနစ်သိန်းဖြင့် ပြန်လည်ရွေးယူခဲ့ပြီး ပြန်လည်လွတ်မြောက်လာခဲ့ပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး ၎င်း၏ အဖြစ်အပျက်ကို ပြန်လည် ပြောပြခဲ့ရာမြန်မာ့ ပင်လယ်ပြင်ပေါ်ရှိ ကျားဖောင်များပေါ်တွင် လူကုန်ကူးမှုနှင့်နှိပ်စက်ညှဉ်းပန်းမှုများမှာ ပြည်သူလူထုအကြား စိတ်ဝင်စားစရာ အကြောင်း အရာ တစ်ခုဖြစ်လာခဲ့သည်။

ထိုကျားဖောင်များပေါ်တွင် အလုပ်လုပ်ကိုင်နေရသည့် ရေလုပ်သားများ၏ လူ့အခွင့်အရေးချိုးဖောက် ခံရမှုများအပေါ် ပြည်သူအများက စိတ်ဝင်တစား စောင့်ကြည့်နေချိန်တွင် လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် တစ်ဦးက ထိုသို့ပြောကြားလိုက်သည့် အပေါ်တွင် ဝေဖန်ခံနေရခြင်းဖြစ်သည်။

Leave a Reply